ဖမ်းဆီးခံရသည့် PDF တပ်ဖွဲ့ဝင်၏မိသားစုများ ပစ်မှတ်ထားလာသော အရာရှိအယောင်ဆောင်ငွေတောင်းခံမှုဖြစ်စဉ်များ ပေါ်ပေါက်နေပြီး အချို့ကို ဖမ်းဆီးရမိ

 1214

Iris (NP News) - စက်တင်ဘာ ၂၆
ဖမ်းဆီးခံလိုက်ရသော PDF တပ်ဖွဲ့ဝင်များ၏ မိသားစုများကို ပစ်မှတ်ထားကာ တပ်မတော်သားအရာရှိဟန်ဆောင်ဆက်သွယ်၍ ငွေပေးပါက ပြန်လွှတ်ပေးမည်ဆိုသော လိမ်လည်ငွေကြေးတောင်းခံသည့်ပုဂ္ဂိုလ်များ ပေါ်ပေါက်လာနေပြီး ကနဦးအဖြစ် နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းကာလအတွင်း၌ လိမ်လည်အမြတ်ထုတ်၍လူထုထံမှ ငွေကြေးညစ်ယူသည့်ကိစ္စရပ်မျိုးစုံပေါ်ပေါက်နေပြီး အလွယ်ဆုံးသောငွေလိမ်နည်းအဖြစ် စစ်သားအရာရှိဟန်ဆောင်ခြင်းက ပို၍တွက်ခြေကိုက်နေကြောင်းလည်း ထွက်ဆိုချက်များကို ကိုးကား၍ သိရသည်။ သတင်းမှန်ပြန်ကြားရေးဘက်က စက်တင်ဘာ(၂၆)ရက်တွင် သတင်းထုတ်ပြန်လာမှု၌ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (စ)ရပ်ကွက်၊ မနော်ဟရီလမ်း၊ ၆၇ x ၆၈ လမ်းကြားတွင် KKY စတီးလ်လုပ်ငန်းလုပ်ကိုင်သူ မျိုးညွန့်(ခ) ကရင်လေးသည် PDF အဖွဲ့ဝင်များအား ငွေကြေးထောက်ပံ့မှုများရှိနေ ကြောင်း သိရှိရသဖြင့် စက်တင်ဘာ ၁၁ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် နေအိမ်သို့ သွားရောက်ခေါ်ယူထိန်းသိမ်းကာ လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက်တွင် PDF အဖွဲ့ဝင်များနှင့် ပတ်သက်မှုမရှိကြောင်း သိရှိရသဖြင့် စက်တင်ဘာ ၁၈ ရက်၌ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ သို့သော်လည်း လိမ်လည်မှုတစ်ခုက စတင်ပေါ်ပေါက်လာခဲ့ပြီး မျိုးညွန့်(ခ)ကရင်လေးအား စစ်ဆေးနေစဉ်ကာလ စက်တင်ဘာ ၁၃ ရက်တွင် ၎င်း၏ဇနီးဖြစ်သူ မဝေဝေလင်းထံ အမျိုးသားတစ်ဦးက ဖုန်းဆက်သွယ်၍ ၎င်းမှာ နန်းတွင်းမှအရာရှိတစ်ဦးဖြစ်ကြောင်း၊ မျိုးညွန့်(ခ)ကရင်လေး ပြန်လည်လွတ်မြောက်ရန်အတွက် ငွေကျပ်သိန်း ၂၀၀ ပေးရမည်ဖြစ်ကြောင်း တောင်းခံလာသဖြင့် မဝေဝေလင်း က ငွေကျပ်သိန်း ၁၆၀ သာ ပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပြီး ယင်းသို့ ငွေတောင်းခံမှုကို စက်တင်ဘာ ၁၄ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများထံသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။ တိုင်းစစ်ဌာနချုပ်က စိစစ်ဖော်ထုတ်ချက်အရ လိမ်လည်ငွေတောင်းခံမှုနှင့် ဆက်နွယ်သူများဖြစ်သည့် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)နေ ပိုင်ဖြိုးဟိန်း(ဘ) ဦးသန်းဝင်း အသက် (၂၀)နှစ်နှင့် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)မြမာလာရပ်နေ သန်းထိုက်အောင်(ဘ)ဦးသန်းဝင်း အသက်(၃၂)နှစ်တို့အား စက်တင်ဘာ ၁၅ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိတရားခံ ၂ ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့အား ဇင်မင်းခန့်ဆိုသူက ငွေလွှဲထုတ်ရန် စေလွှတ်ခဲ့ကြောင်း သိရှိရသဖြင့် ပြင်ဦးလွင်မြို့နယ်၊ ပင်လိမ်ကျေးရွာရှိ ဇင်မင်းခန့် နေအိမ်သို့ သွားရောက်ဖမ်းဆီးရာ ဇင်မင်းခန့်မှာ နေအိမ်မှထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ဇနီးဖြစ်သူ ဝေဝေခိုင်အား တွေ့ရှိရကာ ဝေဝေခိုင်အားစစ်ဆေးချက်အရ ဇင်မင်းခန့်မှာ မျိုးညွန့်(ခ)ကရင်လေးနှင့် မယားညီကို တော်စပ်သူဖြစ်ကြောင်း၊ ဝေဝေလင်းနှင့် ဝေဝေခိုင်မှာ ညီမတော်စပ်သူဖြစ်ကြောင်း ဇင်မင်းခန့်အနေဖြင့် မျိုးညွန့်နှင့် ပတ်သက်ပြီး သတင်းမှားများပေး၍ မျိုးညွန့် ဖမ်းဆီးခံရကာ စစ်ဆေးနေစဉ် မဝေဝေလင်းထံသို့ ဖုန်းဆက်သွယ်ရယူ၍ နန်းတွင်းမှအရာရှိအနေဖြင့် ငွေကြေးတောင်းခံခဲ့ကြောင်းသိရသည်။ သို့ဖြစ်၍ တရားခံ ဇင်မင်းခန့်အား ဖမ်းဆီးရမိရေးအတွက် ပြင်ဦးလွင်သို့ ငွေလွှဲပို့နိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ရာ ငွေလွှဲထုတ် ယူရန်လာရောက်သူ ပိုင်ဖြိုးဟိန်းနှင့် သန်းထိုက်အောင်အား ဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်းနှင့် တရားခံဇင်မင်းခန့်အား ဖမ်းဆီးရမိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူဖြစ်ရပ်မျိုးအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြား လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်လျက် ငွေကြေးတောင်းခံ၍ အမြတ်ထုတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာအား ထင်ယောင်ထင်မှား သံသယဖြစ်စေခြင်းတို့ မကြာခဏဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ဖြေရှင်းနေရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်ယောင်ဆောင်ကာ ငွေတောင်းခံမှုများလုပ်ဆောင်လာပါက ဆက်သွယ်သတင်းပေးနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Related news

© 2021. All rights reserved.