ရန်ကုန်မြို့အတွင်း ဖောက်ခွဲမှု(၁၂)ကြိမ်၊ မီးရှို့ဖျက်ဆီးမှု (၁)ကြိမ်နှင့် သတ်ဖြတ်မှု (၃)ကြိမ်ကျူးလွန်ခဲ့သူများဖမ်းမိ

1627

NP News - စက်တင်ဘာ ၂၂
စမ်းချောင်းမြို့နယ်၌ လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားပစ်ခတ်ခဲ့မှု အပါ အဝင် ဖောက်ခွဲမှု(၁၂)ကြိမ်၊ မီးရှို့မှု (၁) ကြိမ်နှင့် သတ်ဖြတ်မှု (၃) ကြိမ် ပြုလုပ်ခဲ့သူများအား ဖမ်း ဆီးရမိခဲ့ကြောင်း စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးက စက်တင်ဘာလ (၂၁) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဖြစ်စဉ်တွင် စုစုပေါင်း (၁၈) ဦးဖမ်း ဆီးရမိခဲ့ပြီး သိမ်းဆည်းရမိ လက်နက်ငယ်မျိုးစုံ (၅) လက်၊ ကျည်မျိုးစုံ (၁၆၆) တောင့် ၊ လက်ပစ်ဗုံးမျိုးစုံ (၄)လုံး၊ ကျည်အိမ်မျိုးစုံ (၅)ခု၊ လက်လုပ်ဗုံး အလုံး (၃ဝ)၊ ဒရုန်း (၁)ခုနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စမ်းချောင်းမြို့နယ်၊ သံတံတား ရပ်ကွက်၊ ဗဟိုလမ်းနှင့် ဇလွန်လမ်းဆုံ၌ စက်တင်ဘာလ (၉)ရက်တွင် လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံး၊ လက်နက်ငယ်တို့ဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ် သက်၍ စက်တင်ဘာလ (၁၅) ရက်တွင် ဗဟန်းမြို့နယ်၊ မြို့မရပ် ကွက်၊ ပိုက်လုံးလမ်း၊ တိုက်(၇ဝ) အခန်း(၄၁) သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေခဲ့ရာ ကျော်စိုးလင်း(ခ) မိုက်ကယ်၊ ဇော်လင်းထွန်း၊ စည်သူဖြိုး(ခ)ဇင်ကို တို့ (၃)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လှိုင်မြို့နယ်၊ (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ Super Luck လက်ဘက်ရည်ဆိုင်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေခဲ့ရာ သဲမောင်မောင်နှင့် အောင်ပြည့်တို့အား MG-1 လက်ပစ်ဗုံး (၁)လုံး၊ လက်လုပ်ဗုံး (၅) လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကမာရွတ်မြို့နယ်၊ (၅)ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ အမှတ် (၁၅၆)၊ (၆)လွှာသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ဝေယံ (ခ) ဝေယံပိုင်၊ ကျော်ကျော်ခန့်နှင့် ရဲရင့်ကို(ခ)ရဲရဲ တို့ (၃)ဦးအား လည်း ကောင်း၊ စမ်းချောင်းမြို့နယ်၊ စမ်း ချောင်းလမ်း၊ (၃)လွှာ၌ လမင်းထွန်း(ခ)အမွန်းအား (၉)မမ ပစ္စတို (၁)လက်၊ (၉)မမကျည် (၆၈)တောင့်၊ MG1 လက်ပစ်ဗုံး (၁) လုံး၊ ဖုန်းမျိုးစုံ (၃)လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ လမင်းထွန်း၏ ထွက်ဆိုချက်အရ တောင်ဥက္ကလာပမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် နေထိုင်သည့် တရားခံ (၆)ဦးအား AK-47 (၁) လက်၊ ကျည်အိမ် (၂) ခု၊ ၅.၅၆ ကျည်(၆ဝ)တောင့်၊ MG 1 လက်ပစ်ဗုံး (၁)လုံး၊ လက်လုပ်မိုင်းမျိုးစုံ (၂၅) လုံး၊ ဒီတိုနေတာ (၂) ချောင်း၊ SIG SAUER ပစ္စတို (၁) လက်၊ ကျည်အိမ် (၂) ခု၊ Luger ကျည် (၁၉)တောင့်နှင့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ကမာရွတ် မြို့နယ်၊ (၃)ရပ်ကွက်၊ ခိုင်ရွှေ ဝါလမ်း၊ အမှတ်(၁၁၇) အား ရှာဖွေခဲ့ရာ ပထမထပ်၌ မျိုးဝဏ္ဏမင်း၊ အေးမြတ်သွယ်နှင့် ရဲမြင့်အောင်တို့ (၃) ဦးအား FGC9 MK2 သေနတ် (၁) လက်၊ (၉) မမကျည် (၅) တောင့်၊ ဒရုန်း (၁) ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးရမိခဲ့သည့် တရားခံ ဝေယံထွန်းဦး၏ ထွက်ဆိုချက်အရ ကမာရွတ် မြို့နယ်၊ (၃)ရပ်ကွက်၊ အမှတ်(၂)ဘောဂလမ်း၊ တိုက်အမှတ်(၂)၊ (၆)လွှာရှိ အာကာကျော်ထူး၏ နေအိမ်အား ရှာဖွေခဲ့ရာ MK 12 သေနတ် (၁)လက်၊ (၁၂) ဗို့ ကျည် (၅) တောင့် ၊ (၉) မမကျည် (၅)တောင့်၊ (၉၁) လက်ပစ်ဗုံး (၁) လုံး၊ ကျည်အိမ်အသေး (၁) ခုနှင့် အကြီး (၁) ခုတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တရားခံများအနက်မှ ဇော်လင်းထွန်း၊ ဝေယံပိုင်၊ ရဲရင့်ကို၊ ကျော်စိုးလင်း၊ စည်သူဖြိုးနှင့် ကျော်ကျော်ခန့် တို့သည် Generation Freedom Army (GFA)အား ဖွဲ့စည်း၍ မေလ (၉) ရက် တွင် စည်သူဖြိုးနှင့် ကျော်စိုးလင်းသည် စမ်း ချောင်းမြို့နယ်၊ ဗဟိုလမ်း၊ ရထားသံလမ်းအနီးရှိ ရစဖရုံးအားလည်း ကောင်း၊ မေလ (၁၅) ရက်တွင် စမ်းချောင်းမြို့ နယ်၊ မုန့်လက်ဆောင်း (တောင်)ရပ်ကွက်၊ ကျွန်းတောလမ်းရှိ ရစဖရုံးအား လည်းကောင်း၊ ဇူလိုင်လ (၉) ရက်တွင် သီရိမင်္ဂလာဈေးထိပ်ရှိ ပညာရေးမှူးရုံး အား လည်းကောင်း၊ ဩဂုတ်လတွင် စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၊ ကောင်းသာ ဘီယာဆိုင်ရှေ့တွင် ထီရောင်းသည့် ဟိုက်ဂျက်ကားအား လည်းကောင်း၊ စက်တင်ဘာလ (၄) ရက်တွင် ကမာရွတ်မြို့နယ်၊ စည်ပင်ရဲလိုင်းခန်းအား လည်းကောင်း၊ စက်တင်ဘာလ (၆)ရက်တွင် စမ်းချောင်းမြို့ နယ်၊ မြေနီကုန်း၊ Sprit စတိုးဆိုင်အနီး CCTV Control ပုံးအားလည်းကောင်း လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။
အလားတူ ဆက်စပ်တရားခံများမှ ဝေယံထွန်းဦးသည် ဇွန်လ (၈) ရက်တွင် NLD ပါတီမှ ၂ဝ၁၅ ခုနှစ်၊ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော် (ဖမ်းဆီး ရန်ကျန်)နှင့် အိငုံဖူး(ခ) Holly (ဖမ်းဆီးရန်ကျန်)တို့၏စေ ခိုင်းမှုအရ ကမာရွတ်မြို့နယ်၊ မာလာမှတ်တိုင်အနီး၌ လည်း ကောင်း၊ ဇူလိုင်လ (၁) ရက်တွင် မြေနီကုန်း ခုံးကျော်တံတားအောက်ရှိ ယာဉ်ထိန်းရဲအဆောက်အဦအားလည်းကောင်း၊ ဘိုဘို၊ လမင်းထွန်းနှင့် ကိုဖြိုး(ဖမ်းဆီးရန်ကျန်) တို့သည် ဩဂုတ်လ (၂၇) ရက်တွင် ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင် လမ်း၊ Delta Plaza ရှေ့ ဗာဒံပင်မှတ် တိုင်အနီး၌လည်းကောင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ဟယ်လ်ပင်မှတ်တိုင်အနီး၌ လည်းကောင်း၊ ဘိုဘို၊ လမင်းထွန်း၊ ကိုဖြိုး(ဖမ်းဆီးရန်ကျန်)၊ ဇင်ယော်(ဖမ်းဆီးရန်ကျန်)တို့သည် ဩဂုတ်လ (၂၉) ရက်တွင် မင်္ဂလာဒုံမြို့နယ် အတွင်းရှိ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြသီတာရပ်ကွက်၊ မြသိန်းတန်ဘုန်းကြီး ကျောင်းရှိ Mytel တာဝါတိုင်အား လည်းကောင်း မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ကာယ (၁ဝ) လမ်းရှိ Mytel တာဝါတိုင်တို့အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး မီးရှို့ဖျက်ဆီးမှုအနေဖြင့် ဩဂုတ်လ (၄) ရက်တွင် GFA အဖွဲ့မှ စမ်း ချောင်းမြို့နယ်၊ မုန့်လက်ဆောင်း (တောင်)ရပ်ကွက်၊ ရစဖရုံးအားမီးရှို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၎င်းအပြင်သတ်ဖြတ်မှုအနေဖြင့် ဩဂုတ်လ ၁၃ ရက်တွင် သီရိမင်္ဂလာဈေးထိပ်ရှိ ယာဉ်ထိန်းရဲ (၁) ဦး အား GFA အဖွဲ့မှ ဝေယံပိုင်၊ ဇော်လင်းထွန်း၊ ကျော်ကျော်ခန့်၊ ကျော်စိုးလင်း၊ စည်သူဖြိုးနှင့် ရဲရင့်ကို တို့မှ ကင်းထောက်၍ အောင်ချမ်းငြိမ်း (ဖမ်းဆီးရန်ကျန်)မှ ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း၊ စက်တင် ဘာလ (၂) ရက်တွင် လှိုင်မြို့နယ်၊ (၁) ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ဦးဂျူလိုင်မျိုးမင်းအား ဝေယံပိုင်၊ စည်သူဖြိုး၊ ဇော်လင်းထွန်းတို့မှ ကင်းထောက်၍ ကျော်စိုးလင်းမှ ပစ္စတိုဖြင့် (၂) ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ စက်တင်ဘာလ (၉) ရက်တွင် စမ်းချောင်းမြို့ နယ်၊ သံတံတားရပ်ကွက်၌ လှည့်ကင်းဆောင်ရွက်ခဲ့သည့် လုံခြုံရေး ယာဉ် (၁) စီးအား အောင်ချမ်းငြိမ်း(ဖမ်းဆီးရန်ကျန်)၊ ကျော်စိုးလင်းတို့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ရဲရင့်ကို မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် ဇော်လင်းထွန်း၊ သဲမောင်မောင်၊ စည်သူဖြိုး၊ အောင်ပြည့်တို့မှ ကင်းထောက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#NPNews