စွမ်းအင်အခက်ခဲများကြောင့် ပဲရစ်မြို့ရှိ ကမ္ဘာကျော် အီဖယ်မျှော်စင်အတွက် လျှပ်စစ်မီးများသုံးစွဲမှုလျော့ချရန် စီစဉ်

 898

ဖြိုးခန့်(NP News) - စက်တင်ဘာ ၁၂

လောင်စာဆီ ကုန်ကျစရိတ်များမြင့်တက်လာမှုနှင့် ဥရောပတွင် နေထိုင်မှုစရိတ်မြင့်တက်လာမှုများ ကြောင့် ပြင်သစ် ပဲရစ်မြို့တော်ဝန်သည် ပဲရစ်မြို့တော် စွမ်းအင်ချွေတာရေးအစီအစဉ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် အီဖယ်မျှော်စင်တွင် လျှပ်စစ်မီးများအသုံးပြုမှုကို လျှော့ချရန် စီစဉ်နေကြောင်းသိရသည်။

မြို့တော်ဝန် အန်နီးဟီဒါဂိုသည် လာမည့်သီတင်းပတ်အစောပိုင်းတွင် စွမ်းအင်သုံးစွဲမှုကို လျော့ချရန် အတွက် ၎င်း၏အစီအစဉ်ကို တင်ပြမည်ဖြစ်ကြောင်း ပြင်သစ်မဂ္ဂဇင်း Le Journal du Dimancheက စက်တင်ဘာ(၁ဝ)ရက်နေ့တွင် ဖော်ပြခဲ့သည်၊၊
အဆိုပါအစီအစဉ်တွင် ပဲရစ်မြို့နှင့် ပြင်သစ်နိုင်ငံ၏အထင်ကရ အမှတ်အသားတစ်ခုဖြစ်သော ညအချိန် တွင် ရွှေရောင်တောက်နေသည့် (၃၃၆) ပရိုဂျက်တာ စက်များကို ပုံမှန်ထက် (၇၅)မိနစ်စော၍ ပိတ်ပစ် ခြင်းများပါဝင်ပြီး အမြင့် (၃၃ဝ) မီတာမြင့်သော အီဖယ်မျှော်စင်ကို လည်ပတ်သူများမရှိ‌တော့သည့် ည ၁၁ နာရီ ၄၅ မိနစ်တွင် လျှပ်စစ်မီးများပိတ်ထားနိုင်ဖွယ်ရှိနေကြောင်းသိရသည်၊၊

အီဖယ်မျှော်စင်စီမံခန့်ခွဲရေးဥက္ကဋ္ဌ ဂျင်ဖရန်ကွိုက်စ်မာတင် က “အဲဒီဆောင်ရွက်ချက်ဟာ စက်တင်ဘာလ (၁၂) ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်၊၊ ကျွန်တော်တို့ဟာ တာဝါရဲ့လည်ပတ်မှုကို မထိခိုက်စေဘဲ၊ လည်ပတ်သူတွေ၊ စားသောက်ဆိုင်တွေရဲ့ဖောက်သည်တွေကို အနှောင့်အယှက်မပေးဘဲ လျှပ်စစ်မီးထွန်း တာတွေကို သိသိသာသာ လျှော့ချသွားမှာပါ” ဟု ပြောဆိုခဲ့သည်၊၊

ဂျင်ဖရန်ကွိုက်စ်မာတင်က အဆိုပါစွမ်းအင်ချွေတာမှုသည် ထူးခြားသွားမည်မဟုတ်သော်လည်း အခြားသူ များအတွက် စံနမူနာတစ်ခုအဖြစ် ပြသသွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်၊၊

ပဲရစ်မြို့၏အထိမ်းအမှတ်အဆောက်အအုံကို တစ်နေ့လျှင် လူ (၂ဝဝဝဝ) ကျော် လာရောက်လည်ပတ် လေ့ရှိပြီး အဆိုပါအဆောက်အအုံတွင် ထွန်းထားသော ညမီးအလင်းရောင်သည် နှစ်စဉ် စွမ်းအင်သုံးစွဲမှု၏ (၄) ရာခိုင်နှုန်းဖြစ်သည်ဟု သတင်းများထွက်နေကြောင်းသိရသည်၊၊

နိုင်ငံတစ်ဝှမ်းရှိ အခြားမြို့ကြီးများတွင်လည်း အဓိကနေရာများ၏ ညမီးအလင်းရောင်သုံးစွဲမှုကို လျော့ချ လျက်ရှိကြောင်း သိရသည်၊၊ စွမ်းအင်ချွေတာရန်အတွက် ဖာရိုနန်းတော်အပါအဝင် Marseille မြို့ရှိ အထိမ်းအမှတ်အဆောက်အအုံများတွင် စက်တင်ဘာလကုန်မှစ၍ မီးများကို စတင်ပိတ်ထားမည်ဖြစ်ကြောင်းသိရသည်၊၊

Zawgyi Version;







Related news

© 2021. All rights reserved.