ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး ယုံကြည်ကြိုးပမ်းသူများနှင့် ပူးပေါင်းမည်ဟု ပြည်သူ့ပါတီ ကြေညာ

 1093

Iris (NP News) - သြဂုတ် ၂၃
အနာဂတ်နိုင်ငံတော်အတွက် နိုင်ငံရေးသဘောတူညီချက်တစ်ခု ပေါ်ပေါက်စေရန်ကြိုးစားမှုတွင် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးကို ယုံကြည်ကြိုးပမ်းသောအင်အားစုများနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ပြည်သူ့ပါတီက နှစ်ပတ်လည်သဘောထားကြေညာချက်တွင် ထည့်သွင်းထုတ်ပြန်လိုက်သည်။

၂၀၁၈ ခုနှစ် သြဂုတ်လ(၂၃)ရက်တွင် စတင်တည်ထောင်ခဲ့သော ပြည်သူ့ပါတီအနေဖြင့် ၂၀၂၁ ခုနှစ်တွင် သုံးနှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ပါတီသုံးနှစ်ပြည့်နှစ်ပတ်လည်အတွက်အချက်(၉)ချက်ဖြင့် အသိပေးထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်သော အသိပေးချက်များအဖြစ် စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးတို့အတွက် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဟု ခိုင်မာစွာယုံကြည်ကြောင်းလည်း ဖော်ပြထားသည်။ ၈၈ အရေးတော်ပုံမှတစ်ဆင့် လက်ရှိအချိန်အထိ နိုင်ငံရေးသဘောတူညီချက်ခိုင်မာစွာ မရရှိခဲ့ခြင်းက နိုင်ငံရေးပဋိပက္ခများကို ဆက်လက်ဖြစ်ပွားစေခြင်းဖြစ်ကြောင်း၊ ၂၀၂၁ လူထုလှုပ်ရှားမှုသည်လည်း ခေတ်အဆက်ဆက်က အာဏာရှင်စနစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခြင်းအဖြစ် ဆင့်ကဲပေါ်ပေါက်လာခြင်းမျိုးဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်းများ ရပ်တန့်စေလိုကြောင်း တိုက်တွန်းထားသည်။ ယင်းအပြင် ဖမ်းဆီးထားသူများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်းနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းတောင်းဆိုသည်ဟု ဆိုသည်။ မြန်မာနိုင်ငံရှိ ပြသနာအားလုံး၏အခြေခံမှာ နိုင်ငံရေးပင်ဖြစ်ပြီး ပြည်သူပါတီအနေဖြင့် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံရေးသဘောတူညီချက် ရရှိစေရေးအတွက် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် ယုံကြည်ကြိုးပမ်းသော အင်အားစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖြစ်ပွားနေဆဲ ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်၍လည်း စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီထောက်ပံ့နိုင်စေရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်းကောင်း၊ အာဆီယံအဖွဲ့အစည်းနှင့်လည်းကောင်း အမြန်ဆုံးပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုသည်ဟု ထည့်သွင်းကြေညာထားသည်ကို တွေ့ရသည်။

Related news

© 2021. All rights reserved.