တာလီဘန်တွေက အာဖဂန်အတွက် အိမ်စောင့်အစိုးရဖွဲ့မှာဖြစ်ပြီး မကြာခင်ကြေညာမယ်လို့ ဆို

944

မိုးတိမ် (NP News) - စက်တင်ဘာ ၆
အာဖဂန်ကို အမေရိကန်တွေလက်ထက်ကနေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တဲ့ တာလီဘန်တွေက အိမ်စောင့်အစိုးရအသစ်တစ်ခုကို မကြာခင်ဖွဲ့စည်းသွားတော့မှာဖြစ်တယ်လို့ ပန့်ဂျ်ရှားတေင်ကြားကို ထပ်မံသိမ်းပိုက်ပြီးတဲ့နောက် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အမေရိကန်တွေလက်ထဲကနေ အာဖဂန်ကို တာလီဘန်တွေက ခပ်မြန်မြန်သိမ်းပိုက်နိုင်ခဲ့ပေမယ့် နောက်ထပ်သိမ်းပိုက်စရာတစ်ခုအဖြစ် ကျန်နေတဲ့ ပန့်ဂျ်ရှားတောင်ကြားဒေသကို စက်တင်ဘာ(၆)ရက်မှာပဲ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာပါ။ စက်တင်ဘာ(၆)ရက်မှာပဲ ကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ တာလီဘန်တွေရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က မီဒီယာတွေကို အသိပေးလိုက်တာကတော့ အိမ်စောင့်အစိုးရအဖြစ် မကြာခင်ဖွဲ့စည်းတော့မယ်ဆိုတဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။ “ မကြာခင်မှာ အုပ်ချုပ်ရေးအသစ်တစ်ခုကို ထူထောင်သွားဖို့ရှိတယ်။ အိမ်စောင့်အစိုးရလိုသဘောမျိုးပါပဲ။ ဒါက အကြံပြုချက်တွေအရ ရရှိထားတာဖြစ်ပြီး ဖြစ်လည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့မှာ အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်ပြီဆိုရင်တော့ အစိုးရရဲ့လက်ရှိဖွဲ့စည်းပုံထဲမှာ ပြောင်းလဲသွားနိုင်တဲ့အပိုင်းတွေလည်း ရှိနေပါတယ် ” လို့ Zabihullah Mujahid က ပြောပါတယ်။ အိမ်စောင့်အစိုးရနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ အစိုးရသစ် ဖွဲ့စည်းမယ့်နေ့ရက်တွေကို မကြာခင်မှာ အသိပေးသွားမှာဖြစ်ပြီး အာဖဂန်ပြည်သူတွေအတွက် အထောက်အကူအဖြစ်စေမယ့်သူတွေ အားလုံးပါဝင်နိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အရင်တုန်းက အမေရိကန်ကျောထောက်နောက်ခံ အာဖဂန်စစ်တပ်မှာ ပါဝင်အမှုထမ်းဖူးသူတွေထဲက နိုင်ငံအပေါ် တကယ်ချစ်မြတ်နိုးသူတွေကိုလည်း ပါဝင်သွားနိုင်စေဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ပိုပြီးထူးခြားတာက တာလီဘန်တွေဟာ အကြမ်းဖက်တွေလို့ အများမြင်ထားသလို ပုံဖျက်ခံထားရမှုကနေ ကင်းကွာတဲ့ အိမ်နီးချင်းကောင်းဆက်ဆံရေးမျိုးကို ဘယ်နိုင်ငံနဲ့မဆို တည်ဆောက်သွားမယ်လို့ အတိအလင်းပြောကြားခဲ့ပါသေးတယ်။
အာဖဂန်ရဲ့ဒုတိယသမ္မတ တာဝန်ထမ်းဆောင်ဖူးသူကတော့ တာဂျစ်ကစ္စတန်ထဲကို ထွက်ပြေးသွားပြီဖြစ်တယ်လို့ တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေကို အသိပေးခဲ့ပြီး မကြာခင်ကာလအတွင်းမှာတော့ အာဖဂန်တစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်တဲ့အကြောင်းနဲ့ တည်ငြိမ်အေးချမ်းရေးကို စတင်လုပ်ဆောင်သွားတော့မှာဖြစ်ကြောင်းလည်း အတိအလင်းကြေညာသွားမယ်လို့ ဆိုပါတယ်။