စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဂီနီယာနိုင်ငံတွင် အစိုးရသစ်အစားထိုးမခန့်မီအချိန်အထိ နိုင်ငံတဝှမ်းကိုညမထွက်ရအမိန့်ထုတ်ပြန်ထား

 1187

ဂျန်ဇက်(NP News) - စက်တင်ဘာ ၆
စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဂီနီယာနိုင်ငံ၏ စစ်အာဏာသိမ်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးတစ်ဦးက သမ္မတ Alpha Conde ဦးဆောင်သည့်အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်သည့်အပြင် နယ်စပ်ဒေသအားလုံးကိုပိတ်ထားလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံက တဆင့် ပြောဆိုလိုက်သည်ဟု punchng သတင်းဖော်ပြချက်အရသိရသည်။

ဂီနီယာနိုင်ငံသမ္မတအိမ်တော်နားတွင် စစ်အာဏာသိမ်းအဖွဲ့နှင့်သမ္မတအိမ်တော်လုံခြုံရေးတပ်ဖွဲ့များသည် စက် တင်ဘာလ (၅)ရက်က နာရီပိုင်းအတန်ကြာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ခဲ့ပြီးနောက် စစ်အာဏာသိမ်းတပ်ဖွဲ့များသည် သမ္မတကိုဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် စစ်အာဏာသိမ်းအဖွဲ့သည် နိုင်ငံကိုထိန်းချုပ်ထားပြီးနောက်ထပ်အစိုးရအဖွဲ့အစားထိုးမခန့်မီအချိန်အထိ နိုင်ငံတဝှမ်းကိုညမထွက်ရအမိန့်ထုတ်ပြန်ထားမည်ဖြစ်ကြောင်း စစ်အာဏာသိမ်းအဖွဲ့တွင်ပါဝင်သည့်ဗိုလ်မှူးကြီး Mamadi Doumbouya ကပြောသည်။

အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂီနီယာစစ်သားများသည် နိုင်ငံတွင်ဒီမိုကရေစီပြန်ဖြစ်စေရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်စုဆောင်းရေးကော်မတီတစ်ခုဖွဲ့စည်းနိုင်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ ဗိုလ်မှူးကြီး Mamadi Doumbouya က မိန့်ခွန်းပြောဆိုချိန်အတွင်း ပြီးခဲ့သည့်နှစ်တွင် သမ္မတသက်တမ်းကိုသုံးကြိမ်ဆက် တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည့် အသက် (၈၃) နှစ်အရွယ်ရှိသမ္မတ နှင့်ပတ်သက်ပြီးထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။

ဂီနီယာအထူးတပ်ဖွဲ့အကြီးအကဲဖြစ်သည့်ဗိုလ်မှူးကြီး Mamadi Doumbouya က "နိုင်ငံရေးမှာပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေအဆုံးသတ်သွားပါပြီ။ တစ်ဦးတစ်ယောက်ကိုယုံကြည်အပ်နှံထားတဲ့နိုင်ငံရေးကရေရှည်မှာမဟုတ်ဘူး၊ကျွန်တော်တိုဟာ ပြည်သူကိုသာ နိုင်ငံရေးအပ်နှံထားမှာပါ။ စစ်သားတွေရဲ့တာဝန်ဟာနိုင်ငံကိုကယ်တင်ဖို့ဖြစ်တယ်" ဟု ပြောသည်။

ထို့ပြင် ဗိုလ်မှူးကြီး Mamadi Doumbouya က ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းမည်ဖြစ်ပြီး နယ်စပ်ဒေ သများကို သီတင်းပတ်တစ်ပတ်ကြာပိတ်ထားမည်ဖြစ်ကြောင်း မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။ စစ်သားများအနေဖြင့် ပြည်သူ (၁၂ ဒသမ ၇) သန်း အတွက်အကောင်းဆုံးအကျိုးစီးပွားကိုလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး MamadiDoumbouyaကပြောသည် ။

သမ္မတ Alpha Conde သည် ပြီးခဲ့သည့် နှစ်တွင် ဂီနီယာသမ္မတအဖြစ် သုံးကြိမ်မြောက်တာဝန်ယူပြီးနောက်ပိုင်း ဝေဖန်ခံရမှုများမြင့်တက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲများကြောင့် သမ္မတ Alpha Conde ကိုသမ္မတသက်တမ်းနှစ်ကြိမ်သာတာဝန်ထမ်းဆောင်ရမည့် သတ်မှတ်ချက်မှ တားဆီးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ သမ္မ တအဖြစ် တတိယအကြိမ်ပြန်ရွေးချယ်ခံရပြီးနောက် အတိုက်ခံအုပ်စုများလမ်းပေါ်ထွက်ဆန္ဒပြခဲ့ရာ လူပေါင်းဒါဇင်ချီသတ်ဖြတ်ခံခဲ့ရကြောင်းသိရသည်။

ဂီနီယာနိုင်ငံသည် ၁၉၅၈ခုနှစ်က ပြင်သစ်နိုင်ငံထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပသည့် ၂ဝ၁ဝ ခုနှစ် ဒီမိုကရေစီရွေးကောက်ပွဲတွင် Alpha Conde အာဏာရယူနိုင်ခဲ့သည်။ ဂီနိယာနီနိုင်ငံတွင် သတ္တုလုပ်ငန်းချမ်းသာကြွယ်ဝသော်လည်း လူအများစုက ဆင်းရဲနေဆဲဖြစ်ရာ အတိုက်ခံများက သမ္မတ Alpha Conde သည် ဂီနီယာပြည်သူများ၏ ရှင်သန်နေထိုင်မှုဘဝများ ပိုမိုကောင်းမွန်အောင်မလုပ်နိုင်ခဲ့ဟု ဝေဖန်နေသည်။
#NPNews

Related news

© 2021. All rights reserved.