နိုင်ဂျီရီးယားမှာ ကလေးတွေကိုပြန်ပေးဆွဲ လူသစ်စုဆောင်းနေတာကြောင့် ကလေးငယ် တစ်သန်းကျော် ကျောင်းတက်ဖြစ်မှာ မဟုတ်

718

မိုးတိမ် (NP News) - စက်တင်ဘာ ၁၆
နိုင်ဂျီရီးယားနိုင်ငံက ကလေးငယ်(၃၇)သန်းကျော်ဟာ စာသင်ကျောင်းတွေပြန်ဖွင့်ချိန်မှာ ပြန်လည်တက်ရောက်ကြရမှာဖြစ်ပေမယ့် ကလေးငယ်တွေကိုပြန်ပေးဆွဲနေတဲ့ဖြစ်စဉ်တွေကြောင့် တစ်သန်းကျော်ကတော့ ကျောင်းလာတက်ဖြစ်မှာ မဟုတ်ဘူးလို့ ယူနီဆက်ဖ်က ထုတ်ပြန်သတိပေးလိုက်ပါတယ်။
နိုင်ဂျီရီးယားနိုင်ငံမှာ ကိုဗစ်အနည်းငယ်ကျဆင်းလာတဲ့အတွက် စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်သလို ကလေးငယ်ပေါင်း(၃၇)သန်းဟာ ဒီနှစ်ထဲမှာ ကျောင်းပြန်တက်ဖို့ ရှိနေတယ်လို့ နိုင်ငံရဲ့ပညာရေးဝန်ကြီးဌာနကို ကိုးကားပြီး ယူနီဆက်ဖ်က ပြောပါတယ်။ သို့သော်လည်း စာသင်ကျောင်းတွေဟာ ဘိုကိုဟာရမ်လိုမျိုး အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေအတွက် ပြစ်မှတ်ထားရာ၊ လူသစ်စုဆောင်းရာနေရာဖြစ်လာနေတဲ့အတွက် စာသင်ကျောင်းတွေဟာ လုံခြုံမှု မရှိတော့ဘူးလို့ ဆိုပါတယ်။
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေဟာ စာသင်ကျောင်းတွေကိုလည်း လုံးဝရှောင်ရှားခြင်း မရှိသလို စာသင်မယ့်ကလေးငယ်တွေကို သူတို့ရဲ့စစ်သားတွေအဖြစ် ပြန်ပေးဆွဲတဲ့လုပ်ငန်းမျိုးပါ လုပ်ဆောင်လာကြပါတယ်။ အထူးသဖြင့် နိုင်ဂျီရီးယား အနောက်ပိုင်းဘက်ဟာ စိုးရိမ်စရာအခြေအနေရှိနေသလို ၂၀၂၁ ထဲမှာပဲ စာသင်ကျောင်းပေါင်း(၂၀) ကို အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ကလေးငယ်(၁၄၀၀)ကို စစ်သည်အဖြစ်စုဆောင်းခဲ့တယ်လို့ သိရပါတယ်။
(၁၆)ဦးအထိ သေဆုံးခဲ့ရသလို (၂၀၀)ကျော်ကတော့ ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။ “ စာသင်ဖို့ ကျောင်းကိုလွှတ်ခဲ့ပေမယ့် မိဘတွေက ဒီနောက်ပိုင်းမှာတော့ စာသင်ခိုင်းတာတွေ ရပ်လိုက်ကြပါတယ်။ စာသင်ကျောင်းတွေကိုပါ တိုက်ခိုက်ပြီး လူသစ်စုဆောင်းတဲ့ ပြန်ပေးဆွဲခြင်းလုပ်ရပ်တွေက မိဘတွေကို ဒီလိုဆုံးဖြတ်စေတာပါ ” လို့ ယူနီဆက်ဖ်ရဲ့အကြီးအကဲတစ်ဦးဖြစ်သူ ပီတာဟော့ကင်းက စီအန်အန်မှာ ပြောကြားထားပါတယ်။ နိုင်ဂျီရီးယား အနောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းဟာ အဆိုဝါးဆုံးဖြစ်နေတဲ့အတွက် စာသင်အရွယ်ကလေးငယ်တစ်သန်းကျော်ဟာ စာသင်ကျောင်းတွေဆီကို လုံးဝခြေမချတော့ဘူးလို့ သိရပါတယ်။
သို့သော်လည်း ကလေးငယ်(၈)သန်းကျော်ကတော့ စာသင်ကျောင်းတွေကို မသွားဖြစ်ရင်တောင် တစ်ဦးချင်းသီးသန့်သင်ကြားမှုတွေနဲ့ ပညာသင်ခွင့်ရဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ နိုင်ဂျီရီးယားအစိုးရဟာလည်း ကလေးငယ်တွေကို စောင့်ရှောက်ပေးနိုင်ဖို့မှာ လုံလောက်တဲ့လုံခြုံရေးအင်အားမရှိသလို နိုင်ငံဟာလည်း သူတလူငါတမင်းနဲ့ ရှုပ်ထွေးနေတယ်လို့ ဆိုပါတယ်။
#NPNews