ဘင်္ဂလားဒေရှ် ဆန္ဒပြကျောင်းသားများကို ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများ အသုံးပြုဖြိုခွင်း

2468

ဂျန်ဇက် (NP News) - ဇူလိုင် ၁၂
ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့သည် လက်ရှိဖြစ်ပွားလျက်ရှိနေသည့်ကျောင်းသားများ၏ ဆန္ဒပြပွဲများကို မျက်ရည်ယိုဗုံးများ အပြင် ရာဘာကျည်ဆံများ အသုံးပြုဖြိုခွင်းခြင်းများ လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့် တက္ကသိုလ်ကျောင်းသားများသည် အစိုးရ၏ ဝန်ထမ်းစုဆောင်းရေး စည်းကမ်းသတ်မှတ်ချက်များကို မကျေနပ် သည့်အတွက် တောင်းဆိုဆန္ဒပြလာခဲ့ပြီးနောက် ရဲတပ်ဖွဲ့ နှင့် ထိပ်တိုက်တွေ့ဆုံလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒပြတက္ကသိုလ်ကျေင်းသားများက အဆိုပါစည်းကမ်းသတ်မှတ်ချက်များသည် ခွဲခြားဆက်ဆံခြင်းများလည်း ရှိနေကြောင်း၊ အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းအပေါ်မူတည်ပြီး အစိုးရဝန်ထမ်းအသစ်များ ခန့်အပ်ထားစေလို ကြောင်း တောင်းဆိုနေသည်ဟု သိရသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် အစိုးရဝန်ထမ်းခန့်အပ်ရာမှာ ဘင်္ဂလားဒေရှ့် နိုင်ငံကို လွတ်လပ်ရေးရရှိစေရန် တိုက်ပွဲဝင်ခဲ့သောသူများ၏ မိသားစုဝင်များနှင့်အစိုးရကို လိုလားထောက်ခံ သူများကို ဦးစားပေးခန့်အပ်ခြင်းများ ရှိနေရာ အခွင့်အထူးခံ ပုံစံမျိုး ဆက်ဆံခန့်ထားခြင်းများ ရှိကြောင်း သိရသည်။
အဆိုပါစနစ်နှင့်ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုများမြင့်တက်နေပြီး အထူးသဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံသားအချင်းချင်း မျှတမှုမရှိသော စနစ်ဖြစ်နေကြောင်း ကျောင်းသားများက ဝေဖန်ပြစ်တင်ကြသည်။
ဆန္ဒပြကျောင်းသားများသည် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ အဓိကမြို့တော် ဒါကာမြို့နှင့်ချိတ်ဆက်ထားသည့် အဓိက လမ်းမကြီးကို ပိတ်ဆို့ရန် ကြိုးပမ်းလာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းခြင်းများ လုပ်ဆောင် လာခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက "ရဲတပ်ဖွဲ့ဝင်တွေဟာ ရာဘာကျည်ဆံတွေ အသုံးပြုခဲ့တယ်။ မျက်ရည်ယိုဗုံးတွေလည်း အသုံးပြုခဲ့တယ်" ဟု ပြောသည်။
ကိုမီလာ ဆေးကျောင်းသားများ ကောလိပ်နှင့် ဆေးရုံမှ ဒါရိုက်တာတစ်ဦးက ဆန္ဒပြကျောင်း ၁၁ ဦး ဒဏ်ရာရခဲ့ ကြောင်း၊ ရာဘာကျည်ဆံထိမှန်ခြင်းကြောင့် ဒဏ်ရာရခြင်းမျိုး မဟုတ်ကြောင်း ပြေသည်။ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရေးအဖွဲ့က ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့၏ ဖြိုခွင်းချက်များကြောင့် ဆန္ဒပြကျောင်းသား အနည်းဆုံး ၂၀ ဦးဒဏ်ရာရခဲ့ပြီး မလိုအပ်ဘဲအင်အားအလွန်အကျွံ အသုံးပြုခြင်းကို ရပ်တန်ရမည်ဖြစ်ကြောင်း ပြောသည်။

Zawgyi Version;