ဂါဇာဒေသရှိ ဟားမက်စ်အုပ်စုတွေကို အစ္စရေးတိုက်လေယာဉ်တွေ ဗုံးကြဲတိုက်ခိုက်

 1213

ဂျန်ဇက်(NP News) - သြဂုတ် ၂၂
အစ္စရေး- ပါလက်စတိုင်းနယ်စပ်ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးတိုက်လေ ယာဉ်တွေဟာ သြဂုတ် ၂၁ ရက်နေ့က ဂါဇာဒေသရှိ ဟားမက်စ် စစ်သွေးကြွအုပ်စုတွေရှိတဲ့နေရာတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က အတည်ပြုပြောကြားခဲ့ပါတယ်။

နယ်စပ်ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားချိန်အတွင်း အစ္စရေးစစ်သား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ ပါလက်စတိုင်းလူမျိုး ၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ပါလက်စတိုင်းလွတ်မြောက်ရေးကို ထောက်ခံသူ အုပ်စုတွေနဲ့ ဟားမက်စ်စစ်သွေးကြွ အဖွဲ့ကို ထောက်ခံသူ ပူးပေါင်းပြုလုပ်တဲ့ ဆန္ဒပြပွဲစဉ်အတွင်း အစ္စရေးလုံခြုံ ရေးတပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဒဏ်ရာရတာတွေဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေလပိုင်းတုန်းက အစ္စရေး- ပါလက်စတိုင်းတို့ ၁၁ ရက်ကြာဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေကို မကျေနပ်တဲ့ အတွက် ပါလက်စတိုင်းတွေ ဆန္ဒပြခဲ့ကြောင်း၊ ပါလက်စတိုင်း ရာချီဟာ ဂါဇာကမ်းမြောင်ဒေသ၊ နယ်စပ်ဒေသမှာ စုရုံးဆန္ဒပြခဲ့ပြီး ဆန္ဒပြသူအချို့ဟာ နယ်စပ်ဒေသ အတားဆီးတွေကို ကျော်ဖြတ်ကာ အစ္စရေး စစ်တပ်ကို ပေါက်ကွဲစေတဲ့အရာတွေနဲ့ ပစ်ပေါက်တာမျိုးတွေရှိခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ဆိုပါတယ်။

ပါလက်စတိုင်းဘက်က ဒဏ်ရာရသူတွေအနက် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင်၂ ဦးမှာ စိုးရိမ်ရတဲ့အခြေအနေမျိုးရှိပြီး ကျောကုန်း၊ လက်တွေနဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။
အစ္စရေးစစ်ဘက်ဟာ နယ်စပ်ဒေသရှိ စစ်သားတွေနဲ့ ပစ်ခတ်ခံရတာတွေနဲ့ပတ်သက်ပြီး ပါလက်စတိုင်းကို တုံ့ပြန် တိုက်ခိုက်ခဲ့ရာ ဂါဇာဒေသရှိ ဟားမက်စ်အဖွဲ့ပိုင်ဆိုင်တဲ့ လက်နက်ထုတ်ရေးအဆောက်အဦး၊ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ပြောပါတယ်။

အဆိုပါဗုံးကြဲ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုအရေအတွက် ကို အသေးစိတ်သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ လက်ရှိအချိန်မှာ အစ္စရေးစစ်ဘက်ဟာ ဂါဇာ နယ်စပ်ဒေကို အစ္စရေးတပ်ဖွဲ့တွေ ထပ်မံစေလွှတ်ခဲ့တဲ့အပြင် နယ်စပ်ဒေသမှာ Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်တွေ ပိုမိုဖြန့်ချထားတယ်လို့သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.