အစာမစားဘဲ အချိန်အကြာဆုံးနေနိုင်သည့် တိရစ္ဆာန်များ

1577
ဝတီ (NP News) - သြဂုတ် ၂၆
လူတွေအတွက်ကတော့ ဥပုသ်စောင့်ချိန်ကလွဲလို့ နေ့တိုင်းလိုလို မစားမဖြစ်စားနေရတာဆိုတော့ အစာမစားဘဲ အကြာကြီးနေနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ တိရစ္ဆာန်အများစုလည်း ဒီလိုပါပဲ။ ဒါကြောင့်လည်း သူတို့ဟာလူတွေလိုပဲ ဝမ်းရေးအတွက် နေ့တိုင်းလှုပ်ရှားရုန်းကန်နေကြရပါတယ်။ ဒါပေမဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ ဘဝဟာလူသားတွေထက် အများကြီးခက်ခဲကြမ်းတမ်းတယ်ဆိုတာကို လေ့လာကြည့်ရင် အလွယ်တကူသိနိုင်ပါတယ်။ အင်မတန်ခက်ခဲကြမ်းတမ်းပြီး အစာရေစာရှားပါးတဲ့ နေရာတွေမှာဆို တိရစ္ဆာန်တွေဟာ အသက်နဲ့ ရင်းပြီးတော့တောင် အစာရှာကြရပါတယ်။ လူသားနဲ့တိရစ္ဆာန်အများစုဟာ ဇီဝဖြစ်စဉ် မြန်ဆန်ကြတဲ့အတွက် နေ့တိုင်းလိုလို မဖြစ်မနေအစာစားနေကြရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အစာလုံးဝမစားဘဲ လနဲ့ချီ၊ နှစ်နဲ့ချီ နေနိုင်တဲ့တိရစ္ဆာန်တချို့ရှိပါတယ်။ ဒါကြောင့် ဒီလိုထူးထူးဆန်းဆန်းအစွမ်းရှိတဲ့ တိရစ္ဆာန်တွေက ဘယ်တိရစ္ဆာန်တွေလဲ၊ သူတို့တွေ အစာမစားဘဲ ဘယ် လောက်ကြာ ကြာနေနိုင်ကြလဲ၊ ဘယ်လိုကြောင့် အဲဒီလိုအကြာကြီး နေနိုင်ကြတာလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
အိမ်မွေးကြောင် (Domestic cat)
အိမ်မှာ မွေးထားတဲ့ ကြောင်တွေကို ကြည့်လိုက်ရင် တချိန်လုံးတညှောင်ညှောင်နဲ့ အစာတောင်းနေတာဆိုတော့ သူတို့တွေ အစာမစားဘဲ နှစ်ပတ်အထိနေနိုင်တယ်ဆိုတာ မယုံနိုင်စရာဖြစ်နေပါလိမ့်မယ်။ ဟုတ်ပါတယ်။ သူတို့ဟာ အစာတွေ အများကြီးတနင့်တပိုးစားထားရင်၊ ကျန်းမာရေးလည်း ကောင်းတယ်ဆိုရင် အစာထပ်မစားဘဲနှစ်ပတ်အ ထိ နေနိုင်ပါတယ်။
ကုလားအုတ် (Camel )
ကုလားအုတ်ဟာ ရေမသောက်ရလည်း ခရီးဝေးကြီးတွေကို သွားနိုင်တဲ့ အကြမ်းခံတိရစ္ဆာန်တမျိုးဆိုတာ လူအတော်များများ သိကြပါတယ်။ ဒါပေမဲ့ ကုလားအုတ်ဟာ အစာမစားရဘဲနဲ့ နှစ်လအထိ နေနိုင်တယ်ဆိုတဲ့အချက်ကိုတော့ သိတဲ့လူနည်းပါတယ်။ ကုလားအုတ်တွေက သူတို့ကျောက ဘို့ထဲမှာအဆီတစ်သျှူးတွေ သိုလှောင်ထားပြီး အစာရေစာ မရတဲ့အချိန်မှာဆို အဲဒါကို အာဟာရအဖြစ် ထုတ်သုံးတာပါ။
ပင့်ကူ (Spider)
ပင့်ကူတွေဟာ အကောင်ပလောင် လိုက်ဖမ်းစားတဲ့နေရာမှာ မတော်ပါဘူး။ သူတို့ဟာ အကောင်ပလောင်လေးတွေ သူတို့ပင့်ကူအိမ်ထဲ ဝင်လာတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ကြရပါတယ်။ အကောင်လေးတွေ သူတို့အိမ်ထဲ ဝင်လာမှသာ သူတို့ကဖမ်းစားလို့ရတာပါ။ ဒါကြောင့် တစ်ခါစားပြီးရင် နောက်တစ်ခါ စားရဖို့အရေးလနဲ့ချီ စောင့်ရင်လည်း စောင့်ရတာပါပဲ။ သူတို့ဟာ အစာမစားဘဲ နှစ်လလောက်ကြာတဲ့အထိ နေနိုင်ပါသတဲ့။
ငါးမန်း (Shark)
Great White Shark လို့ခေါ်တဲ့ ငါးမန်းတစ်မျိုးဟာ တစ်နှစ်ကို အစားအစာတန်ချိန်ပေါင်း (၁၁) တန်အထိ စားသောက်နိုင်ပါတယ်။ ဒီပမာဏဟာဆိုရင် တိရစ္ဆာန်တစ်ကောင်အတွက် အရမ်းကိုများတဲ့ ပမာဏပါ။ များသောအား ဖြင့်တော့ ဒီငါးမန်းတွေဟာ တစ်ကြိမ်စားရင် အများကြီးစားတာပါ။ တစ်ခါစားထားပြီးပြီဆိုရင်လည်း သူတို့ဟာ နောက်သုံးလအထိ အေးဆေးဖြစ်သွားပါပြီ။ သုံးလကျော်သွားပြီဆိုမှ သူတို့က နောက်တစ်ခါ အစာရှာထွက်လေ့ရှိပါတယ်။
ဝက်ဝံ (Bear)
ဝက်ဝံတွေကို တီဗီမှာ မြင်ရရင်တော့ ပြေးဖက်ပစ်ချင်စရာ ကောင်းလောက်အောင် တကယ့်ကို ချစ်စရာကြီးတွေပါပဲ။ ဒါပေမဲ့ အပြင်မှာတော့ သူတို့ဟာ ကြောက်စရာကောင်းပါတယ်။ သူတို့ဟာ ဆောင်းခိုတဲ့နေရာမှာတော့ နာမည်ကြီးပဲပေါ့။ ဆောင်းခိုအိပ်စက်နေတဲ့ သုံးလ လုံးလုံးမှာ သူတို့ဟာ ဘာမှမစားကြပါဘူး။
အကြီးစား ပင်ဂွင်း (Emperor Penguin)
ပင်ဂွင်းတွေဟာ အကြမ်းခံကြပါတယ်။ အကြီးစားပင်ဂွင်းထဲမှာဆိုရင် အထီးဟာ ဥတွေကို စောင့်ရှောက်ရင်း အရိုးကွဲမ တတ်အေးတဲ့ တောင်ဝင်ရိုးစွန်း အအေးဒဏ်ကို သုံးလကျော် အံတုရင်ဆိုင်ရပါတယ်။ အဲဒီသုံးလကျော်လုံးလုံးမှာ သူဟာ ဥတွေကို စောင့်ရှောက်ဖို့တစ်ခုတည်းအတွက်ပဲ အာရုံစိုက်ပြီး ဘာအစာမှမစားပါဘူး။
ဟမ့်ဘက်ခ် ဝေလငါး (Humpback Whale)
ဟမ့်ဘက်ခ် ဝေလငါးကြီးတွေဟာ အစာစားတိုင်း အဆီပိုတွေကို အဆီပြင်ထဲမှာ သိုလှောင်ထားကြပါတယ်။ ဒါကြောင့် အစာရေစာရှားပါးတဲ့ကာလရောက်ရင် အစာမစားရလည်း ခြောက်လအထိ နေနိုင်ကြတာပါ။
ဂယ်လာပဂို့စ် လိပ် (Galapagos tortoise)
ကမ္ဘာပေါ်မှာရှိသမျှ လိပ်အမျိုးအစားအားလုံးထဲမှာ ဂယ်လာပဂို့စ်လိပ်မျိုးက အကြီးဆုံးဖြစ်ပါတယ်။ သူတို့ခန္ဓာကိုယ်ထဲမှာ ရေအများကြီး သိုလှောင်ထားနိုင်တဲ့ နေရာရှိပြီး သူတို့ရဲ့ဇီဝဖြစ်စဉ်ကလည်း နှေးကွေးပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ တစ်နှစ်ပတ်လုံးဘာမှ မစားရလည်းနေလို့ရတာပါ။
ကင်းမြီးကောက် (Scorpion)
ကင်းမြီးကောက်ကို လူအများစုက ကြောက်လည်းကြောက်၊ မုန်းလည်း မုန်းပါတယ်။ သူတို့ဟာ အစာတစ်ခါ စားရင် သူတို့ခန္ဓာကိုယ်အလေးချိန် သုံးပုံပုံတစ်ပုံ တက်လာတဲ့အထိစားနိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ဇီဝဖြစ်စဉ်ဟာ နှေးကွေးပြီး စွမ်းအင်လိုအပ်ချက်ကလည်း နည်းပါသတဲ့။ ဒါကြောင့်မို့ သူတို့ဟာ တစ်နှစ်တိတိ အစာမစားရလည်း နေနိုင်ကြတာပါ။
မြေအောင်းဖား (Burrowing frog)
ဖားတွေနဲ့ပတ်သက်လို့ လူအများစုမသိတဲ့ စိတ်ဝင်စားစရာအချက်တွေရှိပါတယ်။ မြေအောင်းဖားဆိုရင် သူတို့ဟာ ဘာအစာမှမစားဘဲ ရွှံ့ထဲမှာ တစ်နှစ်ပတ်လုံး အောင်းနေနိုင်ပါတယ်။ အစားအစာရှားပါးပြတ်လပ်တဲ့ကာလမျိုး ရောက်လာရင် သူတို့ကရှိတဲ့ စွမ်းအင်ကို အတတ်နိုင်ဆုံး ချွေတာသုံးစွဲပြီး မြေကြီးထဲမှာပဲ ငြိမ်ငြိမ်လေး အောင်းနေတော့တာပါ။
မိကျောင်း (Crocodile)
မိကျောင်းဟာ အင်မတန်ကြောက်စရာကောင်းတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကလုံးဝနီးပါးမလှုပ်မယှက်နေပြီး စွမ်းအင်ကို ချွေတာသုံးစွဲတတ်တဲ့အတွက် သုံးနှစ်လုံးလုံးအစာမစားဘဲ နေနိုင်ပါသတဲ့။ ဒါပေမဲ့ တစ်ကြိမ် အားပါး တရစားထားအပြီးမှာမှ ဒီလိုနှစ်တွေနဲ့ချီ ဘာမှမစားဘဲနေနိုင်မှာ ဖြစ်ပါတယ်။
#NPNews