ကမ္ဘာကျော်သူဌေးကြီး ဂျက်မားက နှစ်အတန်ကြာပျောက်ကွယ်နေရာကနေ မကြာခင် ဥရောပကိုခရီးထွက်ပြပြီး ထင်ထင်ရှားရှား ပြန်ပေါ်လာဖို့ ရှိနေ

 772

မိုးတိမ် (NP News) - အောက်တိုဘာ ၁၉
နှစ်အတန်ကြာ လူမြင်ကွင်းကနေပျောက်ကွယ်နေတဲ့ တရုတ်သူဌေးကြီး ဂျက်မာဟာ ၂၀၁၈ နောက်ပိုင်းပထမဆုံးအဖြစ် ဥရောပဘက်ကို စိုက်ပျိုးရေးကဏ္ဍအတွက် ခရီးထွက်မှာဖြစ်တယ်လို့ South China Morning Post က ရေးသားဖော်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံထဲကနေ ကမ္ဘာ့အကျော်ကြားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တဲ့ ဂျက်မားဟာ တရုတ်အစိုးရနဲ့ ထိပ်တိုက်တွေ့မှုတွေရှိခဲ့တယ်လို့ ယူဆရပြီးတဲ့နောက် အများမြင်ကွင်းကနေ နှစ်နဲ့ချီပြီး ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် သာမန်လူတစ်ဦး ဆယ်နှစ်လောက်ပျောက်ကွယ်နေရင် မသိသာပေမယ့် ဂျက်မားလိုလူတစ်ယောက် တစ်ရက်လောက်ပျောက်ကွယ်သွားတာဟာ ကမ္ဘာ့မီဒီယာစာမျက်နှာမှာ မေးခွန်းထုတ်မှုတွေ များစွာရှိလာတာမျိုးလည်း ဖြစ်ပါတယ်။ ဂျက်မားရဲ့အမည်မဖော်လိုတဲ့အတွင်းလူသတင်းရင်းမြစ်တစ်ဦးက အတည်ပြုချက်မှာတော့ ဂျက်မားဟာ အသက်(၅၅)နှစ်ပြည့် မွေးနေ့အတွက် စပိန်ကိုသွားရောက်မှာဖြစ်ပြီး စပိန်မှာပဲမွေးနေ့ကို ဖြတ်သန်းမှာဖြစ်သလို အခြားတစ်ဖက်မှာတော့ စိုက်ပျိုးရေးကဏ္ဍအတွက် များစွာသောစကားပြောဆိုဆွေးနွေးမှုတွေ လုပ်ဆောင်သွားလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ခရီးမထွက်ခင်ကာလအတွင်းမှာတော့ ဟောင်ကောင်မှာပဲ တိုးတိုးတိတ်တိတ် သိုသိုသိပ်သိပ်လေးနဲ့ မိသားစုအချိန်ကို အေးဆေးစွာနေလိုတဲ့ဆန္ဒပြင်းပြနေတယ်လို့လည်း ဆိုပါတယ်။ နှစ်နဲ့ချီပြီး ပျောက်ကွယ်နေခဲ့တာဟာလည်း တရုတ်အစိုးရကိုယ်တိုင်က ဂျက်မားကို ဖိအားပေးခဲ့ပုံရတယ်လို့ သုံးသပ်နေကြသလို မှတ်တမ်းဓါတ်ပုံအချို့အရ ၂၀၂၁ ခုနှစ်မေလမှာ မွေးရပ်မြေ ဟန်ကျိုးရဲ့ဈေးတန်းတွေကြားမှာ လျှောက်သွားနေတဲ့ ဂျက်မားကို တွေ့ပြီးတဲ့နောက် ဒီကိစ္စတွေဟာ ပြေလည်သွားခဲ့ပြီဖြစ်တယ်လို့ ဆင့်ကဲသုံးသပ်သူတွေ ရှိလာပါတယ်။ အထူးသဖြင့် ဂျက်မားဟာ တရုတ်အစိုးရအာဏာပိုင်တွေထက်၊ သမ္မတ ရှီကျင်းပင်ထက် ဂုဏ်သတင်းကြီးလာတာကို တရုတ်အစိုးရက အလိုရှိပုံမရဘူးလို့ သုံးသပ်သူတွေက ပြောဆိုနေကြသလို အခြားတစ်ဖက်မှာတော့ ဂျက်မားရဲ့လုပ်ငန်းတွေဟာ တရုတ်အစိုးရရဲ့သတ်မှတ်ချက်စည်းကမ်းတွေကို ချိုးဖောက်မှုလုပ်ထားပုံရတယ်လို့လည်း ဆိုကြပါတယ်။

ဂျက်မားဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်းကနေစတင်ပြီး အလီဘာဘာလုပ်ငန်းစုရဲ့ဥက္ကဋ္ဌနေရာကနေ နှုတ်ထွက်ပြီး ကမ္ဘာလုံးဆိုင်ရာထင်ရှားကျော်ကြားသူ၊ စကားပြောကောင်းသူတစ်ဦးဘဝနဲ့ လူငယ်မျိုးဆက်ကို ပညာဖြန့်ဝေမှုတွေပဲ လုပ်တော့မယ်လို့ စဉ်းစားခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဂျက်မားရဲ့ပိုင်ဆိုင်မှုဟာ ကမ္ဘာ့အချမ်းသာဆုံးထိပ်တန်းစာရင်းဝင် သူဌေးကြီး(၂၀)ဦးထဲမှာ ပါဝင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.