NLD မှ ဆရာမုံရွာအောင်ရှင်ကို ညတွင်းချင်းပြန်ဖမ်းသည်ဆိုသောသတင်းနှင့် အချို့သတင်းများ မှားယွင်းနေပြီး မဟုတ်မမှန်ရေးနေကြခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ပြန်ရှင်း

2268

Iris (NP News) - အောက်တိုဘာ ၁၉
အောက်တိုဘာ(၁၈)ရက်က ပြန်လွတ်လာသူ NLD ပါတီမှ မုံရွာအောင်ရှင်ကို ပြန်လည်ဖမ်းဆီးသွားပြီဆိုသောသတင်းများမှာ မှားယွင်းနေကြောင်းနှင့် အခြားသောမလိုလားအပ်သည့်ရေးသားဖြန့်ဝေချက်များမှာလည်း မဟုတ်မှန်ကြောင်း ဇနီးဖြစ်သူက ပြန်လည်ရှင်းလင်းပြောကြားလိုက်သည်။
NLD ပါတီ ဗဟိုပြန်ကြားရေးအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ၊ ဒီလှိုင်းဂျာနယ်၏အယ်ဒီတာချုပ်မုံရွာအောင်ရှင်မှာ ဖေဖော်ဝါရီ(၁)ရက် အာဏာသိမ်းစဉ်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စုစုပေါင်း (၈)လကျော်ကြာမြင့်ချိန်တွင် နစကဘက်ကလည်း ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ သို့သော်လည်း ပြန်လွှတ်ပေးသည့် အောက်တိုဘာ(၁၈)ရက် ညပိုင်းမှာပင်လျှင် စစ်တပ်က ပြန်လည်ဖမ်းဆီးသွားပြီဟုသောသတင်းများ စတင်ထွက်ပေါ်လာခဲ့ပြန်သည်။ " ဆရာမုံရွာအောင်ရှင် ပြန်ဖမ်းခံရတယ်လို့ သတင်းကို မေးနေကြတဲ့ ချစ်သောမိတ်ဆွေများအားလုံး၊ ရဲဘော်ရဲဘက်များအားလုံး၊ စိတ်ပူပေးနေကြသောသူများအားလုံး သတင်းမှားသာဖြစ်ပါတယ်ရှင့် " ဟု မုံရွာအောင်ရှင်၏ ဇနီးဖြစ်သူက အောက်တိုဘာ(၁၉)ရက်တွင် ၎င်း၏ သီးသန့်လူမှုကွန်ရက်မှတစ်ဆင့် အများပြည်သူကို အသိပေးသည်။ အောက်တိုဘာ(၁၉)ရက်တွင် ဆက်တိုက်ဖော်ပြထားသော ရေးသားချက်များတွင် မုံရွာအောင်ရှင်မှာ နေအိမ်သို့ အေးအေးချမ်းချမ်းဖြင့် ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း၊ ၎င်းနှင့်ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများမှာ အမှားများသာဖြစ်ကြောင်း အတိအလင်းရေးသားထားသည်။ အခြားတစ်ဖက်တွင်မူ ညတွင်းချင်းပြန်လည်ဖမ်းဆီးခံလိုက်ရသည်ဟု ရည်ရွယ်ချက်ရှိရှိရေးသားဖြန့်ဝေနေသောသူများ ရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား အပြစ်တင်ထားသည့် ပုံအတုဖြင့်စာများလည်း လူမှုကွန်ရက်တစ်ခွင်တွင် ပျံ့နှံ့လာနေသည်ကို တွေ့ရသည်။
" ဆရာမုံရွာအောင်ရှင်နှင့် ပတ်သက်၍ online တွင် မဟုတ်မမှန်သတင်းများပျံ့နှံ့နေခြင်းသည် ကာယကံရှင်ကိုယ်တိုင်ပင် မသိရှိရသော သတင်းမှားများဖြစ်ပါသည်။ ယခုလိုင်းပေါ်တွင် တင်ထားသောသတင်းကို ဆရာမုံရွာအောင်ရှင်လုံးဝ (လုံးဝ) ဖြေကြားခြင်းမရှိပါ မဟုတ်မမှန် ဖန်းတီးနေခြင်းသာဖြစ်ပါသည် " ဟု ဇနီးဖြစ်သူက သတင်းအတုတင်ထားသော စာကို ပြန်လည်ဖော်ပြ၍ ရှင်းလင်းထားသည်ကို တွေ့ရသည်။