ကျားပေါက်(ခ)ဟန်ထူးလွင်ကို အမွေပြတ်စွန့်လွှတ်ပြီးဖြစ်သဖြင့် မည့်သည့်ကိစ္စကိုမျှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ဟု အဆိုတော်ရင်ဂို ကြေညာ

 1307

အိဖြူ(NP News) - အောက်တိုဘာ ၁၉
တေးသံရှင် ရင်ဂိုမှ သားဖြစ်သူ အဆိုတော် ကျားပေါက်(ခေါ်) ဟန်ထူးလွင်အား အမွေပြတ်စွန့်လွှတ်လိုက်ပြီဖြစ် ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြော်ငြာထားပြီးဖြစ်သဖြင့် သားဖြစ်သူ ဟန်ထူးလွင်၏ မည်သည့် ကိစ္စကိုမှ တာဝန်ယူဖြေရှင်းပေးသွားမည်မဟုတ်ကြောင်း အောက်တိုဘာလ (၁၈) ရက်က နိုင်ငံပိုင်သတင်းစာတွင် တရားဝင်ကြေညာလိုက်သည်။

အဆိုပါကြေညာစာတွင် “သားဖြစ်သူ အဆိုတော်ဟန်ထူးလွင်(ခ)ကျားပေါက်သည် မိဘ၏ဆိုဆုံးမမှုအား နားမထောင်ဘဲ ၎င်းသဘောဆန္ဒအလျောက် နေအိမ်မှထွက်ခွာသွားသဖြင့် သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပြီး ၎င်းနဲ့ပတ်သက်သော ကိစ္စအဝဝအား တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း” အဆိုတော်ရင်ဂိုက တရားလွှတ်တော်ရှေ့နေမှတဆင့် နိုင်ငံပိုင်သတင်းစာတွင် ကြေညာလိုက်သည်။
ကျားပေါက်အနေဖြင့် ၎င်းအား မိဘများမှအမွေပြတ်စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခံလိုက်ရသည့်အပေါ် “ဘာမှ မှတ်ချက် မပေးလိုပါဘူး” ဟု မီဒီယာတစ်ခုတွင် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုတော် ကျားပေါက်(ခ) ဟန်ထူးလွင် ကိုယ်တိုင်ရေးဆွဲထားတဲ့ Doodle Art နှင့် Ukulele ကို အောက်တိုဘာလ (၁၆) ရက် နံနက်ပိုင်းမှ စတင်၍ ကြမ်းခင်းဈေး USD 1000 ဖြင့် လေလံဆွဲခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ (၁၇) ရက်၊ ည (၉) နာရီ လေလံပိတ်ချိန်တွင် USD 27500(မြန်မာကျပ်ငွေ သိန်း ၅ဝဝ နီးပါး) အထိ ရရှိခဲ့ကာ ကမ္ဘာတွင် နံပါတ်တစ် ဈေးအမြင့်ဆုံး Ukulele စာရင်းဝင်သွားခဲ့ကြောင်းသိရသည်။ အဆိုပါ လေလံတင်ရောင်းချရ ငွေကြေးအားလုံးကို NUG ထံသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကျားပေါက်က “သူ့ရဲ့ Art ကိုဝယ်ချင်တာထက် ပြည်သူများက NUG ကို Support လုပ်ချင်တဲ့ စေတနာများ ကြောင့်သာ အခုလိုငွေကြေးကို ရရှိခဲ့တာဖြစ်တယ်လို့ ယုံကြည်ကြောင်း” ၎င်းကိုယ်တိုင်အသုံးပြုသည့် လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ကျားပေါက်(ခ) ဟန်ထူးလွင်သည် နိုဗန်ထူး၊ ကွယ်လွန်သူ ရေမွန်၊ အောင်ထက်၊ Rဇာနည်တို့နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုပိုင်းများတွင် အာဏာသိမ်းမှုစတင် ဖြစ်ပွားကတည်းက အနုပညာရှင်တစ်ဦး အဖြစ်ရော၊ ပြည်သူတစ်ဦးအနေဖြင့်ပါ ဆန္ဒထုတ်ဖော်ပွဲများတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူဖြစ်သည်။ လက်ရှိတွင်လည်း NUG, PDF အဖွဲ့များအတွက် လိုအပ်သလိုလှူဒါန်းမှုများ ပြုလုပ်လျက်ရှိပြီး လူမှုကွန်ရက်တွင် စည်းရုံးလှုံ့ဆော်မှုပိုင်းများ၊ NUG နှင့်ပတ်သက်သည့် တင်ဆက်မှုပိုင်းများတွင် အဓိကပါဝင်လုပ်ဆောင်လျက်ရှိသည်။
#NPNews

Related news

© 2021. All rights reserved.