ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် BBC အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်တို့ကို စစ်ကောင်စီက ပုဒ်မသုံးခုဖြင့် ဖမ်းဆီးအမှုဖွင့်

 2564

Iris (NP News) - သြဂုတ် ၂၀
ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် သတင်းထောက် ဒေါ်ထက်ထက်ခိုင်တို့ကို မတရားအသင်းဆက်သွယ်မှုအပါအဝင် ဥပဒေပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရားစွဲဆိုထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်သည်။

ဦးစည်သူအောင်မြင့်နှင့် ဒေါ်ထက်ထက်ခိုင်တို့ကို စစ်ကောင်စီဘက်က ဖမ်းဆီးသွားပြီဆိုသောသတင်းများ လွန်ခဲ့သော သုံးရက်ခန့်ကတည်းက ထွက်ပေါ်လာခဲ့ပြီးနောက် သြဂုတ်လ(၂၀)ရက်တွင် စစ်ကောင်စီဘက်က တရားဝင်အသိပေးထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ ထုတ်ပြန်ချက်အတွင်း၌ VOA သတင်းဌာနနှင့် Frontier Myanmar သတင်းဌာနများသို့ တပ်မတော်ကိုဝေဖန်ဆန့်ကျင်သည့် သတင်း နှင့် ဆောင်းပါးများ ရေးသားပေးပို့ခြင်း၊ လူမှုကွန်ရက်စာမျက်နှာတွင် Sithu Aung Myint အမည်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဝေဖန်သည့်ဆောင်းပါး များ၊ နိုင်ငံ့ဝန်ထမ်းများ CDM ပြုလုပ်လာစေရန် စည်းရုံးလှုံ့ဆော်သည့် စာသားများ၊ အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည့် NUG/CRPH တို့ကို ထောက်ခံရေးသားသော အကြောင်းအရာများ၊ ပြည်သူလူထု အထင်အမြင်လွဲမှားစေနိုင်သည့် အခြား မဟုတ်မမှန်သတင်းများ၊ နိုင်ငံတော်မှ အောင်ဘာလေထီရောင်းချခြင်းကို ပြည်သူလူထု အသိအမြင်လွဲမှားစေရန် လှုံ့ဆော် ရေးသားခြင်းများ ဆောင်ရွက်ခဲ့ကြသည့် VOA နှင့် Frontier Myanmar သတင်းဌာနတို့၏ ပင်တိုင်ဆောင်းပါးရှင် အောင်ဆန်း(ခ)စည်သူအောင်မြင့် အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှု ဖွင့်လှစ်ထားရှိကြောင်း ဆိုသည်။ ယင်းကဲ့သို့ အမှုဖွင့်လှစ်ထားရှိပြီးနောက် အောင်ဆန်း(ခ)စည်သူအောင်မြင့်နှင့် BBC သတင်းဌာန အလွတ်တန်းသတင်းထောက် ထက်ထက်ခိုင်တို့ကို ဩဂုတ်လ ၁၅ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံရိပ်မွန်အိမ်ရာ၊ တိုက်(၁၂)၊ အခန်း(၉)၌ အတူတကွ ခိုအောင်းနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးရမိသူ အောင်ဆန်း(ခ)စည်သူအောင်မြင့် နှင့် ထက်ထက်ခိုင်တို့ အား စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် မတ်လ(တတိယပတ်)မှစ၍ ကမ္ဘာအေးဘုရားလမ်းရှိ ရွှေဂုံရိပ်မွန် အိမ်ရာ တိုက်ခန်း၌နေထိုင်ကာ သတင်းမီဒီယာနှင့် ဝါဒဖြန့်ချိရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြကြောင်း ထွက်ဆိုသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်သည်။ ထက်ထက်ခိုင်အနေဖြင့်လည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ထားရှိသော တရားခံ အောင်ဆန်း(ခ)စည်သူအောင်မြင့်အား ၎င်း၏ နေအိမ်တွင် ပုန်းရှောင်နေနိုင်ရန် လက်ခံထားရှိခြင်း၊ NUG မှ နေ့စဉ်ထုတ်လွှင့်သော Federal FM တွင် Volunteer အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းများဆောင်ရွက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ယင်းဖြစ်စဉ်များကြောင့် ဖမ်းဆီးရမိသူ အောင်ဆန်း(ခ)စည်သူအောင်မြင့်ကို ယခင်အမှု ဖွင့်လှစ်ထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) တို့ဖြင့်လည်းကောင်း၊ ထက်ထက်ခိုင်ကို မတရားအသင်းနှင့် ဆက်သွယ်ဆောင်ရွက်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Related news

© 2021. All rights reserved.