ကြံ့ချိုမှောင်ခိုရောင်းဝယ်မှုနဲ့ အမေရိကန်မှာ မလေးရှားနိုင်ငံသား ထောင်ဒဏ်ချမှတ်ခံရ

 637

ရောင်နီ (NP News) - စက်တင်ဘာ ၂၁

Godfather လို့ လူသိများတဲ့ မလေးရှား တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားသူ တီအိုဘွန်ချိုင် ဟာ မျိုးတုံးလုနီးပါး ကြံ့ချို ရာနဲ့ချီကို မှောင်ခိုကူးမှုနဲ့ အမေရိကန်မှာ ထောင်ဒဏ် ၁၈ လ ချမှတ်ခံရပါတယ်။

အသက် ၅၈ နှစ်အရွယ် ချိုင်ဟာ ၂ဝ၂၂ ခုနှစ် ဇွန်လမှာ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အာဖရိက ကြံ့ဖြူနဲ့ အနက်ရောင်ကြံ့ချို၂၁၉ ကီလိုဂရမ် (၄၈၃ ပေါင်) ကို မှောင်ခိုသယ်ဆောင်ရောင်းဝယ်မှုအတွက် အမေရိကန် လွှဲပို့ရေးတောင်းဆိုမှုနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပါတယ်။ ၎င်းက အဲဒီအမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး အင်္ဂါနေ့ (စက်တင်ဘာ ၁၉ ရက်) က အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ စီရင်ချက်ချခဲ့တယ်။

"တောရိုင်းတိရိစ္ဆာန်အစိတ်အပိုင်းတွေ မှောင်ခိုကူးခြင်းဟာ ကမ္ဘာတစ်ဝန်းရှိ သဘာဝအရင်းအမြစ်တွေနဲ့ ဂေဟဗေဒ အမွေအနှစ်တွေအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကြံ့မြောက်မြားစွာကို တရားမဝင်သတ်ဖြတ်ခြင်းဟာ မုဆိုးတွေ ကြွယ်ဝစေမယ့် နည်းလမ်းဖြစ်နေတာကြောင့် အဆိုပါတရားမဝင် ထွက်ကုန်တွေအတွက် စျေးကွက်ဟာ ပိုမိုကျယ်ပြန့်လာခဲ့တယ်လို့ အမေရိကန် ရှေ့နေချုပ် ဒါမီအန် ဝီလီယံက နယူးယောက်မြို့တောင်ပိုင်းခရိုင်အတွက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကြံ့တွေကို အန္တရာယ်ရှိ တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန်များဆိုင်ရာ နိုင်ငံတကာ ကုန်သွယ်မှု သဘောတူစာချုပ် (CITES) အရ ကာကွယ်ထားပြီး ၎င်းတို့ရဲ့ဦးချိုတွေကို နိုင်ငံတကာကုန်သွယ်မှု
မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ အာရှတိုက်နဲ့ နေရာအချို့မှာ ကြံ့ချိုတွေကို အဆင့်အတန်း သင်္ကေတအဖြစ် သတ်မှတ်ကြပြီး ဆေးဘက်ဝင်တယ်လို့ ယူဆထားပါတယ်။

ကမ္ဘာပေါ်မှာ ကြံ့ရိုင်းအကောင်ရေ ၂၇ဝဝဝ ခန့်သာ ကျန်ရှိနေပြီး အများစုဟာ အာဖရိကမှာ ကျတ်စားနေထိုင်တယ်လို့ ကမ္ဘာ့တောရိုင်း တိရစ္ဆာန်ရန်ပုံငွေအဖွဲ့မှ ဖော်ပြချက်အရ သိရပါတယ်။

Zawgyi Version;
ႀကံ့ခ်ိဳေမွာင္ခိုေရာင္းဝယ္မႈနဲ႔ အေမရိကန္မွာ မေလးရွားႏိုင္ငံသား ေထာင္ဒဏ္ခ်မွတ္ခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၁

Godfather လို႔ လူသိမ်ားတဲ့ မေလးရွား ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္ေဖာက္ကားသူ တီအိုဘြန္ခ်ိဳင္ ဟာ မ်ိဳးတုံးလုနီးပါး ႀကံ့ခ်ိဳ ရာနဲ႔ခ်ီကို ေမွာင္ခိုကူးမႈနဲ႔ အေမရိကန္မွာ ေထာင္ဒဏ္ ၁၈ လ ခ်မွတ္ခံရပါတယ္။

အသက္ ၅၈ ႏွစ္အ႐ြယ္ ခ်ိဳင္ဟာ ၂ဝ၂၂ ခုႏွစ္ ဇြန္လမွာ မ်ိဳးတုံးေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့ အာဖရိက ႀကံ့ျဖဴနဲ႔ အနက္ေရာင္ႀကံ့ခ်ိဳ၂၁၉ ကီလိုဂရမ္ (၄၈၃ ေပါင္) ကို ေမွာင္ခိုသယ္ေဆာင္ေရာင္းဝယ္မႈအတြက္ အေမရိကန္ လႊဲပို႔ေရးေတာင္းဆိုမႈနဲ႔ ထိုင္းႏိုင္ငံမွာ ဖမ္းဆီးခံရပါတယ္။ ၎က အဲဒီအမႈအတြက္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ၿပီး အဂၤါေန႔ (စက္တင္ဘာ ၁၉ ရက္) က အေမရိကန္ႏိုင္ငံ၊ နယူးေယာက္မွာ စီရင္ခ်က္ခ်ခဲ့တယ္။

"ေတာ႐ိုင္းတိရိစာၦန္အစိတ္အပိုင္းေတြ ေမွာင္ခိုကူးျခင္းဟာ ကမာၻတစ္ဝန္းရွိ သဘာဝအရင္းအျမစ္ေတြနဲ႔ ေဂဟေဗဒ အေမြအႏွစ္ေတြအတြက္ ႀကီးမားတဲ့ၿခိမ္းေျခာက္မႈတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ႀကံ့ေျမာက္ျမားစြာကို တရားမဝင္သတ္ျဖတ္ျခင္းဟာ မုဆိုးေတြ ႂကြယ္ဝေစမယ့္ နည္းလမ္းျဖစ္ေနတာေၾကာင့္ အဆိုပါတရားမဝင္ ထြက္ကုန္ေတြအတြက္ ေစ်းကြက္ဟာ ပိုမိုက်ယ္ျပန္႔လာခဲ့တယ္လို႔ အေမရိကန္ ေရွ႕ေနခ်ဳပ္ ဒါမီအန္ ဝီလီယံက နယူးေယာက္ၿမိဳ႕ေတာင္ပိုင္းခ႐ိုင္အတြက္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႀကံ့ေတြကို အႏၲရာယ္ရွိ ေတာ႐ိုင္းတိရစာၦန္နဲ႔ သစ္ပင္ပန္းမန္မ်ားဆိုင္ရာ ႏိုင္ငံတကာ ကုန္သြယ္မႈ သေဘာတူစာခ်ဳပ္ (CITES) အရ ကာကြယ္ထားၿပီး ၎တို႔ရဲ႕ဦးခ်ိဳေတြကို ႏိုင္ငံတကာကုန္သြယ္မႈ
မျပဳလုပ္ဖို႔ တားျမစ္ထားပါတယ္။ အာရွတိုက္နဲ႔ ေနရာအခ်ိဳ႕မွာ ႀကံ့ခ်ိဳေတြကို အဆင့္အတန္း သေကၤတအျဖစ္ သတ္မွတ္ၾကၿပီး ေဆးဘက္ဝင္တယ္လို႔ ယူဆထားပါတယ္။

ကမာၻေပၚမွာ ႀကံ့႐ိုင္းအေကာင္ေရ ၂၇ဝဝဝ ခန႔္သာ က်န္ရွိေနၿပီး အမ်ားစုဟာ အာဖရိကမွာ က်တ္စားေနထိုင္တယ္လို႔ ကမာၻ႔ေတာ႐ိုင္း တိရစာၦန္ရန္ပုံေငြအဖြဲ႕မွ ေဖာ္ျပခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.