ပရိသတ်က ဈေးအမြင့်ဆုံးပေးကာဝယ်ယူခဲ့ကြသည့် ကမ္ဘာကျော်တို့၏ အသုံးအဆောင်ပစ္စည်းဟောင်းများ

579
ဝတီ (NP News) - စက်တင်ဘာ ၁၈
ကမ္ဘာ့ထိပ်သီးအနုပညာရှင်တွေကို အရူးအမူးစွဲလမ်းနှစ်ခြိုက်သူတွေအများကြီးရှိနေပြီး သူတို့ဟာသူတို့ချစ်တဲ့ကမ္ဘာကျော်တွေနဲ့ ပတ်သက်လာရင်ဘယ်လောက်အထိ ရူးသွပ်သလဲဆိုရင် အဲဒီကမ္ဘာကျော်တွေရဲ့ အသုံးအဆောင်ပစ္စည်းအဟောင်းတွေကို မတန်တဆဈေးပေးပြီး အမှတ်တရဝယ်ယူ သိမ်းဆည်းထားတဲ့အထိပါပဲ။ ဒီကမ္ဘာကျော်အနုပညာရှင်တွေရဲ့တချို့ပစ္စည်းတွေကိုဆိုရင် ပရိသတ်တွေက ဒေါ်လာသန်းနဲ့ချီပေးပြီးတော့ပါ ဝယ်ကြပါသေးတယ်။ ပရိသတ်တွေ မတန်မရာ ဈေးပေးပြီးဝယ်တဲ့ အမှတ်တရပစ္စည်းတွေထဲမှာ အံ့သြလောက်စရာ၊ ထင်မှတ်မထားလောက်စရာပစ္စည်းအ သေးအဖွဲလေးတွေကအစ ပါဝင်နေပါသေးတယ်။ ဒါကြောင့် ဘာပစ္စည်းတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။
မိုက်ကယ်လ်ဂျော်ဒန်ရဲ့ အားကစားဖိနပ်အဟောင်းလေးဟာ ဒေါ်လာ(၅၆ဝဝဝဝ)နဲ့ လေလံအောင်သွားခဲ့ပါတယ်။ဟုတ်ပါတယ်။ ဒါကြောင့် ဒီနာမည်ကျော် အားကစားသမားကြီးရဲ့ ဖိနပ်အဟောင်းဟာ လေလံတင်ရောင်းချခဲ့ဖူးသမျှ အား ကစားဖိနပ်တွေထဲမှာဈေးအကြီးဆုံးပဲလို့ ကမ္ဘာ့စံချိန်ပြုစုရေးအဖွဲ့ကြီးက တရားဝင်ကြေညာထားပါတယ်။ ၁၉၈၅ ခုနှစ်မှာ မိုက်ကယ်လ်ဂျော်ဒန်စီးခဲ့တဲ့ အဲဒီဖိနပ်ဟာ ၂ဝ၂ဝ ခုနှစ်လေလံပွဲမှာ အဲဒီလောက်ဈေးရသွားတာဖြစ်ပါတယ်။
စတားဝါးစ် ( Star Wars ) ဇာတ်ကားက ခေါင်းဆောင်းတစ်ခုဟာ ဒေါ်လာ (၈၉၈၄၂ဝ)နဲ့ လေလံအောင်သွားတယ်။ကမ္ဘာကျော် စတားဝါးစ်ဇာတ်ကားကြီးမှာ မင်းသား ဒေးဗစ်ပရောက်စ်ဆောင်းခဲ့တဲ့ ခေါင်းဆောင်းတစ်ခုဟာ ၂ဝ၁၉ ခုနှစ် လေလံပွဲမှာ ဒီဈေးနဲ့လေလံအောင်သွားခဲ့တာပါ။ အများဆုံးမှ ဒေါ်လာလေးသိန်းပဲရမယ်လို့ လေလံကုမ္ပဏီက ခန့် မှန်းခဲ့ပေမယ့် တကယ်တမ်းမှာတော့ ခန့်မှန်းဈေးထက် နှစ်ဆကျော်ရသွားတာဖြစ်ပါတယ်။
The Wizard of Oz ဇာတ်ကားထဲမှာ မင်းသမီး ဂျူဒီဂါးလန်း ( Judy Garland ) စီးခဲ့တဲ့ အနီရောင် ဖိနပ်လှလှလေးကို ဒေါ်လာ (၆) သန်းနဲ့ရောင်းမယ်လို့ လေလံကုမ္ပဏီက ဆိုထားပါတယ်။ ဒီနာမည်ကျော်ဖိနပ်ဟာ တစ်ရံတည်းရှိတာမ ဟုတ်ဘဲနောက်ထပ်လည်း ရှိပါသေးတယ်။ တစ်ရံဟာဆိုရင် ၂ဝဝ၅ ခုနှစ်က အခိုးခံလိုက်ရပြီးအဲဒါကို အက်ဖ်ဘီအိုင်က လိုက်ရှာပေးတာ ၂ဝ၁၈ ခုနှစ်မှာ ပြန်ရှာတွေ့သွားပါတယ်။
တော်ဝင်မင်းသမီး ဒိုင်ယာနာရဲ့ နာမည်ကျော် ပွဲတက်ဂါဝန်ဟာ ဒေါ်လာ (၃၄၇ဝဝဝ)နဲ့ လေလံအောင်သွားပါတယ်။တော်ဝင်မင်းသမီး ဒိုင်ယာနာဟာ အိမ်ဖြူတော်မှာပွဲတက်ခဲ့ပြီး အဲဒီမှာရုပ်ရှင်မင်းသားကြီး ဂျွန်ထရာဗောလ်တာ (John Travolta ) နဲ့တွဲကခဲ့ပါတယ်။ တော်ဝင်မင်းသမီး ဒိုင်ယာနာရဲ့ ဝတ်ပုံစားပုံဖက်ရှင်ဟာ သူ့ခေတ်သူ့အခါမှာ ပြောစမှတ်ပြုရလောက်အောင် တင့်တယ်ပါတယ်။ ဒါကြောင့်ကွယ်လွန်သူ မင်းသမီးရဲ့နာမည်ကျော်ပွဲတက်ဂါဝန်က ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက ဒီဈေးနဲ့ လေလံအောင်သွားတယ်ဆိုတာ အံ့သြစရာတော့မဟုတ်ပါဘူး။ အိမ်ဖြူတော်မှာ ပွဲသွားတက်တော့ ဒိုင်ယာနာကအပြာရင့်ရောင် ကတ္တီပါဂါဝန်လှလှလေးကိုဝတ်သွားတာပါ။
၂ဝ၁၈ ခုနှစ် ပြိုင်ပွဲကြီးမှာ ကမ္ဘာကျော်တင်းနစ်မယ်ဆရီနာဝီလျံဟာ နာအိုမီအိုဆာကာနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အဲဒီမှာဒိုင်လူကြီးနဲ့ စကားများခဲ့ရပါတယ်။ ဒိုင်လူကြီးနဲ့ စကားများအပြီးမှာ ဆရီနာဝီလျံဟာ သူ့တင်းနစ်ရိုက်တံကို စိတ်ဆိုးမာန်ဆိုးနဲ့ ရိုက်ချိုးပစ်လိုက်ပါတယ်။ မကျိုးပေမယ့်အတော်ပိန်လိမ်သွားတဲ့ အဲဒီတင်းနစ်ရိုက်တံလေးဟာ လေလံပွဲမှာ ဒေါ်လာ (၂ဝ၉၁ဝ)နဲ့ ရောင်းထွက်သွားပါသတဲ့။
သမ္မတကြီး ဂျွန်အက်ဖ်ကနေဒီရဲ့ (၄၅)နှစ်ပြည့်မွေးနေ့ပွဲကို နာမည်ကျော်ညှို့မင်းသမီး မာရီလင်မွန်ရိုး တက်ရောက်ခဲ့ပြီး Happy Birthday ဆိုတဲ့သီချင်းကိုဆိုပေးခဲ့ပါတယ်။ ညှို့မင်းသမီးချောက အဲဒီပွဲမှာကျပ်ထုပ်နေတဲ့ ကိုယ်လုံးပေါ်ဂါ ဝန်ဝတ်ခဲ့တာပါ။ ကျောက်လေးတွေစီထားလို့ တလက်လက်တောက်ပနေတဲ့ အဲဒီဂါဝန်ဟာ မွန်ရိုးရဲ့ ခန္ဓာကိုယ်ပေါ်ရောက်သွားတော့ လူတကာငေးကြည့်ရလောက်အောင် လှနေတော့တာပေါ့။ ဒီဂါဝန်ကို ၁၉၉၉ ခုနှစ်မှာ လေလံတင် ရောင်းချတော့ ဒေါ်လာ (၁ ဒသမ ၂)သန်းကျော်နဲ့ လေလံအောင်သွားပါသတဲ့လေ။
တိုက်တန်းနစ်ဇာတ်ကားထဲမှာ ခေါင်းဆောင်မင်းသမီးနဲ့ ခေါင်းဆောင်မင်းသား ပထမဦးဆုံးစတွေ့တဲ့အခန်းမှာ ကိတ်ဝင်းစလက်ဝတ်ခဲ့တဲ့ ဂါဝန်ဟာ ၂ဝ၁၂ ခုနှစ်မှာ ဒေါ်လာ (၃၃၃ဝဝဝ) နဲ့ ရောင်းထွက်သွားတာဖြစ်ပါတယ်။
Goldfinger ဆိုတဲ့ရုပ်ရှင်ကားမှာပါတဲ့ ဂျိန်းမ်စ်ဘွန်းရဲ့ Aston Martin DB5 ဆိုတဲ့ကားကို ပြန်ပြင်ဆင်ပြီး ရောင်းချတာ ဒေါ်လာ (၆ ဒသမ ၄)သန်းနဲ့ လေလံအောင်သွားတာ ဖြစ်ပါတယ်။
မိုက်ကယ်ဂျက်ခ်ဆင်ရဲ့ ကမ္ဘာကျော်လက်အိတ်ဟာ ဒေါ်လာ (၃၅ဝဝဝဝ)နဲ့ ရောင်းထွက်သွားခဲ့ပါတယ်။ မိုက်ကယ်ဂျက်ဆင်က သူ့ရဲ့ကမ္ဘာကျော် moonwalk ကကွက်ကို ၁၉၈၃ ခုနှစ်က စင်ပေါ်မှာ ပထမဦးဆုံးအကြိမ်ကပြခဲ့ပြီး အဲဒီတုန်းကဒီလက်အိတ်ကို စွပ်ခဲ့တာလို့သိရပါတယ်။ ဒီလက်အိတ်ကို ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်က ဝယ်လိုက်တာပါ။
မင်းသမီး စကားလက်ဂျိုဟန်ဆန် သုံးထားတဲ့တစ်သျှူးဟာ ဒေါ်လာ (၂ဝ၅ဝ)နဲ့ ရောင်းထွက်သွားပါတယ်။ ညှို့မင်း သမီးချော စကားလက်ဂျိုဟန်ဆန်က သူသုံးပြီးသားတစ်သျှူးစက္ကူကို ရောင်းမယ်လို့ ၂ဝဝ၈ ခုနှစ် ရုပ်သံအစီအစဉ်မှာ ထုတ်ပြောသွားခဲ့ပြီး အဲဒါရောင်းလို့ရလာတဲ့ငွေကို လှူဒါန်းသွားမယ်လို့လည်း တစ်ဆက်တည်းပြောသွားခဲ့ပါသေးတယ်။
လေဒီဂါဂါရဲ့ ဖျော်ဖြေပွဲကြီးပြီးသွားတော့ အဲဒီက ဝန်ထမ်းတစ်ယောက်ဟာလေဒီဂါဂါ ကျကျန်ရစ်ခဲ့တဲ့ လက်သည်းတုလေးတစ်ချောင်းကို စင်နောက်မှာ အမှတ်မထင်တွေ့သွားပြီး အဲဒါကို လေလံတင်ရောင်းလိုက်တာ ဒေါ်လာ (၁၂ဝဝဝ) ရသွားပါသတဲ့။
ရုပ်သံအစီအစဉ်တစ်ခုမှာ One Direction အဖွဲ့ဝင် နေးလ်ဟော်ရန် ပါဝင်ခဲ့ပြီး အဲဒီကတည်ခင်းကျွေးမွေးတဲ့ ပေါင် မုန့်ကင်လေးကို သူစားခဲ့ပါတယ်။ ဒါပေမဲ့ ကုန်အောင်တော့ မစားဖြစ်လိုက်ပါဘူး။ သူစားပြီးလို့ ကျန်နေတဲ့ အဲဒီပေါင်မုန့်ကင်ဟာ နောက်ဆုံးတော့လိုင်းပေါ်တင်ရောင်းခံလိုက်ရပြီး ဒေါ်လာတစ်သိန်းနဲ့ ရောင်းထွက်သွားပါသတဲ့။
#NPNews