အဆိုတော်အဖွဲ့တွေ ကွဲသွားပြီးနောက်မှာ K-PoP နာမည်ကျော်တွေ ဘယ်လိုဆက်ရပ်တည်ကြသလဲ

 901

ဝတီ (NP News) - သြဂုတ် ၃၁
နာမည်ကြီးကေပေါ့ပ်အဖွဲ့တွေထဲမှာ ပါခွင့်ရတဲ့အဖွဲ့ဝင်တွေဟာ ငယ်တုန်း၊ ရွယ်တုန်းမှာ ရွှေထီးဆောင်းခွင့်ကြုံခဲ့ကြပါတယ်။ ဒါပေမဲ့ အဖွဲ့ကွဲသွားပြီးနောက်မှာတော့ သူတို့ဟာ လက်တွေ့ဘဝကြီးနဲ့ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရပါတော့တယ်။ ဒီတစ်ခါမှာတော့ အဖွဲ့လိုက်ရင်ဆိုင်ရတာမဟုတ်ဘဲ တစ်ယောက်တည်း ရင်ဆိုင်ရတာပါ။ ကေပေါ့ပ်အဖွဲ့တွေဟာ အဖွဲ့လိုက် အောင်မြင်မှု အထွတ်အထိပ်ရောက်နေချိန်မှာ အဖွဲ့ကွဲသွားလေ့ရှိတာဖြစ်ပြီး ဒီလိုအဖွဲ့ကွဲသွားတဲ့အချိန်မှာ တချို့တွေက အသက် (၃ဝ) ကျော်ရှိပြီဆိုပေမယ့် တချို့တွေက အသက် (၂ဝ) ကျော်လေးတွေပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒါဟာကေပေါ့ပ်ကြယ်ပွင့်အများစု ရင်ဆိုင်ရလေ့ရှိတဲ့ လောကဓံပါပဲ။

သူတို့ဟာ နာမည်ကြီးအဆင့်အထိရောက်လာဖို့ နှစ်တွေ အများကြီးပေးဆပ်ခဲ့ရပေမယ့် အဲဒီအောင်မြင်မှုအထွတ် အထိပ်ကို နှစ်နည်းနည်းလောက်ပဲခံစားကြရတာပါ။ (၇)နှစ်ဆိုတာ အဆိုတော်အတွက် စီမံခန့်ခွဲပေးတဲ့ အေဂျင်စီကုမ္ပဏီနဲ့ အဆိုတော်တွေ ချုပ်ဆိုလေ့ရှိတဲ့ အကြာဆုံး စာချုပ်သက်တမ်းပဲဖြစ်ပါတယ်။ ခုနစ်နှစ်ပြည့်သွားပြီဆိုရင်တော့ အဆိုတော်ရော၊ ကုမ္ပဏီပါ နှစ်ဖက်လုံးက ဆက်ပြီး လက်တွဲသင့်၊ မသင့် စဉ်းစားကြပါပြီ။ ဒါပေမဲ့ အများစုက ဒီ့ထက်ပိုပြီး လက်တွဲလေ့မရှိပါဘူး။ လက်တွဲဖြုတ်လိုက်ရတဲ့ အကြောင်းရင်းကတော့ အမျိုးမျိုးရှိပါတယ်။ အဆို တော်အဖွဲ့တွေက ထင်သလောက် အကျိုးအမြတ်ရှာမပေးနိုင်တော့လို့ ဒါမှမဟုတ် အဖွဲ့ဝင်တစ်ယောက်ယောက်က သူ့ဘဝ ရည်မှန်းချက်တစ်ခုခုဘက်လှည့်ချင်လို့စသဖြင့် အကြောင်းအမျိုးမျိုးရှိနေတာပါ။

သူ့ခေတ်သူ့အခါတုန်းက အအောင်မြင်ဆုံးကေပေါ့ပ်အဖွဲ့တွေလို့ သတ်မှတ်ခံခဲ့ရတဲ့ 2NE1 ၊ Sister ၊ Girls’ Day စတဲ့ အဖွဲ့တွေတောင်မှ ဒီလိုပဲကွဲသွားကြရတာပါပဲ။ အဖွဲ့ပြိုကွဲသွားပြီးနောက်မှာ သူတို့ဘာတွေလုပ်နေလဲ၊ ဘယ်လိုဆက်ရပ်တည်ကြသလဲဆိုတာ တွေးကြည့်မိဖူးပါသလား။ တချို့တွေကတော့ ဒီလိုပဲ ကွယ်ပျောက်သွားကြပြီး အ နည်းစုကတော့ အောင်မြင်မှုကိုဆက်ထိန်းထားနိုင်ကြပါတယ်။ B.A.P က ယောင်ဂျေး ( Youngjae )၊ 4Minute က ဟိုင်ယွန်းနာ ( Hyuna ) ၊ 2NE1 က စီအယ်လ် ( CL ) အစရှိတဲ့ နာမည်ကျော်တွေကတော့ တစ်ကိုယ်တော်အနုပ ညာရှင်ဘဝ နဲ့ ရပ်တည်နိုင်အောင်ကြိုးစားကြပါတယ် ဒါမှမဟုတ် Sistar အဖွဲ့က ဘိုရာ ( Bora ) လိုမျိုးသရုပ် ဆောင်ဘက်လှည့်ကြပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ကိုယ်ပိုင် ယူကျုချန်နယ်တွေဖွင့်ပြီး ယူကျုနာမည်ကျော်ဖြစ်လာအောင်လုပ်တဲ့ ကေပေါ့ပ်ကြယ်ပွင့်တွေလည်း ပိုများလာပါတယ်။ တချို့ကတော့ စီးပွားရေးဘက် လှည့်သွားကြပါတယ်။

ယူကျုချန်နယ်ဖွင့်ပြီး အနာဂတ်တည်ထောင်နိုင်အောင် ကြိုးစားနေတဲ့လူတွေထဲမှာ ၂ဝ၁၅ ခုနှစ်က အဖွဲ့ကွဲသွားတဲ့ MBLAQ ဆိုတဲ့အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း မာ ( Mir ) လို့ လူသိများတဲ့ ဘန်ချိုယောင်လည်း ပါပါတယ်။ သူက ၂ဝ၁၇ ခုနှစ်မှာ မာဘန်း ( Mir Bang ) ဆိုတဲ့ ချန်နယ်ဖွင့်ပြီး အဲဒီမှာ သူ့ဘဝအကြောင်းတွေ တင်ပါတယ်။ နောက်ပိုင်းမှာတော့ သူကမိသားစုဝင်တွေနဲ့ပါ ဟာသဗီဒီယိုတွေတင်ပါတယ်။ အဲဒီမှာ ချန်နယ်က လူကြိုက်များသွားပါတော့တယ်။ သူက ချန်နယ်ကို ဘန်းမိသားစု ( Bang Family ) ဆိုပြီးနာမည်ပြောင်းလိုက်ပါတယ်။ အခုဆိုရင် သူ့ချန်နယ်မှာ ပရိသတ်ပေါင်း ခြောက်သိန်းခွဲလောက် ရှိနေပါပြီ။

Crayon Pop ( ခရေယွန်ပေါ့ပ် ) အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Way ( ဝေး ) ကလည်း ၂ဝ၁၇ ခုနှစ်မှာပဲ ချန်နယ်ဖွင့်လိုက်ပြီး အခုဆိုရင် သူ့ယူကျုချန်နယ်မှာ ပရိသတ် သုံးသိန်းနီးပါးရှိနေပါပြီ။ Wonder Girls အဖွဲ့ဝင်ဟောင်း ယူဘင် (Yubin ) လိုပဲ တချို့အဆိုတော်တွေကတော့ စီမံခန့်ခွဲရေးအေဂျင်စီ ကုမ္ပဏီ ထောင်လိုက်ကြပါတယ်။ 2NE1 အဖွဲ့ဝင်ဟောင်း အသက် (၂၇) နှစ်အရွယ် မင်ဇီ (Minzy) ကတော့ ဇွန်လမှာ Teamo ဆိုတဲ့ သီချင်းသစ် ထုတ်လိုက်ပါတယ်။ အဖွဲ့ကွဲသွားအပြီးမှာ သူကတခြားအေဂျင်စီကုမ္ပဏီတစ်ခုနဲ့ လက်တွဲအလုပ်လုပ်ကြည့်သေးပေမယ့် အဆင်မပြေတာကြောင့် ၂ဝ၂ဝ ခုနှစ်မှာ ကိုယ်ပိုင်အေဂျင်စီပဲ ထောင်လိုက်တာပါ။ 2NE1 အဖွဲ့ဝင်ဟောင်း ပတ်ဘွန် ( Park Bom ) ကလည်း ကိုယ်ပိုင်အေဂျင်စီ ထောင်ထားပါသတဲ့။ အဖွဲ့ထဲမှာတုန်းကဆို တခြားအဖွဲ့ဝင်တွေနဲ့ အဆင်ပြေပေမယ့် အရမ်းကို အထီးကျန်ခဲ့ရတယ်လို့ လက်ရှိအချိန်မှာ တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေ လုပ်နေတဲ့ မင်ဇီက ပြောပြပါသေးတယ်။

ဒါပေမဲ့ တချို့ကေပေါ့ပ်အဆိုတော်အဖွဲ့တွေကတော့ တခြားအဆိုတော်အဖွဲ့တွေထက် ကြံ့ကြံ့ခံနိုင်ကြပါတယ်။ ဥပ မာပြောရရင် TVXQ နဲ့ Super Junior ဆိုတဲ့ အဖွဲ့တွေပေါ့။ သူတို့ဟာ အဖွဲ့သက်တမ်း (၁၇) နှစ်နဲ့ (၁၅) နှစ်စီ အသီး သီး ရှိနေပေမယ့် အခုထက်ထိ အောင်မြင်မှုကို ထိန်းထားနိုင်ပြီး ကမ္ဘာတလွှားမှာ နာမည်ကြီး နေတုန်းပါပဲ။ အဖွဲ့တစ်ဖွဲ့ နာမည်ကျလာပြီဆိုရင် အဲဒီအဖွဲ့ကို အေဂျင်စီကုမ္ပဏီကြီးတွေက သီချင်းကောင်းတွေ မပေးတော့တာမျိုး ဒီလိုနဲ့နောက်ဆုံးမှာ အဖွဲ့ကို ဖျက်သိမ်းလိုက်တာမျိုး လုပ်လိုက်တော့တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ ကေပေါ့ပ်ကြယ်ပွင့်တွေ ဖြစ်လာအောင် အေဂျင်စီကုမ္ပဏီကြီးတွေက ကလေးဘဝကတည်းက သင်တန်းသားတွေအနေနဲ့ လေ့ကျင့် သင်ကြားပေးလာတာဖြစ်လို့ စာချုပ်သက်တမ်းကုန်သွား ပြီးနောက်မှာလည်း သူတို့ရှေ့ဆက်လျှောက် ရမယ့်လမ်းအတွက် အေဂျင်စီတွေက နည်းနည်းပါးပါး အထောက်အကူပေးသင့်တယ်၊ တစ်ယောက်တည်း ရပ်တည်တတ်အောင် သင်တန်းမှာကတည်းက တစ်ခါတည်း ထည့်သင်ကြားပေးသင့်တယ်လို့ တချို့ဝေဖန်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ စာချုပ်သက်တမ်းကုန်သွားပြီဖြစ်လို့ အဆိုတော်တစ်ယောက် ဘယ်လိုရှေ့ ဆက်ရမယ်ဆိုတာ အေ ဂျင်စီနဲ့ ဘာမှမဆိုင်တော့ဘူးလို့ တချို့ကလည်း ဆိုကြပြန်ပါတယ်။ ကေပေါ့ပ် ကြယ်ပွင့်တွေအနေနဲ့လည်း အရမ်းအောင်မြင်နေချိန်မှာ အောင်မြင်မှုနောက်ကိုချည်းပဲ လိုက်မနေဘဲ ကိုယ့်အတွက် နောက်လမ်းကြောင်းတစ်ခု ကြိုရှာထားသင့်တယ်လို့ ဝေဖန်သူတချို့က အကြံပြုကြပါတယ်။
#NPNews

Related news

© 2021. All rights reserved.