ဇွန်၊ ဇူလိုင်၊ သြဂုတ်ရက်ပေါင်း(၉၀)အတွင်း ရန်ကုန်ရှိသုသာန်များ၌ မီးသဂြိုလ်ပစ်ခဲ့ရသည့် လူသေများစာရင်း ထွက်ပေါ်လာ

 2961

အေဝိုင်အီး (NP News) - စက်တင်ဘာ ၅
ကိုဗစ်တတိယလှိုင်းကာလ ဇွန်၊ ဇူလိုင်နှင့် သြဂုတ် သုံးလအတွင်း ရန်ကုန်၌နေ့စဉ် မီးသဂြိုလ်ရသော စာရင်းအရ လူဦးရေ(၄၅၀၀၀)နီးပါး သေဆုံးသွားခဲ့ရကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သုသာန်များထံမှ နေ့စဉ်သဂြိုလ်ရသည့်စာရင်းကို အနှစ်ချုပ်ကြည့်ချိန်တွင် သေဆုံးသွားရသူစာရင်းမှာ (၄၅၀၀၀)နီးပါး ရှိနေပြီး ယင်းစာရင်းအတွင်း၌ ပါဝင်သူအားလုံးမှာ ကိုဗစ်ရောဂါဖြင့် သေဆုံးရသူများချည်းသာ ဟုတ်မဟုတ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိကြောင်းလည်း သိရသည်။ စာရင်းဇယားအရ ကိုဗစ်တတိယလှိုင်း ပြန်လည်စတင်လာသည့် ဇွန်လအတွင်း၌ လူဦးရေ(၃၆၈၅)ဦး၊ ဇူလိုင်လအတွင်း၌(၂၈၃၉၆)ဦးနှင့် သြဂုတ်လအတွင်း၌(၁၂၈၅၈)ဦး ရှိခဲ့ကြောင်း သိရသည်။ ထူးခြားမှုမှာ ဇွန်လအတွင်း၌ မီးသဂြိုလ်ခဲ့ရသည့်လူဦးရေ(၃၆၈၅)ဦး၏ (၁၀)နီးပါးခန့်ရှိသော ပမာဏကို ဇူလိုင်လ၌ သဂြိုလ်ခဲ့ရခြင်းမျိုးဖြစ်ပြီး တစ်ဟုန်ထိုးများပြားခဲ့ရခြင်းမှာ ကိုဗစ်ဖြင့်အများဆုံးဖြစ်နိုင်ကြောင်းလည်း ပရဟိတအသင်းများဘက်က ဆိုသည်။ “ ဒီလောက်များတဲ့ပမာဏထဲမှာ ၉၀ ရာခိုင်နှုန်းအထက်ကတော့ ကိုဗစ်နဲ့ဆုံးတာဖြစ်နိုင်ပါတယ်။ ကျန်းဦးစီးဆီကနေ ကိုဗစ်ဖြင့်သေသည်ဆိုတာမျိုး စာရွက်မထုတ်နိုင်တာပဲ ရှိတာ။ သေတာကတော့ ကိုဗစ်နဲ့သေတာ ၉၀ ရာခိုင်နှုန်းအထက် ဖြစ်နိုင်တယ် ” ဟု အဆိုပါသုံးလအတွင်း အသည်းအသန်လုပ်ခဲ့ရသည့်ပရဟိတအသင်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနဘက်မှ စာရင်းများတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်ဖြင့်သေဆုံးသူဦးရေ အမြင့်ဆုံးအဖြစ် တစ်ရက်(၅၀၀)ကျော်သာ ရှိခဲ့ချိန်တွင် ဇူလိုင်လ(၂၃)ရက်က မီးသဂြိုလ်ပေးခဲ့ရသော စာရင်း၌ (၁၈၀၃)ဦးအထိ ရှိခဲ့သည်ကို တွေ့ရသည်။ ဇွန်၊ ဇူလိုင်၊ သြဂုတ် သုံးလတာ ရက်ပေါင်း(၉၀)အတွင်း ရန်ကုန်တစ်မြို့တည်း၌ပင် လူဦးရေ (၄၄၉၃၉)ဦးကို မီးသဂြိုလ်ခဲ့ရပြီး ယင်းတွင် ထူးခြားသောသတိပြုဖွယ်ရာအဖြစ် ဇူလိုင်လ(၁၁)ရက်မှ သြဂုတ်လ(၁၀)ရက်အထိ ကာလသည် အမြင့်ဆုံး လူသေဆုံးထားရသည့်ကာလဖြစ်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် ယင်းကာလများသည် တစ်ရက်လျှင် အနည်းဆုံးလူဦးရေ(၅၅၂)ဦးမှ အမြင့်ဆုံး(၁၈၀၃)ဦးအထိ မီးသဂြိုလ်ပစ်ရခြင်းမျိုးဖြစ်ပြီး အဆိုပါရက်ပေါင်း(၃၀)အတွင်း (၃၃၀၉၈)ဦးအထိ သေဆုံးထားရခြင်းမျိုးလည်း ဖြစ်သည်။

အဆိုပါစာရင်းအပြင် ရန်ကုန်တစ်ခုတည်း၏အခြားသောစာရင်းများအရ သြဂုတ်လနောက်ဆုံးပတ်မှစ၍ ကိုဗစ်ကူးစက်မှုနှုန်းနှင့် သေဆုံးနှုန်းလည်း ကျဆင်းသွားသည်ကို တွေ့ရသည်။ ယင်းအပြင် သုသာန်များ၌ မီးသဂြိလ်ပေးရသည့်နှုန်းမှာလည်း တစ်ရက်လျှင်(၁၇၀)ကျော်သာ ရှိတော့သည်ကိုလည်း တွေ့ရသည်။

Related news

© 2021. All rights reserved.