နျူရေငုပ်သင်္ဘော(၈)စင်းကိစ္စပါလာသည့် AUKUS သည် တရုတ်ကိုဖိအားပေးခြင်းမျိုးဖြစ်ပြီး ဒေသတွင်းပဋိပက္ခကို ပိုမိုကြီးထွားစေနိုင်ကြောင်း မြန်မာအိမ်စောင့်အစိုးရ ပြော

1946

Iris (NP News) - စက်တင်ဘာ ၂၃
အမေရိကန်ဦးဆောင်သည့်အင်အားကြီးနိုင်ငံအချို့အနေဖြင့် တရုတ်ကိုထိန်းချုပ်ရေးပေါ်လစီ(China Containment Policy) အပေါ် နှုတ်အားဖြင့်ငြင်းဆန်သော်လည်း နျူရေငုပ်သင်္ဘောကိစ္စပါဝင်လာသည့် AUKUS အဖွဲ့ဖွဲ့စည်း၍ဖိအားပေးလာခြင်းမျိုးတွေ့ရပြီး ယင်းသည် ဒေသတွင်းပဋိပက္ခကို ပိုမိုကြီးထွားလာနိုင်စေကြောင်း အိမ်စောင့်အစိုးရဘက်က ပြောကြားလိုက်သည်။
အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျတို့က နျူရေငုပ်သင်္ဘော(၈)စင်း ပါဝင်သည့် AUKUS စာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက် အာရှပစိဖိတ်ဒေသတွင်းနိုင်ငံများအတွက် မည်ကဲ့သို့ဖြစ်လာမည်နည်း ဟူ၍ မြန်မာအိမ်စောင့်အစိုးရထံသို့ နိုင်ငံခြားမီဒီယာတစ်ခုက မေးမြန်းချက်ကို စက်တင်ဘာ(၂၁)ရက်တွင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ ဒေသတွင်းအုပ်စုဖွဲ့မှုတွေနဲ့ ဒီအုပ်စုအကြား ပြိုင်ဆိုင်မှုမြင့်မားလာတာဟာ သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေအဖြစ် ဖြစ်ပေါ်လျက်ရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုတွေလည်းဖြစ်ပါတယ်။ ဒေသတွင်းအုပ်စုဖွဲ့မှု၊ စစ်ရေးချဲ့ထွင်လာမှု၊ အင်အားကြီးနိုင်ငံတွေရဲ့မဟာဗျူဟာ၊ စီးပွားရေးပြိုင်ဆိုင်မှုနဲ့ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုတွေဟာ ဒေသတွင်းပဋိပက္ခကို ကြီးထွားလာနိုင်ပါတယ် ” ဟု အိမ်စောင့်အစိုးရ၏ပြန်ကြားရေးဘက်က ပြောသည်။
အထူးသဖြင့် ရုရှားတွင်ကျင်းပခဲ့သည့် အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာညီလာခံ MICS တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့သောအချက်အလက်များကို ကိုးကား၍ပြန်လည်ပြောကြားခြင်းမျိုးဖြစ်ပြီး အင်အာကြီးနိုင်ငံများ၏ အင်အားချဲ့ထွင်မှုများကို မလိုလားကြောင်းလည်း ဆိုသည်။ အာရှပစိဖိတ်ဒေသသည် ကမ္ဘာ့စီးပွားရေးဈေးကွက်၏သုံးပုံတစ်ပုံခန့် ပိုင်ဆိုင်ထားပြီး နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိသော ကုန်စည်များစီးဆင်းလျက်ရှိကြောင်း၊ ကမ္ဘာ့ရေနံထွက်ကုန် ၈၀ ရာခိုင်နှုန်းခန့်သည်လည်း အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့် သယ်ယူပို့ဆောင်လျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းမှာ မလက္ကာရေလက်ကြားကို ဖြတ်သန်းသွားလျက်ရှိကြောင်း၊ ယင်းအတွက်ကြောင့် ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေးအရ အရေးပါလာကာ ကမ္ဘာ့စီးပွားရေးဗဟိုချက် (World’s Economic Center of Gravity) ဖြစ်လာတဲ့အပြင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းသစ် (New World Political Order)တွင်လည်း မဟာဗျူဟာမြောက် အရေးပါသည့်ဒေသတစ်ခုအဖြစ် သတ်မှတ်လာကြကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ဖူးသည်။
“ အင်အားကြီးနိုင်ငံအချို့ဟာ တရုတ်ထိန်းချုပ်ရေးပေါ်လစီ(China Containment Policy) အပေါ် နှုတ်အားဖြင့် ငြင်းဆန်ပေမယ့် လက်တွေ့အားဖြင့် အစဉ်တစိုက် ပြုလုပ်လျက်ရှိပါတယ်။ အခုလည်း အောကတ်(စ်) (AUKUS) အဖွဲ့ဖွဲ့စည်း လုပ်ဆောင်ခြင်း၊ စစ်လက်နက်ထောက်ပံ့ခြင်းဟာ ဒီကိစ္စကို လက်တွေ့အကောင်အထည်ဖော်တာပဲ ဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသအတွင်း အင်အားပြိုင်ဆိုင်မှုကိုပြုလုပ်ပြီး ဒေသတွင်းမတည်ငြိမ်မှု၊ မလုံခြုံမှုကို ဦးတည်စေပါတယ် ” ဟု အိမ်စောင့်အစိုးရအဖွဲ့ဘက်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့်မူ အိမ်နီးချင်းနိုင်ငံအပေါ် လေးစားတန်ဖိုးထားမှုများဖြင့်သာ ဆက်ဆံသွားမည်ဖြစ်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကိုသာ ဦးတည်ကြိုးပမ်းမည်ဖြစ်ကြောင်း၊ မတည်မငြိမ်ဖြစ်စေမည့်လှုပ်ရှားမှုများကို လုပ်ဆောင်မည်မဟုတ်သကဲ့သို့ လက်ခံမည်မဟုတ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။
#NPNews