ကံကြမ္မာအလှည့်အပြောင်းနှင့် ကံဆိုးကံကောင်း(နိုင်ငံတော်လုပ်ကြံမှုကြီး) (၁၉ ဇူလိုင်အထိမ်းအမှတ်ဆောင်းပါး)
771
အောင်ကိုကို (NP News) - ဇူလိုင် ၁၉
၁၉၄၇၊ ဇူလိုင်လ (၁၉)ရက်၊ စနေနေ့…။
မိုးရာသီဖြစ်၍ မနက်ကတည်းက မိုးသည်ရွာလိုက်တိတ်လိုက်ဖြင့် ရန်ကုန်မြို့သည် စွတ်စိုနေသည်။
အတွင်းဝန်များရုံး (နောင်တွင်ဝန်ကြီးများရုံး)အပေါ်ထပ် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းနှင့် ဆက်နေသော အစည်းအဝေးခန်းထဲတွင် ဘုရင်ခံအမှုဆောင်ကောင်စီ ဒုတိယသဘာပတိ (ဝန်ကြီးချုပ်) ဗိုလ်ချုပ်အောင်ဆန်း သဘာပတိအဖြစ် ဆောင်ရွက်သော ဘုရင်ခံအမှုဆောင်ကော်မတီ (ဝန်ကြီးများအဖွဲ့) အစည်းအဝေးအား နံနက် (၁၀:၀၀) နာရီခန့်မှစတင်၍ ကျင်းပလျက်ရှိသည်။
(၁၀:၃၀)နာရီခန့်တွင် နံပါတ်အတု R.C (၁၈၁၄) တပ်ဆင်ထားသော ဂျစ်ကား တစ်စီးသည် စပတ်လမ်း (ဗိုလ်အောင်ကျော်လမ်း)ဂိတ်ပေါက်မှဝင်လာပြီး (မဟာဗန္ဓုလလမ်းဘက်)အတွင်းဝန် များရုံး လှေကား ခြေရင်းနားတွင် ရပ်လိုက်သည်။ (ယခုအခါ စပတ်လမ်းဂိတ်ကို ပိတ်ထားလိုက်ပါပြီ။) ကားပေါ်တွင် လူတစ်ဦး ကျန်ရစ်ပြီး၊ အမှတ်(၁၂) စစ်တပ်ခြင်္သေ့ပခုံးတံဆိပ်တပ် အစိမ်းရင့်ရောင် စစ်ဝတ်စုံဝတ်၊ စစ်ဦးထုပ်ဆောင်းပြီး မောင်းပြန် သေနတ်ကိုင်ဆောင်ထားသူ (၄)ဦးသည် ကားပေါ်မှ ဆင်း၍ လှေကားပေါ်တက်သွားကြသည်။
ပထမထပ်ရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းရှေ့သို့ ရောက်သောအခါ ရုံးခန်းဝရှိ ရုံးခန်း စောင့်ကို သေနတ်နှင့်ချိန်၍ တွန်းဖယ်ကာ အစည်းအဝေးခန်းထဲသို့ ဝင်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီး အဖွဲ့အား မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်လုပ်ကြံကြတော့သည်။
ဂဠုန်ဦးစော ဦးဆောင်စီစဉ်သော ထိုလုပ်ကြံမှုကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီးများ ဖြစ်ကြသော သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းနှင် အတွင်းဦးအုန်းမောင်တို့ ကျဆုံးခဲ့ရလေသည်။
လူသတ်သမား (၄)ဦး (မောင်စိုး၊ သက်နှင်း၊ မောင်စိန်၊ ရန်ကြီးအောင်)တို့သည် အစည်းအဝေးခန်းမှ ပြန်ထွက် လာပြီး အောက်ထပ်သို့ဆင်းရန် (တက်လာသည့် လှေကားမဟုတ်သော ဗိုလ်အောင်ကျော်လမ်း ဘက်) လှေကားရှိရာသို့ အသွားတွင် လှေကားထိပ်နားရှိ ဦးရာဇတ်၏ရုံးခန်းထဲမှ ဒသမ ၃၂ ခြောက်လုံးပြူး သေနတ်ကိုင်ကာ ထွက်လာသော ဦးရာဇတ်၏ သက်တော်စောင့်ရဲဘော်ကိုထွေးကို ရန်ကြီးအောင်က စတင်း သေနတ်ဖြင့် ပစ်ခတ်ရာ၊ ရဲဘော်ကိုထွေးလည်း သေနတ်ထိမှန် ကျဆုံးခဲ့ရလေသည်။
ရန်ကုန်မြို့ကား “မိုးရေ”ဖြင့် ဖုံးလွှမ်းနေရာမှ “သွေး”တို့ဖြင့် စွတ်စိုခဲ့ရပေပြီ။
“ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည်”ဆိုသော သတင်းဆိုးသည် အချိန်တိုအတွင်းမှာပင် တစ်နိုင်ငံလုံးသို့ “တောမီးပမာ-လျင်မြန်စွာ” ပျံ့နှံ့သွားခဲ့ပေရာ ပြည်သူလူထုတစ်ရပ်လုံးမှာ “ယူကြုံးမရ- အပူလုံးကြွကာ” မိုးနှင့်အပြိုင် မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ကြရလေတော့သည်။
ထိုနေ့က ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကြီး (၉)ဦးမှာ ဦးစောအဖွဲ့၏ လုပ်ကြံမှုကြောင့် ကြမ္မာဆိုးနှင့် ကြုံတွေ့ပြီး ကျဆုံးကွယ်လွန်ခဲ့ကြပေရာ၊ ထိုပုဂ္ဂိုလ်ကြီးများက လွတ်လပ်ရေးရရှိရန် ကြိုးပမ်း နေသည့် မြန်မာနိုင်ငံအတွက် လည်း “ကံဆိုးမိုးမှောင်ကျသည့်နေ့”ဟု ဆိုရပါမည်။
ဤလုပ်ကြံမှုကြီးကို ပြန်လည်သုံးသပ်သောအခါ ကံကြမ္မာအလှည့်အပြောင်း(၂)ရပ်ကို တွေ့ကြရ ပေမည်။
ပထမကံကြမ္မာအလှည့်အပြောင်း
(၂၄.၆.၁၉၄၇) ရက်နေ့တွင် ဦးစောကိုယ်တိုင် လိုက်ပါဦးဆောင်၍ လက်မှတ်တုသုံးကာ ဗိုလ်တထောင်(COD) လက်နက်ဂိုဒေါင်မှ လက်နက်များ (အောက်ခြေမှတ်စုတွင်ကြည့်ပါရန်) ထုတ်ယူသွား ခဲ့ရာ ဇူလိုင်လဆန်းတွင် ပုလိပ်ဌာနချုပ် သတင်းတပ်ဖွဲ့က “လက်နက်များကို မသမာသူတစ်စု ထုတ်သွား ကြောင်း” သတင်းရရှိပြီး ပြည်ထဲရေးဝန်ကြီးမှတဆင့် အစိုးရအဖွဲ့သို့ အစီရင်ခံခဲ့ရာ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း ပြည်ပသို့ ခရီးထွက်နေသဖြင့်) ခေတ္တပြည်ထဲရေးဝန်ကြီး ပျော်ဘွယ်ဦးမြက “သောင်းကျန်းမှု နှိမ်နင်းရေးတပ်”မှ တပ်စိတ်တစ်စိတ်ကို (မောင်းပြန်လက်နက်များ အပါအဝင်) လက်နက်ခဲယမ်း အပြည့် အစုံဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအပြင်ဘက်တွင် လုံခြုံရေးတာဝန်ချထားပေးခဲ့ပါသည်။
ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှနှင့် တိုင်ပင်၍ ထိုလုပ်ဆောင်ချက်ကို ဗိုလ်ချုပ်အား အသိ မပေးဘဲ နေခဲ့သော်လည်း တစ်နေ့တွင် ဗိုလ်ချုပ်က ရုံးသို့လာစဉ် ရဲဘော်များကို တွေ့သွားသဖြင့် လုံခြုံရေး တပ်စိတ်ကို ချက်ချင်းရုပ်သိမ်းစေခဲ့ပါသည်။ (ဗိုလ်ချုပ်၏ ဝန်ကြီးအဖွဲ့သည် အန္တရာယ်ရှိနိုင်ကြောင်း တွေးမိကြ သော်လည်း ဗိုလ်ချုပ်၏ စကားကို မလွန်ဆန်ခဲ့ကြပေ။)
သို့သော်လည်း ထိုနေ့မှာပင် ဗိုလ်ချုပ်က စဉ်းစားပြီး သားသမီးများ၏ လုံခြုံရေးအတွက် စိုးရိမ်သဖြင့် နေအိမ်တွင် လက်နက်မဲ့ စောင့်ကြပ်ရသော “ပြည်သူ့ရဲဘော်”များအား လက်နက်ခဲယမ်း ထုတ်ပေးခိုင်းခဲ့ရာ တော်မီဂန်း(၁)လက်၊ စတင်းဂန်း (၁)လက်၊ ခြောက်လုံးပြူး(၂)လက်တို့ကို ကျည်ဆန်များနှင့်တကွ ထုတ်ပေး ခဲ့ပါသည်။
အကယ်၍သာ…..
လုံခြုံရေးတပ်စိတ်ကို မရုပ်သိမ်းခဲ့လျှင် လုပ်ကြံရန်လာသော အဖွဲ့သည် ဗိုလ်ချုပ်၏ရုံးခန်းသို့ မရောက်မီတွင် ၎င်းတပ်စိတ်နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားပြီး လက်နက်လူအင်အားပိုသာသော တပ်စိတ်က လုပ်ကြံမည့် အဖွဲ့ကိုသုတ်သင် နိုင်ပေလိမ့်မည်။
အကယ်၍ ဗိုလ်ချုပ်၏နေအိမ် (ယခုတာဝါလိန်းပြတိုက်)သို့ လာရောက်လုပ်ကြံပါကလည်း လုပ်ကြံသူ များသည် ဗိုလ်ချုပ်ရှိရာ အိမ်အပေါ်ထပ်သို့ ရောက်နိုင်မည်မဟုတ်။ နေအိမ်တွင်ရှိသော (ဘီဒီအေနှင့် ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲ အတွေ့အကြုံရှိပြီး လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သော) “ပြည်သူ့ရဲဘော်” များက လူသတ်သမားများအား အလွယ်တကူ တွန်းလှန်တိုက်ခိုက်နိုင်မည်ဖြစ်ပါသည်။
ဒုတိယကံကြမ္မာအလှည့်အပြောင်း
(၂၉.၉.၁၉၄၆) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့၌ တာဝန်ယူပြီးချိန်မှစ၍ ဝန်ကြီးအဖွဲ့ (ကက်ဘိနက်)အစည်းအဝေးကို အပတ်စဉ် စနေနေ့၊ မနက် (၁၀)နာရီတွင် ကျင်းပလေ့ရှိသည်။ ဘုရင်ခံက တိုက်ရိုက်ခန့် ထားသည့် ဝန်ကြီးဂဠုန် ဦးစောလည်း တက်ရသည်။ သို့ရာတွင် (၂၇.၁.၁၉၄၇) ရက်နေ့တွင် အင်္ဂလန်၌ “အောင်ဆန်း- အက်တလီစာချုပ်”ကို ချုပ်ဆိုသောအခါ ဦးစောနှင့်သခင်ဗစိန်က ကန့်ကွက်ပြီး လက်မှတ်မထိုးခဲ့ကြသဖြင့် ရန်ကုန်သို့ ပြန်ရောက်သောအခါဦးစောနှင့် သခင်ဗစိန်တို့သည် ဝန်ကြီးရာထူးမှ နုတ်ထွက်ကြရပြီး ဝန်ကြီးအဖွဲ့အစည်းအဝေးများသို့ လည်း မတက်ကြရတော့ပေ။
ထို့ကြောင့် လန်ဒန်မှပြန်လာပြီးနောက် ဗိုလ်ချုပ်က ဝန်ကြီးများအဖွဲ့အစည်းအဝေးအား အပတ်စဉ် စနေနေ့အစား ဗုဒ္ဓဟူးနေ့သို့ ပြောင်းရွှေ့ကျင်းပနေသည်ကို ဦးစောက မသိရှိခဲ့ပေ။ စနေနေ့ (၁၀)နာရီတွင်သာ ကျင်းပသည်ဟုသာ ထင်မှတ် နေသည်။ (ဗိုလ်ထွန်းလှ၏ဆောင်းပါးမှ)
လုပ်ကြံမှုဖြစ်ပွားသည့် ရက်သတ္တပတ်က ဝန်ကြီးများအဖွဲ့အစည်းအဝေးကို ဇူလိုင် (၁၆)ရက် (ဗုဒ္ဓဟူး) နေ့တွင် ကျင်းပရန် ဖိတ်ကြားထားခဲ့ပြီးမှ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီ အစည်းအဝေး နှင့် တိုက်ဆိုင်နေသဖြင့် ဝန်ကြီးများအဖွဲ့အစည်းကို ဇူလိုင်(၁၉)ရက်(စနေနေ့)သို့ ရွှေ့ပြောင်းကျင်းပခဲ့ရခြင်း ဖြစ်ပါသည်။
အကယ်၍သာ…..
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီအစည်းအဝေးနှင့်သာ မတိုက်ဆိုင်ပါက ဝန်ကြီး များအဖွဲ့ အစည်းအဝေးကို ဇူလိုင် (၁၆)ရက်(ဗုဒ္ဓဟူး)နေ့တွင် ကျင်းပမည်ဖြစ်ရာ စနေနေ့တွင် ဝန်ကြီးများ အဖွဲ့အစည်းအဝေး ကျင်းပသည်ဟုသာ သိထားသော ဦးစောက လူသတ်သမားအဖွဲ့ကို (၁၆)ရက် နေ့တွင် စေလွှတ်မည် မဟုတ်သဖြင့် လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့သည် မဟုတ်ပေ။
ဤသို့သော ကံကြမ္မာအလှည့်အပြောင်း အကြောင်းတရားများကြောင့် အကျိုးတရားအဖြစ်၊ “လုပ်ကြံမှု အဖြစ်ဆိုးကြီး”ကား ပေါ်ပေါက်လာခဲ့ရချေပြီ။
ထိုအဖြစ်ဆိုးကြီးမှာပင် “ကံကောင်းထောက်မ၍” အသက်ဘေးမှ လွတ်မြောက်သွားသူများ ရှိသကဲ့သို့ “ကံဆိုးမိုးမှောင်ကျ၍” အသက်ဆုံးရှုံးခဲ့ရသူများလည်း ရှိခဲ့ကြပေသည်။
ထိုလုပ်ကြံမှုကြီးတွင် အဓိကခေါင်းဆောင်ဖြစ်သူ ဂဠုန်ဦးစောမှာ ခုနစ်တန်းပင်မအောင်ဘဲ အောက်တန်းရှေ့နေ လက်မှတ်ကိုသာ ရရှိထားသူဖြစ်သော်လည်း ကြိုးစား၍ လုံ့လဝီရိယရှိသောကြောင့် အင်္ဂလိပ်အစိုးရလက်ထက်တွင် နန်းရင်းဝန်ရာထူးကို ရရှိခဲ့သူဖြစ်ပါသည်။ အလိုကြီး၍ အရှက်အကြောက် ကင်းပြီး၊ လက်ရဲဇက်ရဲရှိကာ အခွင့်အရေးကောင်းကို မြင်တတ်ယူတတ်သည့်အပြင် ဗိုလ်ချုပ်အပေါ် ရန်ငြှိုးအာဃာတထားခဲ့သဖြင့် ဤလုပ်ကြံမှုကြီးကို ဦးဆောင်ဖန်တီး စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဦးစောကို (အနည်းဆုံး)အားပေးကူညီသူများ (သို့မဟုတ်) ညွှန်ကြားစေခိုင်းသူများလည်း ရှိခဲ့ပါသည်။
(အောက်ခြေမှတ်စုကို ကြည့်ပါရန်။)
ဤအောင်မြင်သည့် လုပ်ကြံမှုကြီးမတိုင်မီက ဦးစောသည် ဗိုလ်ချုပ်အား နှစ်ကြိမ်တိုင်လုပ်ကြံရန် ကြိုးစားခဲ့ဖူး သေးသည်။
“ပထမအကြိမ်”မှာ ဗြိတိသျှ စစ်တပ်များ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး၏ ပြည်လမ်းရှိနေအိမ်တွင် Cocktail Party ကျင်းပသော ညက ဗိုလ်ချုပ်အား သေနတ်ဖြင့် ပစ်ခတ်ရန် ဦးစောက တပည့်ခင်မောင်ရင် တစ်ဦးတည်းအား စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ထိုပွဲသို့ ဗိုလ်ချုပ်ရောက်ရှိလာသော်လည်း “ဗိုလ်ချုပ် ရောက် မလာပါ” ဟု ခင်မောင်ရင်က ပြန်လည်သတင်းပို့ပြီး ဗိုလ်ချုပ်အား ပစ်ခတ်ခြင်းမပြုခဲ့ပေ။
“ဒုတိယအကြိမ်”မှာ (ဇူလိုင် ၁၉ ရက်မတိုင်မီတစ်ပတ်အလို) ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်၊ စနေနေ့တွင် ဖြစ်သည်။ ဝန်ကြီးများအစည်းအဝေးသို့ တပည့်များစေလွှတ်၍ လုပ်ကြံရန် ကြိုးစားခဲ့ရာ ဗိုလ်ချုပ်၏ရုံးခန်းတံခါး အပိတ်စောခြင်း၊ ဝန်ကြီးများစော၍ ပြန်သွားကြခြင်းတို့ကြောင့် မလုပ်ကြံဖြစ်ခဲ့ပေ။ ထိုကိစ္စတွင် ဦးစောက တပည့်များ မလုပ်ကြံရဲ၍ လိမ်ပြောသည်ဟု ထင်ခဲ့ပြီး “တတိယအကြိမ်”တွင်မူ ယခင်အခေါက်များက မပါဝင်ခဲ့သော ထက်မြက်၍ အတွေ့အကြုံရှိသူ ဘညွန့်(နောင်တွင် အမှုကို ဖော်ကောင်လုပ်သူ)ကိုပါ ထည့်သွင်း၍ တာဝန်ပေးခဲ့သည်။
၁၉၄၇ ခု၊ ဇူလိုင်လ (၁၉)ရက်နေ့ လုပ်ကြံမှုတွင် ဦးစော၏ စီမံချက်မှာ ဤသို့ ဖြစ်သည်-
ဖို့ဒ်ဆန်ထရပ်ကားကို ခင်မောင်ရင်က မောင်းပြီး ဘညွန့်၊ မှုံကြီး၊ မောင်နီ တို့ လိုက်ပါသွားရမည်။ ကားကို အတွင်းဝန်များရုံးအပြင်ဘက်တွင် ရပ်ထားပြီး မောင်နီက ကားကိုစောင့်နေရမည်။ ခင်မောင်ရင်က ရုံးဝင်းအတွင်း ဝင်၍ ဝန်ကြီးများအစည်းအဝေးလုပ်ဖြစ်မဖြစ် လေ့လာပြီး ဖုန်းဆက်၍ ဦးစောထံ စကားဝှက်ဖြင့် သတင်းပို့ရမည်။
ဘညွန့်က ဝင်းအတွင်းရှိ တိုင်းပြုပြည်ပြု လွှတ်တော်အဆောက်အဦးသို့သွား၍ လွှတ်တော် ဥက္ကဌ သခင်နုရုံးခန်းတွင် ရှိမရှိ ကြည့်ရမည်။
ခင်မောင်ရင်ထံမှ အစည်းအဝေးလုပ်ဖြစ်ကြောင်း သတင်းပို့ချက်ရလျှင် ဂျစ်ကားကို သုခက မောင်းနှင်၍ မောင်စိုး၊ သက်နှင်း၊ မောင်စိန်၊ ရန်ကြီးအောင်တို့ လိုက်ပါပြီး အတွင်းဝန်ရုံးသို့ သွားရောက်ရမည်။
ရုံးအောက်တွင် ဂျစ်ကားကို စက်မသတ်ဘဲ ရပ်ထားပြီး သုခက အသင့်စောင့်ကျန်ရစ်ရမည်။ ကျန်(၄)ဦး က အစည်းအဝေးခန်းသို့ဝင်ရောက်ပြီး မောင်းပြန်သေနတ်များဖြင့် ဗိုလ်ချုပ်နှင့် ဝန်ကြီးများကို ပစ်ခတ်သတ်ဖြတ်ရမည်။
ဘညွန့်သည် ဂျစ်ကားပေါ်တွင် အပိုပါလာသော တော်မီသေနတ်ကိုယူပြီး အစည်းအဝေးခန်းမှ သေနတ်သံများ ကြားရချိန်တွင် သခင်နုအား ပစ်ခတ်သတ်ဖြတ်ရမည်။ ထို့နောက် ဘညွန့်နှင့်ရုံးပေါ်မှ ပြန်ဆင်းလာသူများသည် ဂျစ်ကားဖြင့် ပြန်လာကြရမည်။ ဤကား ဦးစော၏ လုပ်ကြံမှုစီမံချက်ဖြစ်ပေသည်။
ဇူလိုင်လ၊ (၁၉)ရက်နေ့ မနက်တွင် (ထရပ်ကား မောင်းလာသူ) ခင်မောင်ရင်က အတွင်းဝန်များရုံး အခြေအနေကို လေ့လာပြီးနောက်အနီးရှိ “သူရိယ” သတင်းစာတိုက်မှ တယ်လီဖုန်းဖြင့် အစည်းအဝေး လုပ်ဖြစ်ကြောင်းကို စကားဝှက် သုံးကာ “ပစ္စတင်ကွင်းများယူပြီးပါပြီ” ဟု ဦးစောထံသတင်းပို့လိုက်သည်။
သခင်နုကို လုပ်ကြံရမည့် ဘညွန့်သည် ၁၉၃၆ ခုနှစ် ကျောင်းသားပေါင်းစုံသပိတ်တွင် ပါဝင်ခဲ့စဉ်က သခင်နုက သပိတ်ခေါင်းဆောင်အဖြစ် သူ့ကို ဝံသာနုစိတ်ဓာတ် စတင်ပျိုးထောင်ပေးခဲ့သူဖြစ်သဖြင့် သခင်နုကို သတ်ရန် အတော်ဝန်လေး၍ ချီတုံချတုံဖြစ်နေသည်။ သို့သော် အတွင်းတန်များရုံးကြီးကို မြင်လိုက်ရချိန်တွင် ဦးစောခိုင်းထားတာလုပ်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ဘညွန့်သည် ရုံးဝင်းထဲရှိ တိုင်းပြု၊ ပြည်ပြု လွှတ်တော်အဆောက်အဦးဘက်သို့ လျှောက်သွားကာ သခင်နု၏ ရုံးခန်း ပြူတင်းပေါက်မှ အတွင်းသို့လှမ်းကြည့်လိုက်ရာ လူတစ်ဦး၏ မျက်နှာအထက်ပိုင်းကို မြင်ရသည်။ နောက်တစ်ခေါက် သွားပြီး ထပ်ကြည့်သောအခါ ထိုသူမှာ သခင်နုမဟုတ်ဘဲ အယ်လ်ပတ်ကား တိုက်ပုံနက် ဝတ်ထားသော ဦးကျော်မြင့် ကလေးဖြစ်နေသည်။ (သခင်နု ထိုနေ့က ရုံးမတက်ပါ။)
ဘညွန့် ပျော်သွားသည်။ သခင်နုအား လုပ်ကြံရန် မလိုတော့။ ထရပ်ကားရှိရာသို့ ပြန်သွားပြီး စောင့်ဆိုင်းနေကာ အများနှင့်အတူ ပြန်လာခဲ့သည်။ သခင်နုလည်း ကံကောင်းသွားသည်။
သခင်နုသည် အသက်ဘေးမှ လွတ်မြောက်သွားရုံသာမကဘဲ ဗိုလ်ချုပ်ကျဆုံးပြီးနောက် အစိုးရအဖွဲ့ကို ဆက်လက် ဦးဆောင်ကာ မြန်မာနိုင်ငံ ၁၉၄၈ ခု၊ ဇန်နဝါရီလ၊ (၄)ရက်နေ့တွင် လွတ်လပ်ရေးရပြီးနောက် တွင်လည်း (အိမ်စောင့် အစိုးရ အုပ်ချုပ်သည့်ကာလမှလွဲ၍) ၁၉၆၂ ခု၊ တော်လှန်ရေးကောင်စီအာဏာ သိမ်းယူချိန်အထိ “ဝန်ကြီးချုပ် ဦးနု” အဖြစ် အစိုးရ အဖွဲ့ကို ဦးဆောင်နိုင်ခဲ့ပေသည်။
ဇူလိုင်လ၊ (၁၉)ရက်နေ့ မနက်တွင် အစည်းအဝေးလုပ်ဖြစ်ကြောင်း ခင်မောင်ရင် သတင်းပို့သောအခါ ဦးစောသည် ဂျစ်ကားအဖွဲ့ကို ထွက်ခိုင်းလိုက်သည်။ သုခက ကားမောင်းပြီး မောင်စိုး၊ သက်နှင်း၊ မောင်စိန်၊ ရန်ကြီးအောင်တို့ မောင်းပြန် သေနတ်ကိုယ်စီဖြင့် လိုက်ပါသွားကြသည်။
ဦးစောသည် ယခင်ကတည်းကပင် ၎င်းတို့တစ်ဦးချင်းအား “မျိုးချစ်ပါတီကို သစ္စာဖောက်မိ၍ မိမိကိုယ်မိမိ သတ်သေသွားပါသည်” ဟု ရေးသား၍ လက်မှတ်ထိုးခိုင်းထားပေရာ ဦးစောသတ်မည်ကို ကြောက်ရွှံ့ရခြင်း၊ ဗိုလ်ချုပ်ကဲ့သို့ တစ်နိုင်ငံလုံးချစ်ကြည်လေးစားသော ပုဂ္ဂိုလ်ကို လုပ်ကြံရမည်ဖြစ်ခြင်းတို့ နှစ်ခုကြားတွင် သူတို့စိတ်များ လွန်ဆွဲ၍ နေကြသည်။
လမ်းခရီးတွင် ကားမောင်းသူ သုခက ဂျစ်ကားမှောက်သွားစေရန် ကြိုးစားသော်လည်း မအောင်မြင် ခဲ့ပေ။ အတွင်းဝန်ရုံးအနောက်ဘက် (မဟာဗန္ဓုလလမ်းဘက်) လှေကားခြေရင်းသို့ ဂျစ်ကားရောက်သောအခါ မောင်စိန်က ဂျစ်ကားနှင့် ပြန်သွားလိုသော်လည်း သက်နှင်းက တားမြစ်ကာပေးထားသော အမိန့်အတိုင်း ဆောင်ရွက်ရန်ခိုင်းလေသည်။
ထို့နောက် မောင်စိုး၊ သက်နှင်း၊ မောင်စိန်တို့ တော်မီသေနတ်ကိုယ်စီကိုင်ပြီး ရန်ကြီးအောင်က စတင်းသေနတ်ကိုင်ကာ ရုံးပေါ်သို့ လှေကားမှ တက်ခဲ့ကြသည်။ အပေါ်ထပ် ကော်ရစ်ဒါရှိ ဝန်ထမ်း(၂)ဦး၊ (၃)ဦးနှင့် ရုံးခန်းထဲရှိ ဝန်ထမ်းအချို့က ထူးဆန်းသလို ကြည့်နေကြသော်လည်း သူတို့ ဟန်မပျက်လျှောက် လာကြရာ၊ အစည်းအဝေးခန်းအနီးတွင်ရှိသော (ထရပ်ကားဖြင့် ကြိုရောက်ပြီး လေ့လာထားသူ) မှုံကြီးက ခေါင်းညိတ်အချက်ပြသည်။
၎င်းတို့ထဲမှ တစ်ဦးက အစည်းအဝေးခန်းတံခါးကို ဖွင့်ရာ တံခါးပေါက်တွင် စောင့်နေသော ရုံးလုလင် မောင်သောင်းစိန်က တားသည်။ သက်နှင်းက သေနတ်နှင့်ချိန်ပြီး အခြားတစ်ဦးက မောင်သောင်းစိန်ကို တွန်းဖယ်ကာ သေနတ်သမား (၄)ဦးသည် အခန်းထဲသို့ ဝင်သွားကြရင်း “မထနဲ့၊ မပြေးကြနဲ့” ဟု အော်လိုက်ကြသည်။
ရှေ့ဆုံးမှ ဝင်သွားသူ ရန်ကြီးအောင်က “ဂငယ်” ပုံစံ အစည်းအဝေးစားပွဲကြီး၏ အဝမှဝင်၍ ခြေစုံရပ်ပြီး ဗိုလ်ချုပ်ကို စပစ်တော့သည်။ ဗိုလ်ချုပ်က ထိုင်ရာမှထကာ လက်ကာပြရင်း တစ်စုံတစ်ခု အော်ပြောပြီး သေနတ်ဒဏ်ရာများဖြင့် သူ၏ လက်ယာအနောက်ဘက်ရှိ ရုံးစားပွဲသို့ ကြိုးစားလျှောက်သွားရင်း စားပွဲနှစ်ခုကြား၌ ကျဆုံးခဲ့ရသည်။
သေနတ်သမားများသည် အစပိုင်းတွင် ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်၏ လက်ယာဘက်ရှိ သခင်မြတို့စားပွဲမှ ဝန်ကြီးများကို သဲသဲမဲမဲ စုပြုံပစ်ခတ်ကြရာ စားပွဲထိပ်ရှိ အတွင်းဝန် ဦးအုန်းမောင်၊ စားပွဲမှ ဝန်ကြီးများ ဖြစ်ကြသော သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်တို့မှာ မရှောင်နိုင်ဘဲ ဒဏ်ရာအများ အပြားရရှိကာ ကျဆုံးကြရရှာလေသည်။
ထိုအချိန်တွင် ဗိုလ်ချုပ်၏ လက်ဝဲဘက်၌ရှိသူများမှာ ကံကောင်းထောက်မစွာ လှုပ်ရှားရန် အချိန်ရကြပါသည်။ ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်နှင့် ဝန်ကြီးပျော်ဘွယ်ဦးမြတို့သည် ချက်ချင်းထကာ အစည်း အဝေးခန်း၏ ကျောဘက်ပြူတင်းပေါက်မှ ကျော်၍ အပြင်ဘက်အုတ်ဘောင်မှတစ်ဆင့် အခန်းချင်းကပ်လျက်ရှိသော ဦးရွှေဘော်၏ရုံးခန်းသို့ ထွက်ပြေးလွတ်မြောက်သွားကြသည်။
နောက်ထပ်ကံထူးသူ ဦးဘဂျမ်းကား သေနတ်သမားများ စတင်ပစ်ခတ်သည်နှင့် ကြမ်းပြင်ပေါ်သို့ ထိုးမှောက်အိပ်ချ လိုက်ပြီး သူနှင့်ကပ်လျက်ရှိနေသူ ဝန်ကြီးဦးအောင်ဇံဝေကိုလည်း ကြမ်းပြင်ပေါ်သို့ ဆွဲချ လိုက်သည်။ ဗိုလ်ချုပ်၏ လက်ယာဘက်မှ လူများကို ပစ်ပြီး နောက်လူသတ်သမားများက လက်ဝဲဘက်သို့ လှည့်၍ ပစ်ခတ်သောအခါ ကြမ်းပြင်ပေါ်ရှိ ဦးဘဂျမ်းနှင့် ဦးအောင်ဇံဝေတို့ နှစ်ဦးကို သေဆုံးပြီထင်၍ များများ ထပ်မပစ်တော့ပေ။
ရှေ့ဆုံးမှဝင်ရောက်ပစ်ခတ်သူ ရန်ကြီးအောင်သည် မတ်တပ်ရပ်အနေအထားဖြင့် လှည့်ပတ်ကာ အားရအောင် ပစ်ခတ်ပြီးနောက် ဒူးထောက်ပြီး စားပွဲများအောက်ကြမ်းပြင်ပေါ်ရှိ လူများကို တစ်ချက်နှစ်ချက် ဝှေ့ယမ်းပစ်ခတ်လိုက်ရာ ကျည်ဆန်တစ်တောင့်မှ ဦးဘဂျမ်း၏ လက်ယာဘက်လက်သူကြွယ်ထိပ်ကို ထိမှန်သွားလေသည်။
ဗိုလ်ချုပ်လက်ဝဲဘက်တွင် ထိုင်သူ (၅)ဦးအနက်မှ (၄)ဦးမှာ ကံကောင်းထောက်မစွာ လွတ်မြောက် ခဲ့သော်လည်း လူသတ်သမားများနှင့် အနီးဆုံးစားပွဲစွန်းတွင် ထိုင်သည့် မိုင်းမွန်စော်ဘွားကြီး စဝ်စံထွန်းမှာ လှုပ်ရှားချိန်မရဘဲ အနီးကပ် ပစ်ခတ်ခြင်းခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လေသည်။
လူသတ်သမား(၄)ဦးသည် ဗိုလ်ချုပ်၏ရုံးခန်း (အစည်းအဝေးခန်း)မှ ပြန်ထွက်လာရာ သတင်း ထောက်များအခန်းမှ (လူသတ်သမားများ ဆင်းမည့်) လှေကားဘက်သို့ ထွက်လာသော သတင်းထောက် မောင်သန်းကို တွေ့သဖြင့် “ရပ်လိုက်” ဟု အော်ပြောကြသည်။ မောင်သန်းက ကြမ်းပြင်ပေါ်သို့ ကိုယ်ကို လှဲချပြီး နေလိုက်ရာ ကံကောင်းစွာဖြင့် ပစ်ခတ်ခြင်း မခံရပါ။ အလားတူပင် ဗိုလ်ချုပ်အခန်းနှင့် နံရံတစ်ချပ်သာခြားသည့် (ဗိုလ်ချုပ်၏ အပါးတော်မြဲ) ဗိုလ်ထွန်းလှ၏အခန်းတွင် ရှိနေရာမှ ထွက်လာပြီး လှေကားဘက်သို့ သွားသော (ဗြိတိသျှစစ်တပ်မှ) ဗိုလ်မှူးချုပ် သောမတ်စ်၏ ကိုယ်ရံတော် ဗိုလ်သန်းဝင်းကို “ရပ်လိုက်”ဟု လူသတ်သမားများက အော်သောကြောင့် ဗိုလ်သန်းဝင်းက ရပ်နေလိုက်ရာ လူသတ်သမားများက ရန်မပြု ခဲ့ကြပါ။ စစ်ဝတ်စုံဝတ်ထားသော ဗိုလ်သန်းဝင်းကို မပစ်ခတ်ခဲ့ကြခြင်းမှာ ဗိုလ်သန်းဝင်း “ကံကောင်း”တာလား အခြားအကြောင်းထူး ရှိခဲ့လေသလားတော့ မပြောနိုင်ပါ။
လူသတ်သမားများ ဗိုလ်ထွန်းလှအခန်းကိုကျော်၍ အဆင်းလှေကားအနီးသို့ အရောက်တွင် အနီးရှိ ဦးရာဇတ်၏ ရုံးခန်းထဲတွင်ရှိနေသော ရဲဘော်ကိုထွေးသည် လူသတ်သမားများကို အငိုက်ဖမ်း ပစ်ခတ်ရန် အတွက် လူသတ်သမားများ အခန်းကိုကျော်သွားသည်နှင့် ဒသမ ၃၂ ခြောက်လုံးပြူး သေနတ်ကို အသင့်အနေ အထားကိုင်၍ အခြားလက်တစ်ဖက်က ဆင်နားရွက်တံခါးကို တွန်းဖွင့်ပြီး ထွက်ရာတွင် တံခါးပတ္တာမှ အသံမြည်သွားသဖြင့် ပစ်ခတ်ရန် အသင့်ရှိနေသူ ရန်ကြီးအောင်က လက်ဦးမှုရကာ စတင်းသေနတ်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရပါသည်။ (ဒဏ်ရာဖြင့် လဲကျနေစဉ် ရဲဘော်ကိုထွေးက ရောက်ရှိလာသူများကို “ရန်ကြီးအောင်…. ရန်ကြီးအောင်”ဟု ပြောခဲ့ပါသည်။)
(တိုက်ဆိုင်မှုတစ်ခုမှာ ရဲဘော်ကိုထွေးသည် အသက်(၁၇)နှစ်ကျော်သာ ရှိသေး၍ ကျဆုံးသော အာဇာနည်များထဲတွင် အသက်အငယ်ဆုံးဖြစ်သကဲ့သို့ ၎င်းအား ပစ်ခတ်သူ ရန်ကြီးအောင်မှာလည်း လူသတ် သမားများထဲတွင် အသက်အငယ်ဆုံး အသက်(၁၆)နှစ်အရွယ်ရှိသူ ဖြစ်နေခြင်းပင်။)
လူသတ်သမားများ လှေကားမှအဆင်းတွင် ဗိုလ်ထွန်းလှအတွက် ထမင်းသွားဝယ်သော ရဲဘော် လှမောင်နှင့် ဆုံကြရာ လူသတ်သမားများ ရဲဘော်လှမောင်ကို သေနတ်ဖြင့် တစ်ချက်ပစ်လိုက်သော်လည်း လှမောင်က လျင်မြန်စွာ ဝပ်ချလိုက်ရာ ကံကောင်းထောက်မစွာ ကျည်သည် ပခုံးမှရှပ်၍ ထွက်သွားလေသည်။ ထို့နောက် လူသတ်သမားများသည် လှေကားရင်းရှိ ဂျစ်ကားဖြင့် အတွင်းဝန်ရုံးမှ ဦးစောနေအိမ်သို့ ပြန်လည်ထွက်ခွာသွားကြလေတော့သည်။
ထိုနေ့က လူသတ်သမားများလက်ချက်ဖြင့် ဗိုလ်ချုပ်သည် ကျည် (၁၃)ချက်၊ သခင်မြသည် (၂)ချက်၊ မန်းဘခိုင်သည် (၁၅)ချက်၊ ဦးဘဝင်းသည် (၈)ချက်၊ ဦးရာဇတ်သည် (၆)ချက်၊ ဦးအုန်းမောင်သည် (၅)ချက် ထိမှန်ကာ နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ကြရရှာပေသည်။
ကျန် (၃)ဦးမှာ အသက်ရှင်နေသေးပြီး၊ ကျည် (၅)ချက် ထိမှန်သူ ဒီးဒုတ်ဦးဘချိုသည် မွန်းလွဲ (၁:၄၀)နာရီတွင် လည်းကောင်း၊ ကျည် (၄)ချက်ထိမှန်သူရဲဘော်ကိုထွေးသည် မွန်းလွဲ (၂:၁၅)နာရီတွင် လည်းကောင်း၊ ကျည် (၂)ချက် ထိမှန်သူ မိုင်းမွန်စော်ဘွားကြီး စဝ်စံထွန်းမှာ နောက်နေ့မွန်းတည့် (၁၂:၀၀) နာရီတွင်လည်းကောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြရရှာလေသည်။
ထိုနေ့က ကံကောင်းထောက်မ၍ ဝန်ကြီးများထဲမှ လုပ်ကြံခံရမှုနှင့်လွဲခဲ့ရသူ (၃)ဦးလည်း ရှိသေးသည်။ ထိုပုဂ္ဂိုလ်များမှာ ပြည်တွင်းတွင် ခရီးထွက်နေသူ ဝန်ကြီးစောစံဖိုးသင်၊ ပြည်ပသို့ ခရီးထွက်နေသူ ဝန်ကြီး ဦးကျော်ငြိမ်းနှင့် ဦးတင်ထွဋ်တို့ပင် ဖြစ်သည်။
နောက်ထပ်ကံအလွန်ကောင်းသူမှာ အတွင်းဝန်ဦးကြင်ဖြစ်သည်။ မူလအစည်းအဝေး အစီအစဉ်အရ လုပ်ကြံမှု ဖြစ်ပွားမည့်အချိန်မှာ ဦးကြင်ဝင်ရောက်တင်ပြရမည့် အချိန်ဖြစ်သော်လည်း အတွင်းဝန်ဦးအုန်းမောင် တွင် အခြားအရေးကြီး ကိစ္စရှိနေ၍ အစိုးရအတွင်းဝန်ဦးရွှေဘော်၊ အတွင်းဝန် ဦးကြင်တို့နှင့် ညှိနှိုင်းကာ ဦးအုန်းမောင်က အစည်းအဝေးခန်းသို့ ဝင်ရောက်တင်ပြခဲ့ခြင်းဖြစ်ရာ ဦးကြင်ကိုယ်စား ဦးအုန်းမောင်ကတင်၍ တန်ဆာခံသလို ဖြစ်ခဲ့ရလေသည်။
ထိုနေ့က အခြား “ကံဆိုးသူ၊ ကံကောင်းသူ” (၂)ဦးလည်း ရှိပါသေးသည်။
ဝန်ကြီးဦးရာဇတ်၏ အပါးတော်မြဲ ဦးချစ်ဆွေနှင့် သက်တော်စောင့် ရဲဘော်ကိုထွေးတို့မှာ မန္တလေးမြို့မ ဗဟိုအမျိုးသားအထက်တန်းကျောင်းမှ ထွက်သည့် ဦးရာဇတ်၏ တပည့်ရင်းများ ဖြစ်ကြရာ နှစ်ဦးစလုံးသည် ဆရာကြီး ဦးရာဇတ်ကို သံယောဇဉ် ကြီးကြသည်။
ရဲဘော်ကိုထွေးမှာ နေပြည်တော်ရဲအုပ်အဆင့်ဖြင့် သက်တော်စောင့်တာဝန်ထမ်းဆောင်နေသော်လည်း ရဲအုပ်ဝတ်စုံကို မထုတ်ယူရသေးသဖြင့် ကျောင်းသားဘဝက ပါဝင်ဆောင်ရွက်ခဲ့သော (ဖဆပလ လက်အောက်ခံ) ပြည်သူ့ရဲဘော်ဝတ်စုံကိုသာ ထိုနေ့အထိ ဝတ်ဆင်လျက်ရှိနေပါသည်။ ထိုနေ့ မနက်တွင် ဦးချစ်ဆွေက ရဲဘော်ကိုထွေးအား ပုလိပ်မင်းကြီး ရုံးသို့သွားရောက်၍ နေပြည်တော်ရဲအုပ်ဝန်စုံနှင့် ဒသမ ၃၈ ခြောက်လုံးပြူးကို ထုတ်ယူရန်ပြောရာ ကိုထွေးက ဆရာကြီးခိုင်းစရာရှိလျှင် ခိုင်းနိုင်ရန်အတွက် အစည်းအဝေး ပြီးမှ သွားထုတ်တော့မည်ဟု ပြောပြီး မသွားဘဲ သတင်းစာဖတ်၍ နေခဲ့ပါသည်။
အစည်းအဝေးလုပ်နေစဉ် ဝန်ကြီးဦးရာဇတ်ခဏထွက်လာကာ ထိုနေ့ည မြို့မကျောင်းတွင် ကျင်းပမည့် “အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် လက်ဝှေ့ပြိုင်ပွဲ” သို့ ၎င်းနှင့်အတူ ဗိုလ်ချုပ်ပါ လိုက်ကြည့်မည် ဖြစ်၍ (ဆရာကြီး ပြုစုပျိုးထောင်ပေးထားသော) အထက်မြန်မာပြည် လက်ဝှေ့အသင်းသို့ သွားပြီး လိုအပ် သည်များ လုပ်ပေးရန် ဦးချစ်ဆွေကို စေလွှတ်လိုက်ပါသည်။
ရဲဘော်ကိုထွေးကား (ကံကြမ္မာကို ကြိုတင်မသိရှိဘဲ) မိမိကိုယ်တိုင် ရွေးချယ်မှုအရ “လုပ်ကြံမှုကြီး”နှင့် ကြုံကြိုက်ရန် စောင့်ဆိုင်းနေပါတော့သည်။
ထိုနေ့က အစည်းအဝေးခန်းထဲရှိ ပုဂ္ဂိုလ်များမှအပ မောင်းပြန်သေနတ်များ ကိုင်ဆောင်ပစ်ခတ် သတ်ဖြတ်နေသည့် သွေးဆာလူသတ်သမားများကို ထွက်၍ ရင်ဆိုင်သည့် အခြားသူတစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။ (ထိုအချိန်က ဗိုလ်ချုပ်၏ အစည်းအဝေးခန်းနှင့်ကပ်လျက် အခန်းတွင် ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှနှင့် ဗိုလ်မှူးချုပ် သောမတ်စ်၏ သက်တော်စောင့် ဗိုလ်သန်းဝင်းတို့ရှိနေကြပြီး ၎င်းတို့တွင်လည်း သေနတ်ရှိပါသည်။)
သူ့ ဆရာရင်းဖြစ်သော ဆရာကြီး ဦးရာဇတ်၊ သူကိုယ်တိုင်အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက မြတ်နိုးလေးစား အားထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများကို လုပ်ကြံသတ်ဖြတ်သူများအား ကြိုတင်ကာကွယ်တားဆီး တိုက်ခိုက်ခြင်း မပြုနိုင်ခဲ့သော်လည်း တတ်နိုင်သမျှ ပြန်လည်ပစ်ခတ်လက်စား ချေမည်ဟူသော စိတ်ဓာတ်ဖြင့် ကိုယ်တိုင်ဆုံးဖြတ် ရွေးချယ်ပြီး ဒသမ ၃၂ ခြောက်လုံးပြူးလေးတစ်လက်ကို သာကိုင်စွဲ၍ မောင်းပြန်သေနတ်ကိုင်ပြီး သွေးဆာနေသည့် လူသတ်သမားများကို ရင်ဆိုင်တိုက်ခိုက်ရန် ကြိုးစားရင်းကျဆုံးခဲ့သူ ရဲဘော်ကိုထွေးကိုမူ “ကံဆိုးသူ” စာရင်းတွင် ထည့်သွင်း ရမည်လား?
လူငယ်တို့သဘာဝ ရဲအုပ်ဝတ်စုံအသစ်နှင့် ဒသမ ၃၈ ခြောက်လုံးပြူးကို ထုတ်ယူလိုစိတ် ပြင်းပြနေ မည်ဖြစ်သော်လည်း၊ အရေးကြီး နိုင်ငံ့တာဝန်ထမ်းဆောင်နေသည့် မိမိ၏ ဆရာသမားက ပေးအပ်မည့်တာဝန် ကို ကျေပွန်စွာ လုပ်ဆောင်ပေးနိုင်ရန်အတွက် ယူနီဖောင်းနှင့် သေနတ်ကို သွားရောက်ထုတ်ယူခြင်း မပြုသေး ဘဲ ရုံးခန်းထဲတွင် အသင့် စောင့်ဆိုင်းနေခဲ့သော ကိုထွေး၊ မိမိအန္တရာယ် မရှိစေရန် အခန်းထဲတွင် ပုန်းရှောင်နေ လျှင် ရနိုင်သော်လည်း အခြားသူများ မလုပ်နိုင်ခဲ့သော လုပ်နိုင်ခဲသော “ရန်သူအား ထွက်၍ တိုက်ခိုက်ခြင်း”ကို သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စွန့်လွှတ်လုပ်ကိုင်ရင်း ရန်သူ့ကျည်ထိမှန်ခံခဲ့ရသူ ကိုထွေး၊ သေအံ့မူးမူးအချိန် တွင်ပင် ဆေးရုံသို့ လာရောက်ကြည့်ရှုသူ အစ်ကိုနှစ်ဦး (ရေတပ်မှ Leading/Signal Man အောင်သန်းစိန်နှင့် ပြည်သူ့ထောက်ပံ့ရေးဌာနမှ ကိုစောဖေ)တို့အား ခပ်ယဲ့ယဲ့ ပြုံးပြရင်း “ဆရာကြီး ဘယ်မှာလဲ” ဟု မေးခဲ့သော ကိုထွေး။
ထို “ရဲဘော် ကိုထွေး” အဖို့မူ (အခြားသူများက မည်သို့ပင် သတ်မှတ်စေကာမူ) မိမိကိုယ်မိမိ “တာဝန် ကျေပွန်သူ”၊ “ကံကောင်းသူ၊ ကံထူးသူ”အဖြစ် သတ်မှတ်၍ ကျေနပ်နေမည်လားဟု တွေးတောစဉ်းစား မိပါတော့သည်။
အောက်ခြေမှတ်စု
ဦးစောကို ဗြိတိသျှအားပေးကူညီသူများ (သို့မဟုတ်၊ ထို့ထက်ပို၍) ညွှန်ကြားစေခိုင်းသူများရှိကြောင်း အထောက် အထားအချို့
၁။ ဗြိတိသျှ စစ်တပ်မှ မေဂျာစီအိပ်ချ်ရန်းနှင့် ကပ္ပတိန် ဗီဗီယန်း (ဗြိတိသျှစစ်တပ်မှ ပုလိပ်လက်နက် ပစ္စည်းထောက်ပံ့ရေးသို့ ပြောင်းလာသူ ရာဇဝတ်ဝန်ကလေး)တို့ အကူအညီဖြင့် ပုလိပ်ပစ္စည်းထောက်ပံ့ရေး ဌာနမှ အရာရှိချုပ် အေဘီဒေးဗစ်၏ လက်မှတ်တုသုံးကာ၊ ဘိုတထောင် (COD) လက်နက်ဂိုဒေါင်မှ ဘရင်းဂန်း (၂၀၀)လက်၊ ပြောင်းပို (၂၀၀)ခုနှင့် ကျည်ကပ်(၈၀၀)ခုတို့ကို ဦးစောကိုယ်တိုင် မော်တော်ယာဉ်ဖြင့် လိုက်ပါ၍ (၂၄.၆.၁၉၄၇) ရက်နေ့တွင် ထုတ်ယူ နိုင်ခဲ့ခြင်း။
၂။ ကပ္ပတိန် ဗီဗီယန်း စီစဉ်ပေးမှုဖြင့် မင်္ဂလာဒုံ(AOD) လက်နက်ခဲယမ်း မီးကျောက်တပ်မှ ဒသမ ၃၀၃ ကျည်(၁၀၀,၀၀၀)တောင့်၊ စတင်းကျည် (၂၅၆,၀၀၀) တောင့်နှင့် လက်ပစ်ဗုံး (၂၀၀)လုံးတို့ကို (၁၄.၇.၁၉၄၇) ရက်နေ့တွင် ဦးစောက ထုတ်ယူနိုင်ခဲ့ခြင်း။
၃။ အပိုဒ်(၁) နှင့် (၂)ပါ လက်နက်ခဲယမ်းများမှာ ထိုအချိန်က ခြေလျင်တပ်ရင်း (၆)ရင်းစာ လက်နက်များဖြစ်ရာ၊ ဦးစောက ငွေပေး၍ ဝယ်ယူတာလည်းမဟုတ်၊ ဗီဗီယန်း ကိုယ်ကျိုးအတွက် ငွေပေးရတာ လည်း မဟုတ်ဘဲ ထုတ်ပေးခြင်းဖြစ် ပေရာ အထက်အာဏာပိုင်တို့၏ သဘောထားမပါဘဲ ထုတ်ပေးခြင်း မဖြစ်နိုင်ဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့ကို ဖြုတ်ချရုံသာမက ပြည်တွင်းမငြိမ်မသက်ဖြစ်ရန်အထိ ရည်ရွယ်ချက်ရှိသည်ဟု ခန့်မှန်းနိုင်ခြင်း။
၄။ ဂိုဒေါင်များမှ လက်နက်ခဲယမ်းများ ထုတ်ပေးခဲ့သည့်အပြင် ကုက္ကိုင်းအမှတ်(၁) ဘီအီးအမ်အီးတပ်မှ တပ်မှူး မေဂျာစီအိပ်ချ်ရန်းက ဦးစောအား ဆပ်မရှင်းဂန်း (၁)လက်၊ အမေရိကန်ရိုင်ဖယ်(၃)လက်၊ စတင်းဂန်း(၁)လက်၊ တော်မီဂန်း (၂)လက်၊ လစ်ကားပစ္စတို(၁)လက်၊ ခြောက်လုံးပြူး(၂)လက်နှင့် ကျည်ဆန် များ ရောင်းချပေးခဲ့ခြင်း။
၅။ ထို့အပြင် ဦးစောသည် အင်္ဂလိပ်လူမျိုး မေဂျာလန်းစ်ဒိန်းထံမှလည်း စပရင်းဖီးရိုင်ဖယ်(၁)လက်၊ တော်မီဂန်း(၂)လက်၊ ကာဘိုင်(၁)လက်နှင့် ကျည်များကို ရရှိခဲ့ခြင်း။ (၎င်းလက်နက်အချို့ကို ငွေပေး၍ ဝယ်ယူရသည်။)
၆။ ကိုယ်တိုင်ပါဝင်ခဲ့သူ ပုလိပ်ဌာနအုပ်နှင့် ပုလိပ်အချို့၏ ရေးသားပြောကြားချက်များအရ လုပ်ကြံမှု မဖြစ်ပွားမီ ရက်အတော်ကြာကြာကပင် ဦးစော၏အိမ်ခြံဝင်းအား ပုလိပ်အဖွဲ့က နေ့စဉ်အနီးကပ်စောင့်ကြည့် နေခဲ့ရာ ဦးစော၏ သာမန်မဟုတ်သော လှုပ်ရှားမှုများအရ ရာဇဝတ်မှုကြီးတစ်ခုကို ကျူးလွန်တော့မည်ဖြစ် ကြောင်း ဗြိတိသျှအစိုးရက ကြိုတင်သိရှိ မည်ဖြစ်သော်လည်း ထိရောက်သော ကြိုတင်အရေးယူတားဆီးမှု မပြုလုပ်ခဲ့ခြင်း။
၇။ လုပ်ကြံမှုဖြစ်ပွားစဉ်က အပါးတော်မြဲဗိုလ်ထွန်းလှအခန်းမှထွက်လာသော (အင်္ဂလိပ်တပ်မှ ဗိုလ်မှူးချုပ် သောမတ်စ်၏ ကိုယ်ရံတော်)ဗိုလ်သန်းဝင်းအား အစည်းအဝေးခန်းမှ ထွက်လာသော လူသတ်သမားက တွေ့သော်လည်း “ရပ်ရန်” အော်ပြောသည်မှအပ ရန်မပြုခဲ့ကြကြောင်း ဗိုလ်ထွန်းလှက ရေးသားခဲ့ပါသည်။ ဗိုလ်သန်းဝင်းကို ကျော်သွားပြီးနောက် ရဲဘော်ကိုထွေးကိုမူ လူသတ်သမားများက ပစ်ခတ်ခဲ့ကြသည့်အပြင်၊ လှေကားမှ ဆင်းသွားကြစဉ် ရဲဘော်လှမောင်ကို မြင်၍ ပစ်ခတ်ခဲ့ကြသော်လည်း အင်္ဂလိပ်စစ်တပ်စစ်ဝတ်စုံ ဝတ်ထားသော ဗိုလ်သန်းတင်းအား မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခြင်း မပြုခဲ့သည်မှာ စဉ်းစားစရာ အချက်တစ်ချက် ဖြစ်ပါသည်။
၈။ လုပ်ကြံမှုဖြစ်ပွားသည့်အချိန်တွင် အစည်းအဝေးခန်းမ၏ အောက်တည့်တည့်ရှိ ပုလိပ်မင်းကြီး ဦးထွန်းလှအောင်၏ ရုံးခန်းထဲ၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နက်ရှ်နှင့် ထောက်လှမ်းရေးမှူး ချုပ် ဗိုလ်မှူးချုပ် နိုက်ထ်တို့ရှိနေကြပြီး (၂)ဦးစလုံး ထိုနေ့မနက် ၁၁ နာရီတွင် ရန်ကုန်မြစ်ဝ၌ ကျောက်ချ ထားသော ဗြိတိသျှစစ်သင်္ဘောဖြင့် လန်ဒန်သို့ ပြန်သွားကြခြင်း။ (တိုက်ဆိုင်မှုလား၊ အကြောင်းထူးရှိသလား မသိပါ။)
၉။ လုပ်ကြံမှုပြီးခါစတွင် “အမှု၌ ဗြိတိသျှအစိုးရပါဝင်ပတ်သက်ကြောင်း” သတင်းများပျံ့နှံ့နေသဖြင့်၊ ဦးနုအစိုးရက ဗြိတိသျှအစိုးရဆန္ဒနှင့် ညီစေရန်အတွက်” လုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရ မပါဝင်မပတ်သက် ကြောင်း” ကြေညာချက်ထုတ်ရန် စီစဉ်နေချိန်တွင် (၂၈-၇-၁၉၄၇)နေ့ထုတ် “ရန်ကုန်လမ်းညွှန်သတင်းစာ”၌ “ဦးစောသည် အောင်ဆန်း- အက်တလီ စာချုပ်ကို လက်မှတ်မထိုးခဲ့သည့်အပြင် ဖဆပလပြိုကွဲစေရန် ရည်ရွယ်ချက်ဖြင့် အင်္ဂလန်၌ ချန်နေခဲ့ပြီး၊ အင်္ဂလိပ်များထံမှ ငွေ(၅)သိန်း လက်ခံယူခဲ့ကြောင်း၊ အင်္ဂလန်မှ အရင်းရှင်များက ဦးစောအား ငွေအမြောက်အမြား ပေးခဲ့ ကြောင်း” ရေးသားလာသဖြင့် ဦးနုစီစဉ်နေသော ကြေညာချက်မထုတ်ရဲခဲ့ခြင်း။
၁၀။ လုပ်ကြံမှုကို ကျူးလွန်ပြီးနောက် ဦးစောသည် တိမ်းရှောင်ခြင်းမပြုဘဲ နေအိမ်တွင် အေးအေး ဆေးဆေး အရက်သောက်နေခဲ့ခြင်း၊ နေအိမ်အား ရှာဖွေသည့်အခါ “U SAW, PRIME MINISTER” ဟု ထုလုပ်ထားသော တံဆိပ်တုံးအသစ်ကို တွေ့ရခြင်းတို့အရ ဦးစောသည် ဗြိတိသျှအစိုးရ၏ ဆန္ဒနှင့်အညီ လုပ်ကြံမှုကို ကျူးလွန်ခဲ့ပြီး၊ ဘုရင်ခံက “အစိုးရသစ် ဖွဲ့ရန်” ခေါ်ယူမည်ကို စောင့်ဆိုင်းနေသည်ဟု ယူဆ နိုင်ဖွယ်ရှိခြင်း။
၁၁။ ဦးစော၏ ရှေ့နေဖြစ်သူ “ဖရက်ဒရစ်ဟင်နရီ” သည် အင်္ဂလန်ရှိ သူ၏အခန်းတွင် လုပ်ကြံ သတ်ဖြတ်ခံရခြင်း၊ လုပ်ကြံမှုကြီးကို အလွတ်စုံထောက်နေသူ “အက်ဖ်ကိုလင်”သည်လည်း စာရွက်စာတမ်းများ ပျောက်ဆုံးပြီး ရုတ်တရက် သေဆုံးသွားခြင်းတို့အရ အမှုကြီး၏ အရင်းခံအဖြစ်အပျက်ကို သိရှိသူများအား သတင်းပေါက်ကြားမည်စိုး၍ နှုတ်ပိတ်လိုက် သည်ဟု ယူဆနိုင်ခြင်း။
၁၂။ ဦးစောသည် သေဒဏ်ချမှတ်ခံရပြီးနောက် အကျဉ်းထောင်ကြိုးတိုက်တွင် ရှိနေစဉ် ထောင်မင်းကြီး ဦးစံတင်အား “သူ့ကို လွတ်မြောက်အောင် လုပ်ပေးပါက ငွေအမြောက်အမြားပေးမည်”ဟု ပြောဆိုချဉ်းကပ်ခဲ့ပါ သည်။ ဦးစံတင်က ပုလိပ်မင်းကြီး ဦးထွန်းလှအောင်နှင့် တိုင်ပင်ပြီး စီမံချက်ချကာ “ငွေပေးရင် လုပ်ပေးမယ်” ဟု ပြန်ပြောရာ ဦးစောက သူနှင့်ဆက်စပ်သူ အင်္ဂလိပ်များထံ ငွေတောင်းခံစာများ ပေးပို့ခဲ့လေသည်။
(က) ပထမဆုံး ဦးစောက (လက်နက်ခဲယမ်းများ ထုတ်ပေးခဲ့သူ) ကပ္ပတိန်ဗီဗီယန်းထံ ငွေတောင်းခံစာ ပို့ခဲ့သည်။ (ဗီဗီယန်း လက်နက်ထုတ်ပေးမှုနှင့် ထောင်ထဲရောက်နေသည်ကို ဦးစောမသိပေ။) ဗီဗီယန်း၏ ပြန်စာ၌ “ငါတို့ အားလုံး စီစဉ်ပေးနိုင်တယ်။ မင်းဘာလို့ Tall Man (လူရှည်ကြီး)နဲ့ မဆက်သွယ်သလဲ”ဟု ရေးခဲ့သည်။
(ခ) ဦးစော ဒုတိယစာရေး၍ ငွေတောင်းသူမှာ ရန်ကုန်မြို့ ဗြိတိသျှကောင်စစ်ဝန်ရုံးမှ “မစ္စတာဂျွန်စတီးဝပ် ဘင်ကလင်” ဖြစ်သည်။ ဘင်ကလင်သည် ဦးစော၏ စာကိုဖတ်၍ အလွန်ချောက်ချား သွားပြီး စာကို ဖျက်ဆီးကာ စာလာပို့သူ ပုလိပ်အရာရှိကို မောင်းထုတ်လိုက်သည်။ ထို့နောက် ဘင်ကလင် (အရပ် ၆ ပေ ၂ လက်မမြင့်သည့် Tall Man) သည် နေအိမ်မှ “ကမ်းနားလမ်း(Strand)ဟိုတယ်သို့ ပြောင်းရွှေ့နေထိုင်ကာ အင်္ဂလန်သို့ ပြန်ထွက်ရန် ပြင်ဆင် သည်။
(ဂ) ဦးစောက ဩဂုတ်လ (၂၂)နှင့် (၂၃)ရက်များတွင် ဘင်ကလင်ထံ ထပ်ပို့သောစာများ၌ ငွေတောင်းရုံသာမက ခြိမ်းခြောက်ထားသေးသည်။
(ဃ) ဘင်ကလင်ကို ဖမ်းရန် ဦးထွန်းလှအောင်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းမှတဆင့် တင်ပြခဲ့ရာ ဘုရင်ခံက သက်သေခံအထောက်အထား ထပ်မံတောင်းပြီး ဘင်ကလင်ကို သူ့ရှေ့တွင်သာ စစ်ရန် ဦးကျော်ငြိမ်းအား ပြောခဲ့ သည်။ ဦးထွန်းလှအောင်က ဘင်ကလင်ထံသွားပြီး ဦးစောနောက်ဆုံးပေးသည့်စာကို ပြရာ ဘင်ကလင်သည် ထိတ်လန့် ကြောက်ရွံ့သွားပြီး ထိုနေ့ (၄-၉-၁၉၄၇)ရက်နေ့မှစ၍ ရန်ကုန်မြို့မှ ပျောက်ကွယ်သွားတော့သည်။
(င) မေဂျာအိပ်ချ်ရန်း၏ ထွက်ဆိုချက်အရလည်း ဦးစောနှင့် ဘင်ကလင်တို့၏ ဆက်သွယ်မှုမှာ သာမန်အနေအထားထက် ပိုကြောင်းသိရှိကြရသည်။ ဤဆက်နွှယ်မှုများကို ကြည့်လျှင် ဗြိတိသျှအစိုးရသည် လုပ်ကြံမှုကြီး၌ ပါဝင်ပတ်သက်မှုရှိသည်ဟု သုံးသပ်နိုင်မည်ဖြစ်ပါသည်။
၁၃။ တိကျသော မှတ်တမ်းတင်မှုများ မရှိသိသော်လည်း လုပ်ကြံမှုကြီးအား စစ်ဆေးနေချိန်တွင် ဘုရင်ခံက ဝန်ကြီးချုပ် ဦးနုအား “ဗြိတိသျှနိုင်ငံသားများကို ဖမ်းဆီး၊ စစ်ဆေး၊ ထောင်ချခြင်းအားဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ကြန့်ကြာသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ရာ ဦးနုက လွတ်လပ်ရေးအတွက် အလေးထား၍ ဘုရင့်ခံစကားကို လိုက်နာခဲ့ပုံရသည်ဟု သုံးသပ်ကြပါသည်။
zawgyi version
ကံၾကမၼာအလွည့္အေျပာင္းႏွင့္ ကံဆိုးကံေကာင္း(ႏိုင္ငံေတာ္လုပ္ႀကံမႈႀကီး) (၁၉ ဇူလိုင္အထိမ္းအမွတ္ေဆာင္းပါး)
ေအာင္ကိုကို (NP News) - ဇူလိုင္ ၁၉
၁၉၄၇၊ ဇူလိုင္လ (၁၉)ရက္၊ စေနေန႔…။
မိုးရာသီျဖစ္၍ မနက္ကတည္းက မိုးသည္႐ြာလိုက္တိတ္လိုက္ျဖင့္ ရန္ကုန္ၿမိဳ႕သည္ စြတ္စိုေနသည္။
အတြင္းဝန္မ်ား႐ုံး (ေနာင္တြင္ဝန္ႀကီးမ်ား႐ုံး)အေပၚထပ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ႐ုံးခန္းႏွင့္ ဆက္ေနေသာ အစည္းအေဝးခန္းထဲတြင္ ဘုရင္ခံအမႈေဆာင္ေကာင္စီ ဒုတိယသဘာပတိ (ဝန္ႀကီးခ်ဳပ္) ဗိုလ္ခ်ဳပ္ေအာင္ဆန္း သဘာပတိအျဖစ္ ေဆာင္႐ြက္ေသာ ဘုရင္ခံအမႈေဆာင္ေကာ္မတီ (ဝန္ႀကီးမ်ားအဖြဲ႕) အစည္းအေဝးအား နံနက္ (၁၀:၀၀) နာရီခန႔္မွစတင္၍ က်င္းပလ်က္ရွိသည္။
(၁၀:၃၀)နာရီခန႔္တြင္ နံပါတ္အတု R.C (၁၈၁၄) တပ္ဆင္ထားေသာ ဂ်စ္ကား တစ္စီးသည္ စပတ္လမ္း (ဗိုလ္ေအာင္ေက်ာ္လမ္း)ဂိတ္ေပါက္မွဝင္လာၿပီး (မဟာဗႏၶဳလလမ္းဘက္)အတြင္းဝန္ မ်ား႐ုံး ေလွကား ေျခရင္းနားတြင္ ရပ္လိုက္သည္။ (ယခုအခါ စပတ္လမ္းဂိတ္ကို ပိတ္ထားလိုက္ပါၿပီ။) ကားေပၚတြင္ လူတစ္ဦး က်န္ရစ္ၿပီး၊ အမွတ္(၁၂) စစ္တပ္ျခေသၤ့ပခုံးတံဆိပ္တပ္ အစိမ္းရင့္ေရာင္ စစ္ဝတ္စုံဝတ္၊ စစ္ဦးထုပ္ေဆာင္းၿပီး ေမာင္းျပန္ ေသနတ္ကိုင္ေဆာင္ထားသူ (၄)ဦးသည္ ကားေပၚမွ ဆင္း၍ ေလွကားေပၚတက္သြားၾကသည္။
ပထမထပ္ရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ႐ုံးခန္းေရွ႕သို႔ ေရာက္ေသာအခါ ႐ုံးခန္းဝရွိ ႐ုံးခန္း ေစာင့္ကို ေသနတ္ႏွင့္ခ်ိန္၍ တြန္းဖယ္ကာ အစည္းအေဝးခန္းထဲသို႔ ဝင္ေရာက္၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ဝန္ႀကီး အဖြဲ႕အား ေမာင္းျပန္ေသနတ္မ်ားျဖင့္ ပစ္ခတ္လုပ္ႀကံၾကေတာ့သည္။
ဂဠဳန္ဦးေစာ ဦးေဆာင္စီစဥ္ေသာ ထိုလုပ္ႀကံမႈႀကီးတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္တကြ ဝန္ႀကီးမ်ား ျဖစ္ၾကေသာ သခင္ျမ၊ ဒီးဒုတ္ဦးဘခ်ိဳ၊ ဦးရာဇတ္၊ ဦးဘဝင္း၊ မန္းဘခိုင္၊ မိုင္းပြန္ေစာ္ဘြားႀကီး စဝ္စံထြန္းႏွင္ အတြင္းဦးအုန္းေမာင္တို႔ က်ဆုံးခဲ့ရေလသည္။
လူသတ္သမား (၄)ဦး (ေမာင္စိုး၊ သက္ႏွင္း၊ ေမာင္စိန္၊ ရန္ႀကီးေအာင္)တို႔သည္ အစည္းအေဝးခန္းမွ ျပန္ထြက္ လာၿပီး ေအာက္ထပ္သို႔ဆင္းရန္ (တက္လာသည့္ ေလွကားမဟုတ္ေသာ ဗိုလ္ေအာင္ေက်ာ္လမ္း ဘက္) ေလွကားရွိရာသို႔ အသြားတြင္ ေလွကားထိပ္နားရွိ ဦးရာဇတ္၏႐ုံးခန္းထဲမွ ဒသမ ၃၂ ေျခာက္လုံးျပဴး ေသနတ္ကိုင္ကာ ထြက္လာေသာ ဦးရာဇတ္၏ သက္ေတာ္ေစာင့္ရဲေဘာ္ကိုေထြးကို ရန္ႀကီးေအာင္က စတင္း ေသနတ္ျဖင့္ ပစ္ခတ္ရာ၊ ရဲေဘာ္ကိုေထြးလည္း ေသနတ္ထိမွန္ က်ဆုံးခဲ့ရေလသည္။
ရန္ကုန္ၿမိဳ႕ကား “မိုးေရ”ျဖင့္ ဖုံးလႊမ္းေနရာမွ “ေသြး”တို႔ျဖင့္ စြတ္စိုခဲ့ရေပၿပီ။
“ဗိုလ္ခ်ဳပ္တို႔ လုပ္ႀကံခံရသည္”ဆိုေသာ သတင္းဆိုးသည္ အခ်ိန္တိုအတြင္းမွာပင္ တစ္ႏိုင္ငံလုံးသို႔ “ေတာမီးပမာ-လ်င္ျမန္စြာ” ပ်ံ႕ႏွံ႔သြားခဲ့ေပရာ ျပည္သူလူထုတစ္ရပ္လုံးမွာ “ယူႀကဳံးမရ- အပူလုံးႂကြကာ” မိုးႏွင့္အၿပိဳင္ မ်က္ရည္ၿဖိဳင္ၿဖိဳင္ က်ခဲ့ၾကရေလေတာ့သည္။
ထိုေန႔က ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ အာဇာနည္ႀကီး (၉)ဦးမွာ ဦးေစာအဖြဲ႕၏ လုပ္ႀကံမႈေၾကာင့္ ၾကမၼာဆိုးႏွင့္ ႀကဳံေတြ႕ၿပီး က်ဆုံးကြယ္လြန္ခဲ့ၾကေပရာ၊ ထိုပုဂၢိဳလ္ႀကီးမ်ားက လြတ္လပ္ေရးရရွိရန္ ႀကိဳးပမ္း ေနသည့္ ျမန္မာႏိုင္ငံအတြက္ လည္း “ကံဆိုးမိုးေမွာင္က်သည့္ေန႔”ဟု ဆိုရပါမည္။
ဤလုပ္ႀကံမႈႀကီးကို ျပန္လည္သုံးသပ္ေသာအခါ ကံၾကမၼာအလွည့္အေျပာင္း(၂)ရပ္ကို ေတြ႕ၾကရ ေပမည္။
ပထမကံၾကမၼာအလွည့္အေျပာင္း
(၂၄.၆.၁၉၄၇) ရက္ေန႔တြင္ ဦးေစာကိုယ္တိုင္ လိုက္ပါဦးေဆာင္၍ လက္မွတ္တုသုံးကာ ဗိုလ္တေထာင္(COD) လက္နက္ဂိုေဒါင္မွ လက္နက္မ်ား (ေအာက္ေျခမွတ္စုတြင္ၾကည့္ပါရန္) ထုတ္ယူသြား ခဲ့ရာ ဇူလိုင္လဆန္းတြင္ ပုလိပ္ဌာနခ်ဳပ္ သတင္းတပ္ဖြဲ႕က “လက္နက္မ်ားကို မသမာသူတစ္စု ထုတ္သြား ေၾကာင္း” သတင္းရရွိၿပီး ျပည္ထဲေရးဝန္ႀကီးမွတဆင့္ အစိုးရအဖြဲ႕သို႔ အစီရင္ခံခဲ့ရာ ျပည္ထဲေရးဝန္ႀကီး ဦးေက်ာ္ၿငိမ္း ျပည္ပသို႔ ခရီးထြက္ေနသျဖင့္) ေခတၱျပည္ထဲေရးဝန္ႀကီး ေပ်ာ္ဘြယ္ဦးျမက “ေသာင္းက်န္းမႈ ႏွိမ္နင္းေရးတပ္”မွ တပ္စိတ္တစ္စိတ္ကို (ေမာင္းျပန္လက္နက္မ်ား အပါအဝင္) လက္နက္ခဲယမ္း အျပည့္ အစုံျဖင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ႐ုံးခန္းအျပင္ဘက္တြင္ လုံၿခဳံေရးတာဝန္ခ်ထားေပးခဲ့ပါသည္။
ဗိုလ္ခ်ဳပ္၏ အပါးေတာ္ၿမဲ ဗိုလ္ထြန္းလွႏွင့္ တိုင္ပင္၍ ထိုလုပ္ေဆာင္ခ်က္ကို ဗိုလ္ခ်ဳပ္အား အသိ မေပးဘဲ ေနခဲ့ေသာ္လည္း တစ္ေန႔တြင္ ဗိုလ္ခ်ဳပ္က ႐ုံးသို႔လာစဥ္ ရဲေဘာ္မ်ားကို ေတြ႕သြားသျဖင့္ လုံၿခဳံေရး တပ္စိတ္ကို ခ်က္ခ်င္း႐ုပ္သိမ္းေစခဲ့ပါသည္။ (ဗိုလ္ခ်ဳပ္၏ ဝန္ႀကီးအဖြဲ႕သည္ အႏၲရာယ္ရွိႏိုင္ေၾကာင္း ေတြးမိၾက ေသာ္လည္း ဗိုလ္ခ်ဳပ္၏ စကားကို မလြန္ဆန္ခဲ့ၾကေပ။)
သို႔ေသာ္လည္း ထိုေန႔မွာပင္ ဗိုလ္ခ်ဳပ္က စဥ္းစားၿပီး သားသမီးမ်ား၏ လုံၿခဳံေရးအတြက္ စိုးရိမ္သျဖင့္ ေနအိမ္တြင္ လက္နက္မဲ့ ေစာင့္ၾကပ္ရေသာ “ျပည္သူ႔ရဲေဘာ္”မ်ားအား လက္နက္ခဲယမ္း ထုတ္ေပးခိုင္းခဲ့ရာ ေတာ္မီဂန္း(၁)လက္၊ စတင္းဂန္း (၁)လက္၊ ေျခာက္လုံးျပဴး(၂)လက္တို႔ကို က်ည္ဆန္မ်ားႏွင့္တကြ ထုတ္ေပး ခဲ့ပါသည္။
အကယ္၍သာ…..
လုံၿခဳံေရးတပ္စိတ္ကို မ႐ုပ္သိမ္းခဲ့လွ်င္ လုပ္ႀကံရန္လာေသာ အဖြဲ႕သည္ ဗိုလ္ခ်ဳပ္၏႐ုံးခန္းသို႔ မေရာက္မီတြင္ ၎တပ္စိတ္ႏွင့္ ေတြ႕ဆုံတိုက္ပြဲျဖစ္ပြားၿပီး လက္နက္လူအင္အားပိုသာေသာ တပ္စိတ္က လုပ္ႀကံမည့္ အဖြဲ႕ကိုသုတ္သင္ ႏိုင္ေပလိမ့္မည္။
အကယ္၍ ဗိုလ္ခ်ဳပ္၏ေနအိမ္ (ယခုတာဝါလိန္းျပတိုက္)သို႔ လာေရာက္လုပ္ႀကံပါကလည္း လုပ္ႀကံသူ မ်ားသည္ ဗိုလ္ခ်ဳပ္ရွိရာ အိမ္အေပၚထပ္သို႔ ေရာက္ႏိုင္မည္မဟုတ္။ ေနအိမ္တြင္ရွိေသာ (ဘီဒီေအႏွင့္ ဖက္ဆစ္ေတာ္လွန္ေရးတိုက္ပြဲ အေတြ႕အႀကဳံရွိၿပီး လက္နက္ကိုင္တြယ္မႈ ကြၽမ္းက်င္ေသာ) “ျပည္သူ႔ရဲေဘာ္” မ်ားက လူသတ္သမားမ်ားအား အလြယ္တကူ တြန္းလွန္တိုက္ခိုက္ႏိုင္မည္ျဖစ္ပါသည္။
ဒုတိယကံၾကမၼာအလွည့္အေျပာင္း
(၂၉.၉.၁၉၄၆) ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ အစိုးရအဖြဲ႕၌ တာဝန္ယူၿပီးခ်ိန္မွစ၍ ဝန္ႀကီးအဖြဲ႕ (ကက္ဘိနက္)အစည္းအေဝးကို အပတ္စဥ္ စေနေန႔၊ မနက္ (၁၀)နာရီတြင္ က်င္းပေလ့ရွိသည္။ ဘုရင္ခံက တိုက္႐ိုက္ခန႔္ ထားသည့္ ဝန္ႀကီးဂဠဳန္ ဦးေစာလည္း တက္ရသည္။ သို႔ရာတြင္ (၂၇.၁.၁၉၄၇) ရက္ေန႔တြင္ အဂၤလန္၌ “ေအာင္ဆန္း- အက္တလီစာခ်ဳပ္”ကို ခ်ဳပ္ဆိုေသာအခါ ဦးေစာႏွင့္သခင္ဗစိန္က ကန႔္ကြက္ၿပီး လက္မွတ္မထိုးခဲ့ၾကသျဖင့္ ရန္ကုန္သို႔ ျပန္ေရာက္ေသာအခါဦးေစာႏွင့္ သခင္ဗစိန္တို႔သည္ ဝန္ႀကီးရာထူးမွ ႏုတ္ထြက္ၾကရၿပီး ဝန္ႀကီးအဖြဲ႕အစည္းအေဝးမ်ားသို႔ လည္း မတက္ၾကရေတာ့ေပ။
ထို႔ေၾကာင့္ လန္ဒန္မွျပန္လာၿပီးေနာက္ ဗိုလ္ခ်ဳပ္က ဝန္ႀကီးမ်ားအဖြဲ႕အစည္းအေဝးအား အပတ္စဥ္ စေနေန႔အစား ဗုဒၶဟူးေန႔သို႔ ေျပာင္းေ႐ႊ႕က်င္းပေနသည္ကို ဦးေစာက မသိရွိခဲ့ေပ။ စေနေန႔ (၁၀)နာရီတြင္သာ က်င္းပသည္ဟုသာ ထင္မွတ္ ေနသည္။ (ဗိုလ္ထြန္းလွ၏ေဆာင္းပါးမွ)
လုပ္ႀကံမႈျဖစ္ပြားသည့္ ရက္သတၱပတ္က ဝန္ႀကီးမ်ားအဖြဲ႕အစည္းအေဝးကို ဇူလိုင္ (၁၆)ရက္ (ဗုဒၶဟူး) ေန႔တြင္ က်င္းပရန္ ဖိတ္ၾကားထားခဲ့ၿပီးမွ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒ ေရးဆြဲေရးေကာ္မတီ အစည္းအေဝး ႏွင့္ တိုက္ဆိုင္ေနသျဖင့္ ဝန္ႀကီးမ်ားအဖြဲ႕အစည္းကို ဇူလိုင္(၁၉)ရက္(စေနေန႔)သို႔ ေ႐ႊ႕ေျပာင္းက်င္းပခဲ့ရျခင္း ျဖစ္ပါသည္။
အကယ္၍သာ…..
ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒေရးဆြဲေရးေကာ္မတီအစည္းအေဝးႏွင့္သာ မတိုက္ဆိုင္ပါက ဝန္ႀကီး မ်ားအဖြဲ႕ အစည္းအေဝးကို ဇူလိုင္ (၁၆)ရက္(ဗုဒၶဟူး)ေန႔တြင္ က်င္းပမည္ျဖစ္ရာ စေနေန႔တြင္ ဝန္ႀကီးမ်ား အဖြဲ႕အစည္းအေဝး က်င္းပသည္ဟုသာ သိထားေသာ ဦးေစာက လူသတ္သမားအဖြဲ႕ကို (၁၆)ရက္ ေန႔တြင္ ေစလႊတ္မည္ မဟုတ္သျဖင့္ လုပ္ႀကံမႈႀကီးလည္း ျဖစ္ပြားခဲ့သည္ မဟုတ္ေပ။
ဤသို႔ေသာ ကံၾကမၼာအလွည့္အေျပာင္း အေၾကာင္းတရားမ်ားေၾကာင့္ အက်ိဳးတရားအျဖစ္၊ “လုပ္ႀကံမႈ အျဖစ္ဆိုးႀကီး”ကား ေပၚေပါက္လာခဲ့ရေခ်ၿပီ။
ထိုအျဖစ္ဆိုးႀကီးမွာပင္ “ကံေကာင္းေထာက္မ၍” အသက္ေဘးမွ လြတ္ေျမာက္သြားသူမ်ား ရွိသကဲ့သို႔ “ကံဆိုးမိုးေမွာင္က်၍” အသက္ဆုံးရႈံးခဲ့ရသူမ်ားလည္း ရွိခဲ့ၾကေပသည္။
ထိုလုပ္ႀကံမႈႀကီးတြင္ အဓိကေခါင္းေဆာင္ျဖစ္သူ ဂဠဳန္ဦးေစာမွာ ခုနစ္တန္းပင္မေအာင္ဘဲ ေအာက္တန္းေရွ႕ေန လက္မွတ္ကိုသာ ရရွိထားသူျဖစ္ေသာ္လည္း ႀကိဳးစား၍ လုံ႔လဝီရိယရွိေသာေၾကာင့္ အဂၤလိပ္အစိုးရလက္ထက္တြင္ နန္းရင္းဝန္ရာထူးကို ရရွိခဲ့သူျဖစ္ပါသည္။ အလိုႀကီး၍ အရွက္အေၾကာက္ ကင္းၿပီး၊ လက္ရဲဇက္ရဲရွိကာ အခြင့္အေရးေကာင္းကို ျမင္တတ္ယူတတ္သည့္အျပင္ ဗိုလ္ခ်ဳပ္အေပၚ ရန္ျငႇိဳးအာဃာတထားခဲ့သျဖင့္ ဤလုပ္ႀကံမႈႀကီးကို ဦးေဆာင္ဖန္တီး စီစဥ္ခဲ့ျခင္း ျဖစ္သည္။ သို႔ေသာ္ ဦးေစာကို (အနည္းဆုံး)အားေပးကူညီသူမ်ား (သို႔မဟုတ္) ၫႊန္ၾကားေစခိုင္းသူမ်ားလည္း ရွိခဲ့ပါသည္။
(ေအာက္ေျခမွတ္စုကို ၾကည့္ပါရန္။)
ဤေအာင္ျမင္သည့္ လုပ္ႀကံမႈႀကီးမတိုင္မီက ဦးေစာသည္ ဗိုလ္ခ်ဳပ္အား ႏွစ္ႀကိမ္တိုင္လုပ္ႀကံရန္ ႀကိဳးစားခဲ့ဖူး ေသးသည္။
“ပထမအႀကိမ္”မွာ ၿဗိတိသွ် စစ္တပ္မ်ား၏ အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး၏ ျပည္လမ္းရွိေနအိမ္တြင္ Cocktail Party က်င္းပေသာ ညက ဗိုလ္ခ်ဳပ္အား ေသနတ္ျဖင့္ ပစ္ခတ္ရန္ ဦးေစာက တပည့္ခင္ေမာင္ရင္ တစ္ဦးတည္းအား ေစလႊတ္ခဲ့ျခင္းျဖစ္သည္။ ထိုပြဲသို႔ ဗိုလ္ခ်ဳပ္ေရာက္ရွိလာေသာ္လည္း “ဗိုလ္ခ်ဳပ္ ေရာက္ မလာပါ” ဟု ခင္ေမာင္ရင္က ျပန္လည္သတင္းပို႔ၿပီး ဗိုလ္ခ်ဳပ္အား ပစ္ခတ္ျခင္းမျပဳခဲ့ေပ။
“ဒုတိယအႀကိမ္”မွာ (ဇူလိုင္ ၁၉ ရက္မတိုင္မီတစ္ပတ္အလို) ၁၉၄၇ ခုႏွစ္၊ ဇူလိုင္လ (၁၂)ရက္၊ စေနေန႔တြင္ ျဖစ္သည္။ ဝန္ႀကီးမ်ားအစည္းအေဝးသို႔ တပည့္မ်ားေစလႊတ္၍ လုပ္ႀကံရန္ ႀကိဳးစားခဲ့ရာ ဗိုလ္ခ်ဳပ္၏႐ုံးခန္းတံခါး အပိတ္ေစာျခင္း၊ ဝန္ႀကီးမ်ားေစာ၍ ျပန္သြားၾကျခင္းတို႔ေၾကာင့္ မလုပ္ႀကံျဖစ္ခဲ့ေပ။ ထိုကိစၥတြင္ ဦးေစာက တပည့္မ်ား မလုပ္ႀကံရဲ၍ လိမ္ေျပာသည္ဟု ထင္ခဲ့ၿပီး “တတိယအႀကိမ္”တြင္မူ ယခင္အေခါက္မ်ားက မပါဝင္ခဲ့ေသာ ထက္ျမက္၍ အေတြ႕အႀကဳံရွိသူ ဘၫြန႔္(ေနာင္တြင္ အမႈကို ေဖာ္ေကာင္လုပ္သူ)ကိုပါ ထည့္သြင္း၍ တာဝန္ေပးခဲ့သည္။
၁၉၄၇ ခု၊ ဇူလိုင္လ (၁၉)ရက္ေန႔ လုပ္ႀကံမႈတြင္ ဦးေစာ၏ စီမံခ်က္မွာ ဤသို႔ ျဖစ္သည္-
ဖို႔ဒ္ဆန္ထရပ္ကားကို ခင္ေမာင္ရင္က ေမာင္းၿပီး ဘၫြန႔္၊ မႈံႀကီး၊ ေမာင္နီ တို႔ လိုက္ပါသြားရမည္။ ကားကို အတြင္းဝန္မ်ား႐ုံးအျပင္ဘက္တြင္ ရပ္ထားၿပီး ေမာင္နီက ကားကိုေစာင့္ေနရမည္။ ခင္ေမာင္ရင္က ႐ုံးဝင္းအတြင္း ဝင္၍ ဝန္ႀကီးမ်ားအစည္းအေဝးလုပ္ျဖစ္မျဖစ္ ေလ့လာၿပီး ဖုန္းဆက္၍ ဦးေစာထံ စကားဝွက္ျဖင့္ သတင္းပို႔ရမည္။
ဘၫြန႔္က ဝင္းအတြင္းရွိ တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္အေဆာက္အဦးသို႔သြား၍ လႊတ္ေတာ္ ဥကၠဌ သခင္ႏု႐ုံးခန္းတြင္ ရွိမရွိ ၾကည့္ရမည္။
ခင္ေမာင္ရင္ထံမွ အစည္းအေဝးလုပ္ျဖစ္ေၾကာင္း သတင္းပို႔ခ်က္ရလွ်င္ ဂ်စ္ကားကို သုခက ေမာင္းႏွင္၍ ေမာင္စိုး၊ သက္ႏွင္း၊ ေမာင္စိန္၊ ရန္ႀကီးေအာင္တို႔ လိုက္ပါၿပီး အတြင္းဝန္႐ုံးသို႔ သြားေရာက္ရမည္။
႐ုံးေအာက္တြင္ ဂ်စ္ကားကို စက္မသတ္ဘဲ ရပ္ထားၿပီး သုခက အသင့္ေစာင့္က်န္ရစ္ရမည္။ က်န္(၄)ဦး က အစည္းအေဝးခန္းသို႔ဝင္ေရာက္ၿပီး ေမာင္းျပန္ေသနတ္မ်ားျဖင့္ ဗိုလ္ခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ားကို ပစ္ခတ္သတ္ျဖတ္ရမည္။
ဘၫြန႔္သည္ ဂ်စ္ကားေပၚတြင္ အပိုပါလာေသာ ေတာ္မီေသနတ္ကိုယူၿပီး အစည္းအေဝးခန္းမွ ေသနတ္သံမ်ား ၾကားရခ်ိန္တြင္ သခင္ႏုအား ပစ္ခတ္သတ္ျဖတ္ရမည္။ ထို႔ေနာက္ ဘၫြန႔္ႏွင့္႐ုံးေပၚမွ ျပန္ဆင္းလာသူမ်ားသည္ ဂ်စ္ကားျဖင့္ ျပန္လာၾကရမည္။ ဤကား ဦးေစာ၏ လုပ္ႀကံမႈစီမံခ်က္ျဖစ္ေပသည္။
ဇူလိုင္လ၊ (၁၉)ရက္ေန႔ မနက္တြင္ (ထရပ္ကား ေမာင္းလာသူ) ခင္ေမာင္ရင္က အတြင္းဝန္မ်ား႐ုံး အေျခအေနကို ေလ့လာၿပီးေနာက္အနီးရွိ “သူရိယ” သတင္းစာတိုက္မွ တယ္လီဖုန္းျဖင့္ အစည္းအေဝး လုပ္ျဖစ္ေၾကာင္းကို စကားဝွက္ သုံးကာ “ပစၥတင္ကြင္းမ်ားယူၿပီးပါၿပီ” ဟု ဦးေစာထံသတင္းပို႔လိုက္သည္။
သခင္ႏုကို လုပ္ႀကံရမည့္ ဘၫြန႔္သည္ ၁၉၃၆ ခုႏွစ္ ေက်ာင္းသားေပါင္းစုံသပိတ္တြင္ ပါဝင္ခဲ့စဥ္က သခင္ႏုက သပိတ္ေခါင္းေဆာင္အျဖစ္ သူ႔ကို ဝံသာႏုစိတ္ဓာတ္ စတင္ပ်ိဳးေထာင္ေပးခဲ့သူျဖစ္သျဖင့္ သခင္ႏုကို သတ္ရန္ အေတာ္ဝန္ေလး၍ ခ်ီတုံခ်တုံျဖစ္ေနသည္။ သို႔ေသာ္ အတြင္းတန္မ်ား႐ုံးႀကီးကို ျမင္လိုက္ရခ်ိန္တြင္ ဦးေစာခိုင္းထားတာလုပ္ေတာ့မည္ဟု ဆုံးျဖတ္ခ်က္ခ်လိုက္ေတာ့သည္။
ဘၫြန႔္သည္ ႐ုံးဝင္းထဲရွိ တိုင္းျပဳ၊ ျပည္ျပဳ လႊတ္ေတာ္အေဆာက္အဦးဘက္သို႔ ေလွ်ာက္သြားကာ သခင္ႏု၏ ႐ုံးခန္း ျပဴတင္းေပါက္မွ အတြင္းသို႔လွမ္းၾကည့္လိုက္ရာ လူတစ္ဦး၏ မ်က္ႏွာအထက္ပိုင္းကို ျမင္ရသည္။ ေနာက္တစ္ေခါက္ သြားၿပီး ထပ္ၾကည့္ေသာအခါ ထိုသူမွာ သခင္ႏုမဟုတ္ဘဲ အယ္လ္ပတ္ကား တိုက္ပုံနက္ ဝတ္ထားေသာ ဦးေက်ာ္ျမင့္ ကေလးျဖစ္ေနသည္။ (သခင္ႏု ထိုေန႔က ႐ုံးမတက္ပါ။)
ဘၫြန႔္ ေပ်ာ္သြားသည္။ သခင္ႏုအား လုပ္ႀကံရန္ မလိုေတာ့။ ထရပ္ကားရွိရာသို႔ ျပန္သြားၿပီး ေစာင့္ဆိုင္းေနကာ အမ်ားႏွင့္အတူ ျပန္လာခဲ့သည္။ သခင္ႏုလည္း ကံေကာင္းသြားသည္။
သခင္ႏုသည္ အသက္ေဘးမွ လြတ္ေျမာက္သြား႐ုံသာမကဘဲ ဗိုလ္ခ်ဳပ္က်ဆုံးၿပီးေနာက္ အစိုးရအဖြဲ႕ကို ဆက္လက္ ဦးေဆာင္ကာ ျမန္မာႏိုင္ငံ ၁၉၄၈ ခု၊ ဇန္နဝါရီလ၊ (၄)ရက္ေန႔တြင္ လြတ္လပ္ေရးရၿပီးေနာက္ တြင္လည္း (အိမ္ေစာင့္ အစိုးရ အုပ္ခ်ဳပ္သည့္ကာလမွလြဲ၍) ၁၉၆၂ ခု၊ ေတာ္လွန္ေရးေကာင္စီအာဏာ သိမ္းယူခ်ိန္အထိ “ဝန္ႀကီးခ်ဳပ္ ဦးႏု” အျဖစ္ အစိုးရ အဖြဲ႕ကို ဦးေဆာင္ႏိုင္ခဲ့ေပသည္။
ဇူလိုင္လ၊ (၁၉)ရက္ေန႔ မနက္တြင္ အစည္းအေဝးလုပ္ျဖစ္ေၾကာင္း ခင္ေမာင္ရင္ သတင္းပို႔ေသာအခါ ဦးေစာသည္ ဂ်စ္ကားအဖြဲ႕ကို ထြက္ခိုင္းလိုက္သည္။ သုခက ကားေမာင္းၿပီး ေမာင္စိုး၊ သက္ႏွင္း၊ ေမာင္စိန္၊ ရန္ႀကီးေအာင္တို႔ ေမာင္းျပန္ ေသနတ္ကိုယ္စီျဖင့္ လိုက္ပါသြားၾကသည္။
ဦးေစာသည္ ယခင္ကတည္းကပင္ ၎တို႔တစ္ဦးခ်င္းအား “မ်ိဳးခ်စ္ပါတီကို သစၥာေဖာက္မိ၍ မိမိကိုယ္မိမိ သတ္ေသသြားပါသည္” ဟု ေရးသား၍ လက္မွတ္ထိုးခိုင္းထားေပရာ ဦးေစာသတ္မည္ကို ေၾကာက္႐ႊံ႕ရျခင္း၊ ဗိုလ္ခ်ဳပ္ကဲ့သို႔ တစ္ႏိုင္ငံလုံးခ်စ္ၾကည္ေလးစားေသာ ပုဂၢိဳလ္ကို လုပ္ႀကံရမည္ျဖစ္ျခင္းတို႔ ႏွစ္ခုၾကားတြင္ သူတို႔စိတ္မ်ား လြန္ဆြဲ၍ ေနၾကသည္။
လမ္းခရီးတြင္ ကားေမာင္းသူ သုခက ဂ်စ္ကားေမွာက္သြားေစရန္ ႀကိဳးစားေသာ္လည္း မေအာင္ျမင္ ခဲ့ေပ။ အတြင္းဝန္႐ုံးအေနာက္ဘက္ (မဟာဗႏၶဳလလမ္းဘက္) ေလွကားေျခရင္းသို႔ ဂ်စ္ကားေရာက္ေသာအခါ ေမာင္စိန္က ဂ်စ္ကားႏွင့္ ျပန္သြားလိုေသာ္လည္း သက္ႏွင္းက တားျမစ္ကာေပးထားေသာ အမိန႔္အတိုင္း ေဆာင္႐ြက္ရန္ခိုင္းေလသည္။
ထို႔ေနာက္ ေမာင္စိုး၊ သက္ႏွင္း၊ ေမာင္စိန္တို႔ ေတာ္မီေသနတ္ကိုယ္စီကိုင္ၿပီး ရန္ႀကီးေအာင္က စတင္းေသနတ္ကိုင္ကာ ႐ုံးေပၚသို႔ ေလွကားမွ တက္ခဲ့ၾကသည္။ အေပၚထပ္ ေကာ္ရစ္ဒါရွိ ဝန္ထမ္း(၂)ဦး၊ (၃)ဦးႏွင့္ ႐ုံးခန္းထဲရွိ ဝန္ထမ္းအခ်ိဳ႕က ထူးဆန္းသလို ၾကည့္ေနၾကေသာ္လည္း သူတို႔ ဟန္မပ်က္ေလွ်ာက္ လာၾကရာ၊ အစည္းအေဝးခန္းအနီးတြင္ရွိေသာ (ထရပ္ကားျဖင့္ ႀကိဳေရာက္ၿပီး ေလ့လာထားသူ) မႈံႀကီးက ေခါင္းညိတ္အခ်က္ျပသည္။
၎တို႔ထဲမွ တစ္ဦးက အစည္းအေဝးခန္းတံခါးကို ဖြင့္ရာ တံခါးေပါက္တြင္ ေစာင့္ေနေသာ ႐ုံးလုလင္ ေမာင္ေသာင္းစိန္က တားသည္။ သက္ႏွင္းက ေသနတ္ႏွင့္ခ်ိန္ၿပီး အျခားတစ္ဦးက ေမာင္ေသာင္းစိန္ကို တြန္းဖယ္ကာ ေသနတ္သမား (၄)ဦးသည္ အခန္းထဲသို႔ ဝင္သြားၾကရင္း “မထနဲ႔၊ မေျပးၾကနဲ႔” ဟု ေအာ္လိုက္ၾကသည္။
ေရွ႕ဆုံးမွ ဝင္သြားသူ ရန္ႀကီးေအာင္က “ဂငယ္” ပုံစံ အစည္းအေဝးစားပြဲႀကီး၏ အဝမွဝင္၍ ေျခစုံရပ္ၿပီး ဗိုလ္ခ်ဳပ္ကို စပစ္ေတာ့သည္။ ဗိုလ္ခ်ဳပ္က ထိုင္ရာမွထကာ လက္ကာျပရင္း တစ္စုံတစ္ခု ေအာ္ေျပာၿပီး ေသနတ္ဒဏ္ရာမ်ားျဖင့္ သူ၏ လက္ယာအေနာက္ဘက္ရွိ ႐ုံးစားပြဲသို႔ ႀကိဳးစားေလွ်ာက္သြားရင္း စားပြဲႏွစ္ခုၾကား၌ က်ဆုံးခဲ့ရသည္။
ေသနတ္သမားမ်ားသည္ အစပိုင္းတြင္ ဗိုလ္ခ်ဳပ္ႏွင့္ ဗိုလ္ခ်ဳပ္၏ လက္ယာဘက္ရွိ သခင္ျမတို႔စားပြဲမွ ဝန္ႀကီးမ်ားကို သဲသဲမဲမဲ စုၿပဳံပစ္ခတ္ၾကရာ စားပြဲထိပ္ရွိ အတြင္းဝန္ ဦးအုန္းေမာင္၊ စားပြဲမွ ဝန္ႀကီးမ်ား ျဖစ္ၾကေသာ သခင္ျမ၊ ဦးရာဇတ္၊ ဒီးဒုတ္ဦးဘခ်ိဳ၊ ဦးဘဝင္း၊ မန္းဘခိုင္တို႔မွာ မေရွာင္ႏိုင္ဘဲ ဒဏ္ရာအမ်ား အျပားရရွိကာ က်ဆုံးၾကရရွာေလသည္။
ထိုအခ်ိန္တြင္ ဗိုလ္ခ်ဳပ္၏ လက္ဝဲဘက္၌ရွိသူမ်ားမွာ ကံေကာင္းေထာက္မစြာ လႈပ္ရွားရန္ အခ်ိန္ရၾကပါသည္။ ဝန္ႀကီးမ်ားအဖြဲ႕ အတြင္းဝန္ ဦးေ႐ႊေဘာ္ႏွင့္ ဝန္ႀကီးေပ်ာ္ဘြယ္ဦးျမတို႔သည္ ခ်က္ခ်င္းထကာ အစည္း အေဝးခန္း၏ ေက်ာဘက္ျပဴတင္းေပါက္မွ ေက်ာ္၍ အျပင္ဘက္အုတ္ေဘာင္မွတစ္ဆင့္ အခန္းခ်င္းကပ္လ်က္ရွိေသာ ဦးေ႐ႊေဘာ္၏႐ုံးခန္းသို႔ ထြက္ေျပးလြတ္ေျမာက္သြားၾကသည္။
ေနာက္ထပ္ကံထူးသူ ဦးဘဂ်မ္းကား ေသနတ္သမားမ်ား စတင္ပစ္ခတ္သည္ႏွင့္ ၾကမ္းျပင္ေပၚသို႔ ထိုးေမွာက္အိပ္ခ် လိုက္ၿပီး သူႏွင့္ကပ္လ်က္ရွိေနသူ ဝန္ႀကီးဦးေအာင္ဇံေဝကိုလည္း ၾကမ္းျပင္ေပၚသို႔ ဆြဲခ် လိုက္သည္။ ဗိုလ္ခ်ဳပ္၏ လက္ယာဘက္မွ လူမ်ားကို ပစ္ၿပီး ေနာက္လူသတ္သမားမ်ားက လက္ဝဲဘက္သို႔ လွည့္၍ ပစ္ခတ္ေသာအခါ ၾကမ္းျပင္ေပၚရွိ ဦးဘဂ်မ္းႏွင့္ ဦးေအာင္ဇံေဝတို႔ ႏွစ္ဦးကို ေသဆုံးၿပီထင္၍ မ်ားမ်ား ထပ္မပစ္ေတာ့ေပ။
ေရွ႕ဆုံးမွဝင္ေရာက္ပစ္ခတ္သူ ရန္ႀကီးေအာင္သည္ မတ္တပ္ရပ္အေနအထားျဖင့္ လွည့္ပတ္ကာ အားရေအာင္ ပစ္ခတ္ၿပီးေနာက္ ဒူးေထာက္ၿပီး စားပြဲမ်ားေအာက္ၾကမ္းျပင္ေပၚရွိ လူမ်ားကို တစ္ခ်က္ႏွစ္ခ်က္ ေဝွ႔ယမ္းပစ္ခတ္လိုက္ရာ က်ည္ဆန္တစ္ေတာင့္မွ ဦးဘဂ်မ္း၏ လက္ယာဘက္လက္သူႂကြယ္ထိပ္ကို ထိမွန္သြားေလသည္။
ဗိုလ္ခ်ဳပ္လက္ဝဲဘက္တြင္ ထိုင္သူ (၅)ဦးအနက္မွ (၄)ဦးမွာ ကံေကာင္းေထာက္မစြာ လြတ္ေျမာက္ ခဲ့ေသာ္လည္း လူသတ္သမားမ်ားႏွင့္ အနီးဆုံးစားပြဲစြန္းတြင္ ထိုင္သည့္ မိုင္းမြန္ေစာ္ဘြားႀကီး စဝ္စံထြန္းမွာ လႈပ္ရွားခ်ိန္မရဘဲ အနီးကပ္ ပစ္ခတ္ျခင္းခံရၿပီး ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့ေလသည္။
လူသတ္သမား(၄)ဦးသည္ ဗိုလ္ခ်ဳပ္၏႐ုံးခန္း (အစည္းအေဝးခန္း)မွ ျပန္ထြက္လာရာ သတင္း ေထာက္မ်ားအခန္းမွ (လူသတ္သမားမ်ား ဆင္းမည့္) ေလွကားဘက္သို႔ ထြက္လာေသာ သတင္းေထာက္ ေမာင္သန္းကို ေတြ႕သျဖင့္ “ရပ္လိုက္” ဟု ေအာ္ေျပာၾကသည္။ ေမာင္သန္းက ၾကမ္းျပင္ေပၚသို႔ ကိုယ္ကို လွဲခ်ၿပီး ေနလိုက္ရာ ကံေကာင္းစြာျဖင့္ ပစ္ခတ္ျခင္း မခံရပါ။ အလားတူပင္ ဗိုလ္ခ်ဳပ္အခန္းႏွင့္ နံရံတစ္ခ်ပ္သာျခားသည့္ (ဗိုလ္ခ်ဳပ္၏ အပါးေတာ္ၿမဲ) ဗိုလ္ထြန္းလွ၏အခန္းတြင္ ရွိေနရာမွ ထြက္လာၿပီး ေလွကားဘက္သို႔ သြားေသာ (ၿဗိတိသွ်စစ္တပ္မွ) ဗိုလ္မႉးခ်ဳပ္ ေသာမတ္စ္၏ ကိုယ္ရံေတာ္ ဗိုလ္သန္းဝင္းကို “ရပ္လိုက္”ဟု လူသတ္သမားမ်ားက ေအာ္ေသာေၾကာင့္ ဗိုလ္သန္းဝင္းက ရပ္ေနလိုက္ရာ လူသတ္သမားမ်ားက ရန္မျပဳ ခဲ့ၾကပါ။ စစ္ဝတ္စုံဝတ္ထားေသာ ဗိုလ္သန္းဝင္းကို မပစ္ခတ္ခဲ့ၾကျခင္းမွာ ဗိုလ္သန္းဝင္း “ကံေကာင္း”တာလား အျခားအေၾကာင္းထူး ရွိခဲ့ေလသလားေတာ့ မေျပာႏိုင္ပါ။
လူသတ္သမားမ်ား ဗိုလ္ထြန္းလွအခန္းကိုေက်ာ္၍ အဆင္းေလွကားအနီးသို႔ အေရာက္တြင္ အနီးရွိ ဦးရာဇတ္၏ ႐ုံးခန္းထဲတြင္ရွိေနေသာ ရဲေဘာ္ကိုေထြးသည္ လူသတ္သမားမ်ားကို အငိုက္ဖမ္း ပစ္ခတ္ရန္ အတြက္ လူသတ္သမားမ်ား အခန္းကိုေက်ာ္သြားသည္ႏွင့္ ဒသမ ၃၂ ေျခာက္လုံးျပဴး ေသနတ္ကို အသင့္အေန အထားကိုင္၍ အျခားလက္တစ္ဖက္က ဆင္နား႐ြက္တံခါးကို တြန္းဖြင့္ၿပီး ထြက္ရာတြင္ တံခါးပတၱာမွ အသံျမည္သြားသျဖင့္ ပစ္ခတ္ရန္ အသင့္ရွိေနသူ ရန္ႀကီးေအာင္က လက္ဦးမႈရကာ စတင္းေသနတ္ျဖင့္ ပစ္ခတ္ျခင္း ခံခဲ့ရပါသည္။ (ဒဏ္ရာျဖင့္ လဲက်ေနစဥ္ ရဲေဘာ္ကိုေထြးက ေရာက္ရွိလာသူမ်ားကို “ရန္ႀကီးေအာင္…. ရန္ႀကီးေအာင္”ဟု ေျပာခဲ့ပါသည္။)
(တိုက္ဆိုင္မႈတစ္ခုမွာ ရဲေဘာ္ကိုေထြးသည္ အသက္(၁၇)ႏွစ္ေက်ာ္သာ ရွိေသး၍ က်ဆုံးေသာ အာဇာနည္မ်ားထဲတြင္ အသက္အငယ္ဆုံးျဖစ္သကဲ့သို႔ ၎အား ပစ္ခတ္သူ ရန္ႀကီးေအာင္မွာလည္း လူသတ္ သမားမ်ားထဲတြင္ အသက္အငယ္ဆုံး အသက္(၁၆)ႏွစ္အ႐ြယ္ရွိသူ ျဖစ္ေနျခင္းပင္။)
လူသတ္သမားမ်ား ေလွကားမွအဆင္းတြင္ ဗိုလ္ထြန္းလွအတြက္ ထမင္းသြားဝယ္ေသာ ရဲေဘာ္ လွေမာင္ႏွင့္ ဆုံၾကရာ လူသတ္သမားမ်ား ရဲေဘာ္လွေမာင္ကို ေသနတ္ျဖင့္ တစ္ခ်က္ပစ္လိုက္ေသာ္လည္း လွေမာင္က လ်င္ျမန္စြာ ဝပ္ခ်လိုက္ရာ ကံေကာင္းေထာက္မစြာ က်ည္သည္ ပခုံးမွရွပ္၍ ထြက္သြားေလသည္။ ထို႔ေနာက္ လူသတ္သမားမ်ားသည္ ေလွကားရင္းရွိ ဂ်စ္ကားျဖင့္ အတြင္းဝန္႐ုံးမွ ဦးေစာေနအိမ္သို႔ ျပန္လည္ထြက္ခြာသြားၾကေလေတာ့သည္။
ထိုေန႔က လူသတ္သမားမ်ားလက္ခ်က္ျဖင့္ ဗိုလ္ခ်ဳပ္သည္ က်ည္ (၁၃)ခ်က္၊ သခင္ျမသည္ (၂)ခ်က္၊ မန္းဘခိုင္သည္ (၁၅)ခ်က္၊ ဦးဘဝင္းသည္ (၈)ခ်က္၊ ဦးရာဇတ္သည္ (၆)ခ်က္၊ ဦးအုန္းေမာင္သည္ (၅)ခ်က္ ထိမွန္ကာ ေနရာတြင္ပင္ အသက္ဆုံးရႈံးခဲ့ၾကရရွာေပသည္။
က်န္ (၃)ဦးမွာ အသက္ရွင္ေနေသးၿပီး၊ က်ည္ (၅)ခ်က္ ထိမွန္သူ ဒီးဒုတ္ဦးဘခ်ိဳသည္ မြန္းလြဲ (၁:၄၀)နာရီတြင္ လည္းေကာင္း၊ က်ည္ (၄)ခ်က္ထိမွန္သူရဲေဘာ္ကိုေထြးသည္ မြန္းလြဲ (၂:၁၅)နာရီတြင္ လည္းေကာင္း၊ က်ည္ (၂)ခ်က္ ထိမွန္သူ မိုင္းမြန္ေစာ္ဘြားႀကီး စဝ္စံထြန္းမွာ ေနာက္ေန႔မြန္းတည့္ (၁၂:၀၀) နာရီတြင္လည္းေကာင္း ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီး၌ ကြယ္လြန္သြားခဲ့ၾကရရွာေလသည္။
ထိုေန႔က ကံေကာင္းေထာက္မ၍ ဝန္ႀကီးမ်ားထဲမွ လုပ္ႀကံခံရမႈႏွင့္လြဲခဲ့ရသူ (၃)ဦးလည္း ရွိေသးသည္။ ထိုပုဂၢိဳလ္မ်ားမွာ ျပည္တြင္းတြင္ ခရီးထြက္ေနသူ ဝန္ႀကီးေစာစံဖိုးသင္၊ ျပည္ပသို႔ ခရီးထြက္ေနသူ ဝန္ႀကီး ဦးေက်ာ္ၿငိမ္းႏွင့္ ဦးတင္ထြဋ္တို႔ပင္ ျဖစ္သည္။
ေနာက္ထပ္ကံအလြန္ေကာင္းသူမွာ အတြင္းဝန္ဦးၾကင္ျဖစ္သည္။ မူလအစည္းအေဝး အစီအစဥ္အရ လုပ္ႀကံမႈ ျဖစ္ပြားမည့္အခ်ိန္မွာ ဦးၾကင္ဝင္ေရာက္တင္ျပရမည့္ အခ်ိန္ျဖစ္ေသာ္လည္း အတြင္းဝန္ဦးအုန္းေမာင္ တြင္ အျခားအေရးႀကီး ကိစၥရွိေန၍ အစိုးရအတြင္းဝန္ဦးေ႐ႊေဘာ္၊ အတြင္းဝန္ ဦးၾကင္တို႔ႏွင့္ ညႇိႏႈိင္းကာ ဦးအုန္းေမာင္က အစည္းအေဝးခန္းသို႔ ဝင္ေရာက္တင္ျပခဲ့ျခင္းျဖစ္ရာ ဦးၾကင္ကိုယ္စား ဦးအုန္းေမာင္ကတင္၍ တန္ဆာခံသလို ျဖစ္ခဲ့ရေလသည္။
ထိုေန႔က အျခား “ကံဆိုးသူ၊ ကံေကာင္းသူ” (၂)ဦးလည္း ရွိပါေသးသည္။
ဝန္ႀကီးဦးရာဇတ္၏ အပါးေတာ္ၿမဲ ဦးခ်စ္ေဆြႏွင့္ သက္ေတာ္ေစာင့္ ရဲေဘာ္ကိုေထြးတို႔မွာ မႏၲေလးၿမိဳ႕မ ဗဟိုအမ်ိဳးသားအထက္တန္းေက်ာင္းမွ ထြက္သည့္ ဦးရာဇတ္၏ တပည့္ရင္းမ်ား ျဖစ္ၾကရာ ႏွစ္ဦးစလုံးသည္ ဆရာႀကီး ဦးရာဇတ္ကို သံေယာဇဥ္ ႀကီးၾကသည္။
ရဲေဘာ္ကိုေထြးမွာ ေနျပည္ေတာ္ရဲအုပ္အဆင့္ျဖင့္ သက္ေတာ္ေစာင့္တာဝန္ထမ္းေဆာင္ေနေသာ္လည္း ရဲအုပ္ဝတ္စုံကို မထုတ္ယူရေသးသျဖင့္ ေက်ာင္းသားဘဝက ပါဝင္ေဆာင္႐ြက္ခဲ့ေသာ (ဖဆပလ လက္ေအာက္ခံ) ျပည္သူ႔ရဲေဘာ္ဝတ္စုံကိုသာ ထိုေန႔အထိ ဝတ္ဆင္လ်က္ရွိေနပါသည္။ ထိုေန႔ မနက္တြင္ ဦးခ်စ္ေဆြက ရဲေဘာ္ကိုေထြးအား ပုလိပ္မင္းႀကီး ႐ုံးသို႔သြားေရာက္၍ ေနျပည္ေတာ္ရဲအုပ္ဝန္စုံႏွင့္ ဒသမ ၃၈ ေျခာက္လုံးျပဴးကို ထုတ္ယူရန္ေျပာရာ ကိုေထြးက ဆရာႀကီးခိုင္းစရာရွိလွ်င္ ခိုင္းႏိုင္ရန္အတြက္ အစည္းအေဝး ၿပီးမွ သြားထုတ္ေတာ့မည္ဟု ေျပာၿပီး မသြားဘဲ သတင္းစာဖတ္၍ ေနခဲ့ပါသည္။
အစည္းအေဝးလုပ္ေနစဥ္ ဝန္ႀကီးဦးရာဇတ္ခဏထြက္လာကာ ထိုေန႔ည ၿမိဳ႕မေက်ာင္းတြင္ က်င္းပမည့္ “အထက္ျမန္မာျပည္ႏွင့္ ေအာက္ျမန္မာျပည္ လက္ေဝွ႔ၿပိဳင္ပြဲ” သို႔ ၎ႏွင့္အတူ ဗိုလ္ခ်ဳပ္ပါ လိုက္ၾကည့္မည္ ျဖစ္၍ (ဆရာႀကီး ျပဳစုပ်ိဳးေထာင္ေပးထားေသာ) အထက္ျမန္မာျပည္ လက္ေဝွ႔အသင္းသို႔ သြားၿပီး လိုအပ္ သည္မ်ား လုပ္ေပးရန္ ဦးခ်စ္ေဆြကို ေစလႊတ္လိုက္ပါသည္။
ရဲေဘာ္ကိုေထြးကား (ကံၾကမၼာကို ႀကိဳတင္မသိရွိဘဲ) မိမိကိုယ္တိုင္ ေ႐ြးခ်ယ္မႈအရ “လုပ္ႀကံမႈႀကီး”ႏွင့္ ႀကဳံႀကိဳက္ရန္ ေစာင့္ဆိုင္းေနပါေတာ့သည္။
ထိုေန႔က အစည္းအေဝးခန္းထဲရွိ ပုဂၢိဳလ္မ်ားမွအပ ေမာင္းျပန္ေသနတ္မ်ား ကိုင္ေဆာင္ပစ္ခတ္ သတ္ျဖတ္ေနသည့္ ေသြးဆာလူသတ္သမားမ်ားကို ထြက္၍ ရင္ဆိုင္သည့္ အျခားသူတစ္ဦးတစ္ေယာက္မွ် မရွိခဲ့ပါ။ (ထိုအခ်ိန္က ဗိုလ္ခ်ဳပ္၏ အစည္းအေဝးခန္းႏွင့္ကပ္လ်က္ အခန္းတြင္ ဗိုလ္ခ်ဳပ္၏ အပါးေတာ္ၿမဲ ဗိုလ္ထြန္းလွႏွင့္ ဗိုလ္မႉးခ်ဳပ္ ေသာမတ္စ္၏ သက္ေတာ္ေစာင့္ ဗိုလ္သန္းဝင္းတို႔ရွိေနၾကၿပီး ၎တို႔တြင္လည္း ေသနတ္ရွိပါသည္။)
သူ႔ ဆရာရင္းျဖစ္ေသာ ဆရာႀကီး ဦးရာဇတ္၊ သူကိုယ္တိုင္အပါအဝင္ ျပည္သူလူထုတစ္ရပ္လုံးက ျမတ္ႏိုးေလးစား အားထားသည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ဝန္ႀကီးမ်ားကို လုပ္ႀကံသတ္ျဖတ္သူမ်ားအား ႀကိဳတင္ကာကြယ္တားဆီး တိုက္ခိုက္ျခင္း မျပဳႏိုင္ခဲ့ေသာ္လည္း တတ္ႏိုင္သမွ် ျပန္လည္ပစ္ခတ္လက္စား ေခ်မည္ဟူေသာ စိတ္ဓာတ္ျဖင့္ ကိုယ္တိုင္ဆုံးျဖတ္ ေ႐ြးခ်ယ္ၿပီး ဒသမ ၃၂ ေျခာက္လုံးျပဴးေလးတစ္လက္ကို သာကိုင္စြဲ၍ ေမာင္းျပန္ေသနတ္ကိုင္ၿပီး ေသြးဆာေနသည့္ လူသတ္သမားမ်ားကို ရင္ဆိုင္တိုက္ခိုက္ရန္ ႀကိဳးစားရင္းက်ဆုံးခဲ့သူ ရဲေဘာ္ကိုေထြးကိုမူ “ကံဆိုးသူ” စာရင္းတြင္ ထည့္သြင္း ရမည္လား?
လူငယ္တို႔သဘာဝ ရဲအုပ္ဝတ္စုံအသစ္ႏွင့္ ဒသမ ၃၈ ေျခာက္လုံးျပဴးကို ထုတ္ယူလိုစိတ္ ျပင္းျပေန မည္ျဖစ္ေသာ္လည္း၊ အေရးႀကီး ႏိုင္ငံ့တာဝန္ထမ္းေဆာင္ေနသည့္ မိမိ၏ ဆရာသမားက ေပးအပ္မည့္တာဝန္ ကို ေက်ပြန္စြာ လုပ္ေဆာင္ေပးႏိုင္ရန္အတြက္ ယူနီေဖာင္းႏွင့္ ေသနတ္ကို သြားေရာက္ထုတ္ယူျခင္း မျပဳေသး ဘဲ ႐ုံးခန္းထဲတြင္ အသင့္ ေစာင့္ဆိုင္းေနခဲ့ေသာ ကိုေထြး၊ မိမိအႏၲရာယ္ မရွိေစရန္ အခန္းထဲတြင္ ပုန္းေရွာင္ေန လွ်င္ ရႏိုင္ေသာ္လည္း အျခားသူမ်ား မလုပ္ႏိုင္ခဲ့ေသာ လုပ္ႏိုင္ခဲေသာ “ရန္သူအား ထြက္၍ တိုက္ခိုက္ျခင္း”ကို သူ႔ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ျဖင့္ စြန႔္လႊတ္လုပ္ကိုင္ရင္း ရန္သူ႔က်ည္ထိမွန္ခံခဲ့ရသူ ကိုေထြး၊ ေသအံ့မူးမူးအခ်ိန္ တြင္ပင္ ေဆး႐ုံသို႔ လာေရာက္ၾကည့္ရႈသူ အစ္ကိုႏွစ္ဦး (ေရတပ္မွ Leading/Signal Man ေအာင္သန္းစိန္ႏွင့္ ျပည္သူ႔ေထာက္ပံ့ေရးဌာနမွ ကိုေစာေဖ)တို႔အား ခပ္ယဲ့ယဲ့ ၿပဳံးျပရင္း “ဆရာႀကီး ဘယ္မွာလဲ” ဟု ေမးခဲ့ေသာ ကိုေထြး။
ထို “ရဲေဘာ္ ကိုေထြး” အဖို႔မူ (အျခားသူမ်ားက မည္သို႔ပင္ သတ္မွတ္ေစကာမူ) မိမိကိုယ္မိမိ “တာဝန္ ေက်ပြန္သူ”၊ “ကံေကာင္းသူ၊ ကံထူးသူ”အျဖစ္ သတ္မွတ္၍ ေက်နပ္ေနမည္လားဟု ေတြးေတာစဥ္းစား မိပါေတာ့သည္။
ေအာက္ေျခမွတ္စု
ဦးေစာကို ၿဗိတိသွ်အားေပးကူညီသူမ်ား (သို႔မဟုတ္၊ ထို႔ထက္ပို၍) ၫႊန္ၾကားေစခိုင္းသူမ်ားရွိေၾကာင္း အေထာက္ အထားအခ်ိဳ႕
၁။ ၿဗိတိသွ် စစ္တပ္မွ ေမဂ်ာစီအိပ္ခ်္ရန္းႏွင့္ ကပၸတိန္ ဗီဗီယန္း (ၿဗိတိသွ်စစ္တပ္မွ ပုလိပ္လက္နက္ ပစၥည္းေထာက္ပံ့ေရးသို႔ ေျပာင္းလာသူ ရာဇဝတ္ဝန္ကေလး)တို႔ အကူအညီျဖင့္ ပုလိပ္ပစၥည္းေထာက္ပံ့ေရး ဌာနမွ အရာရွိခ်ဳပ္ ေအဘီေဒးဗစ္၏ လက္မွတ္တုသုံးကာ၊ ဘိုတေထာင္ (COD) လက္နက္ဂိုေဒါင္မွ ဘရင္းဂန္း (၂၀၀)လက္၊ ေျပာင္းပို (၂၀၀)ခုႏွင့္ က်ည္ကပ္(၈၀၀)ခုတို႔ကို ဦးေစာကိုယ္တိုင္ ေမာ္ေတာ္ယာဥ္ျဖင့္ လိုက္ပါ၍ (၂၄.၆.၁၉၄၇) ရက္ေန႔တြင္ ထုတ္ယူ ႏိုင္ခဲ့ျခင္း။
၂။ ကပၸတိန္ ဗီဗီယန္း စီစဥ္ေပးမႈျဖင့္ မဂၤလာဒုံ(AOD) လက္နက္ခဲယမ္း မီးေက်ာက္တပ္မွ ဒသမ ၃၀၃ က်ည္(၁၀၀,၀၀၀)ေတာင့္၊ စတင္းက်ည္ (၂၅၆,၀၀၀) ေတာင့္ႏွင့္ လက္ပစ္ဗုံး (၂၀၀)လုံးတို႔ကို (၁၄.၇.၁၉၄၇) ရက္ေန႔တြင္ ဦးေစာက ထုတ္ယူႏိုင္ခဲ့ျခင္း။
၃။ အပိုဒ္(၁) ႏွင့္ (၂)ပါ လက္နက္ခဲယမ္းမ်ားမွာ ထိုအခ်ိန္က ေျခလ်င္တပ္ရင္း (၆)ရင္းစာ လက္နက္မ်ားျဖစ္ရာ၊ ဦးေစာက ေငြေပး၍ ဝယ္ယူတာလည္းမဟုတ္၊ ဗီဗီယန္း ကိုယ္က်ိဳးအတြက္ ေငြေပးရတာ လည္း မဟုတ္ဘဲ ထုတ္ေပးျခင္းျဖစ္ ေပရာ အထက္အာဏာပိုင္တို႔၏ သေဘာထားမပါဘဲ ထုတ္ေပးျခင္း မျဖစ္ႏိုင္ဘဲ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ အစိုးရအဖြဲ႕ကို ျဖဳတ္ခ်႐ုံသာမက ျပည္တြင္းမၿငိမ္မသက္ျဖစ္ရန္အထိ ရည္႐ြယ္ခ်က္ရွိသည္ဟု ခန႔္မွန္းႏိုင္ျခင္း။
၄။ ဂိုေဒါင္မ်ားမွ လက္နက္ခဲယမ္းမ်ား ထုတ္ေပးခဲ့သည့္အျပင္ ကုကၠိဳင္းအမွတ္(၁) ဘီအီးအမ္အီးတပ္မွ တပ္မႉး ေမဂ်ာစီအိပ္ခ်္ရန္းက ဦးေစာအား ဆပ္မရွင္းဂန္း (၁)လက္၊ အေမရိကန္႐ိုင္ဖယ္(၃)လက္၊ စတင္းဂန္း(၁)လက္၊ ေတာ္မီဂန္း (၂)လက္၊ လစ္ကားပစၥတို(၁)လက္၊ ေျခာက္လုံးျပဴး(၂)လက္ႏွင့္ က်ည္ဆန္ မ်ား ေရာင္းခ်ေပးခဲ့ျခင္း။
၅။ ထို႔အျပင္ ဦးေစာသည္ အဂၤလိပ္လူမ်ိဳး ေမဂ်ာလန္းစ္ဒိန္းထံမွလည္း စပရင္းဖီး႐ိုင္ဖယ္(၁)လက္၊ ေတာ္မီဂန္း(၂)လက္၊ ကာဘိုင္(၁)လက္ႏွင့္ က်ည္မ်ားကို ရရွိခဲ့ျခင္း။ (၎လက္နက္အခ်ိဳ႕ကို ေငြေပး၍ ဝယ္ယူရသည္။)
၆။ ကိုယ္တိုင္ပါဝင္ခဲ့သူ ပုလိပ္ဌာနအုပ္ႏွင့္ ပုလိပ္အခ်ိဳ႕၏ ေရးသားေျပာၾကားခ်က္မ်ားအရ လုပ္ႀကံမႈ မျဖစ္ပြားမီ ရက္အေတာ္ၾကာၾကာကပင္ ဦးေစာ၏အိမ္ၿခံဝင္းအား ပုလိပ္အဖြဲ႕က ေန႔စဥ္အနီးကပ္ေစာင့္ၾကည့္ ေနခဲ့ရာ ဦးေစာ၏ သာမန္မဟုတ္ေသာ လႈပ္ရွားမႈမ်ားအရ ရာဇဝတ္မႈႀကီးတစ္ခုကို က်ဴးလြန္ေတာ့မည္ျဖစ္ ေၾကာင္း ၿဗိတိသွ်အစိုးရက ႀကိဳတင္သိရွိ မည္ျဖစ္ေသာ္လည္း ထိေရာက္ေသာ ႀကိဳတင္အေရးယူတားဆီးမႈ မျပဳလုပ္ခဲ့ျခင္း။
၇။ လုပ္ႀကံမႈျဖစ္ပြားစဥ္က အပါးေတာ္ၿမဲဗိုလ္ထြန္းလွအခန္းမွထြက္လာေသာ (အဂၤလိပ္တပ္မွ ဗိုလ္မႉးခ်ဳပ္ ေသာမတ္စ္၏ ကိုယ္ရံေတာ္)ဗိုလ္သန္းဝင္းအား အစည္းအေဝးခန္းမွ ထြက္လာေသာ လူသတ္သမားက ေတြ႕ေသာ္လည္း “ရပ္ရန္” ေအာ္ေျပာသည္မွအပ ရန္မျပဳခဲ့ၾကေၾကာင္း ဗိုလ္ထြန္းလွက ေရးသားခဲ့ပါသည္။ ဗိုလ္သန္းဝင္းကို ေက်ာ္သြားၿပီးေနာက္ ရဲေဘာ္ကိုေထြးကိုမူ လူသတ္သမားမ်ားက ပစ္ခတ္ခဲ့ၾကသည့္အျပင္၊ ေလွကားမွ ဆင္းသြားၾကစဥ္ ရဲေဘာ္လွေမာင္ကို ျမင္၍ ပစ္ခတ္ခဲ့ၾကေသာ္လည္း အဂၤလိပ္စစ္တပ္စစ္ဝတ္စုံ ဝတ္ထားေသာ ဗိုလ္သန္းတင္းအား မည္သည့္အေၾကာင္းေၾကာင့္ ပစ္ခတ္ျခင္း မျပဳခဲ့သည္မွာ စဥ္းစားစရာ အခ်က္တစ္ခ်က္ ျဖစ္ပါသည္။
၈။ လုပ္ႀကံမႈျဖစ္ပြားသည့္အခ်ိန္တြင္ အစည္းအေဝးခန္းမ၏ ေအာက္တည့္တည့္ရွိ ပုလိပ္မင္းႀကီး ဦးထြန္းလွေအာင္၏ ႐ုံးခန္းထဲ၌ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးဗိုလ္ခ်ဳပ္နက္ရွ္ႏွင့္ ေထာက္လွမ္းေရးမႉး ခ်ဳပ္ ဗိုလ္မႉးခ်ဳပ္ ႏိုက္ထ္တို႔ရွိေနၾကၿပီး (၂)ဦးစလုံး ထိုေန႔မနက္ ၁၁ နာရီတြင္ ရန္ကုန္ျမစ္ဝ၌ ေက်ာက္ခ် ထားေသာ ၿဗိတိသွ်စစ္သေဘၤာျဖင့္ လန္ဒန္သို႔ ျပန္သြားၾကျခင္း။ (တိုက္ဆိုင္မႈလား၊ အေၾကာင္းထူးရွိသလား မသိပါ။)
၉။ လုပ္ႀကံမႈၿပီးခါစတြင္ “အမႈ၌ ၿဗိတိသွ်အစိုးရပါဝင္ပတ္သက္ေၾကာင္း” သတင္းမ်ားပ်ံ႕ႏွံ႔ေနသျဖင့္၊ ဦးႏုအစိုးရက ၿဗိတိသွ်အစိုးရဆႏၵႏွင့္ ညီေစရန္အတြက္” လုပ္ႀကံမႈႀကီးတြင္ ၿဗိတိသွ်အစိုးရ မပါဝင္မပတ္သက္ ေၾကာင္း” ေၾကညာခ်က္ထုတ္ရန္ စီစဥ္ေနခ်ိန္တြင္ (၂၈-၇-၁၉၄၇)ေန႔ထုတ္ “ရန္ကုန္လမ္းၫႊန္သတင္းစာ”၌ “ဦးေစာသည္ ေအာင္ဆန္း- အက္တလီ စာခ်ဳပ္ကို လက္မွတ္မထိုးခဲ့သည့္အျပင္ ဖဆပလၿပိဳကြဲေစရန္ ရည္႐ြယ္ခ်က္ျဖင့္ အဂၤလန္၌ ခ်န္ေနခဲ့ၿပီး၊ အဂၤလိပ္မ်ားထံမွ ေငြ(၅)သိန္း လက္ခံယူခဲ့ေၾကာင္း၊ အဂၤလန္မွ အရင္းရွင္မ်ားက ဦးေစာအား ေငြအေျမာက္အျမား ေပးခဲ့ ေၾကာင္း” ေရးသားလာသျဖင့္ ဦးႏုစီစဥ္ေနေသာ ေၾကညာခ်က္မထုတ္ရဲခဲ့ျခင္း။
၁၀။ လုပ္ႀကံမႈကို က်ဴးလြန္ၿပီးေနာက္ ဦးေစာသည္ တိမ္းေရွာင္ျခင္းမျပဳဘဲ ေနအိမ္တြင္ ေအးေအး ေဆးေဆး အရက္ေသာက္ေနခဲ့ျခင္း၊ ေနအိမ္အား ရွာေဖြသည့္အခါ “U SAW, PRIME MINISTER” ဟု ထုလုပ္ထားေသာ တံဆိပ္တုံးအသစ္ကို ေတြ႕ရျခင္းတို႔အရ ဦးေစာသည္ ၿဗိတိသွ်အစိုးရ၏ ဆႏၵႏွင့္အညီ လုပ္ႀကံမႈကို က်ဴးလြန္ခဲ့ၿပီး၊ ဘုရင္ခံက “အစိုးရသစ္ ဖြဲ႕ရန္” ေခၚယူမည္ကို ေစာင့္ဆိုင္းေနသည္ဟု ယူဆ ႏိုင္ဖြယ္ရွိျခင္း။
၁၁။ ဦးေစာ၏ ေရွ႕ေနျဖစ္သူ “ဖရက္ဒရစ္ဟင္နရီ” သည္ အဂၤလန္ရွိ သူ၏အခန္းတြင္ လုပ္ႀကံ သတ္ျဖတ္ခံရျခင္း၊ လုပ္ႀကံမႈႀကီးကို အလြတ္စုံေထာက္ေနသူ “အက္ဖ္ကိုလင္”သည္လည္း စာ႐ြက္စာတမ္းမ်ား ေပ်ာက္ဆုံးၿပီး ႐ုတ္တရက္ ေသဆုံးသြားျခင္းတို႔အရ အမႈႀကီး၏ အရင္းခံအျဖစ္အပ်က္ကို သိရွိသူမ်ားအား သတင္းေပါက္ၾကားမည္စိုး၍ ႏႈတ္ပိတ္လိုက္ သည္ဟု ယူဆႏိုင္ျခင္း။
၁၂။ ဦးေစာသည္ ေသဒဏ္ခ်မွတ္ခံရၿပီးေနာက္ အက်ဥ္းေထာင္ႀကိဳးတိုက္တြင္ ရွိေနစဥ္ ေထာင္မင္းႀကီး ဦးစံတင္အား “သူ႔ကို လြတ္ေျမာက္ေအာင္ လုပ္ေပးပါက ေငြအေျမာက္အျမားေပးမည္”ဟု ေျပာဆိုခ်ဥ္းကပ္ခဲ့ပါ သည္။ ဦးစံတင္က ပုလိပ္မင္းႀကီး ဦးထြန္းလွေအာင္ႏွင့္ တိုင္ပင္ၿပီး စီမံခ်က္ခ်ကာ “ေငြေပးရင္ လုပ္ေပးမယ္” ဟု ျပန္ေျပာရာ ဦးေစာက သူႏွင့္ဆက္စပ္သူ အဂၤလိပ္မ်ားထံ ေငြေတာင္းခံစာမ်ား ေပးပို႔ခဲ့ေလသည္။
(က) ပထမဆုံး ဦးေစာက (လက္နက္ခဲယမ္းမ်ား ထုတ္ေပးခဲ့သူ) ကပၸတိန္ဗီဗီယန္းထံ ေငြေတာင္းခံစာ ပို႔ခဲ့သည္။ (ဗီဗီယန္း လက္နက္ထုတ္ေပးမႈႏွင့္ ေထာင္ထဲေရာက္ေနသည္ကို ဦးေစာမသိေပ။) ဗီဗီယန္း၏ ျပန္စာ၌ “ငါတို႔ အားလုံး စီစဥ္ေပးႏိုင္တယ္။ မင္းဘာလို႔ Tall Man (လူရွည္ႀကီး)နဲ႔ မဆက္သြယ္သလဲ”ဟု ေရးခဲ့သည္။
(ခ) ဦးေစာ ဒုတိယစာေရး၍ ေငြေတာင္းသူမွာ ရန္ကုန္ၿမိဳ႕ ၿဗိတိသွ်ေကာင္စစ္ဝန္႐ုံးမွ “မစၥတာဂြၽန္စတီးဝပ္ ဘင္ကလင္” ျဖစ္သည္။ ဘင္ကလင္သည္ ဦးေစာ၏ စာကိုဖတ္၍ အလြန္ေခ်ာက္ခ်ား သြားၿပီး စာကို ဖ်က္ဆီးကာ စာလာပို႔သူ ပုလိပ္အရာရွိကို ေမာင္းထုတ္လိုက္သည္။ ထို႔ေနာက္ ဘင္ကလင္ (အရပ္ ၆ ေပ ၂ လက္မျမင့္သည့္ Tall Man) သည္ ေနအိမ္မွ “ကမ္းနားလမ္း(Strand)ဟိုတယ္သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ကာ အဂၤလန္သို႔ ျပန္ထြက္ရန္ ျပင္ဆင္ သည္။
(ဂ) ဦးေစာက ဩဂုတ္လ (၂၂)ႏွင့္ (၂၃)ရက္မ်ားတြင္ ဘင္ကလင္ထံ ထပ္ပို႔ေသာစာမ်ား၌ ေငြေတာင္း႐ုံသာမက ၿခိမ္းေျခာက္ထားေသးသည္။
(ဃ) ဘင္ကလင္ကို ဖမ္းရန္ ဦးထြန္းလွေအာင္က ျပည္ထဲေရးဝန္ႀကီး ဦးေက်ာ္ၿငိမ္းမွတဆင့္ တင္ျပခဲ့ရာ ဘုရင္ခံက သက္ေသခံအေထာက္အထား ထပ္မံေတာင္းၿပီး ဘင္ကလင္ကို သူ႔ေရွ႕တြင္သာ စစ္ရန္ ဦးေက်ာ္ၿငိမ္းအား ေျပာခဲ့ သည္။ ဦးထြန္းလွေအာင္က ဘင္ကလင္ထံသြားၿပီး ဦးေစာေနာက္ဆုံးေပးသည့္စာကို ျပရာ ဘင္ကလင္သည္ ထိတ္လန႔္ ေၾကာက္႐ြံ႕သြားၿပီး ထိုေန႔ (၄-၉-၁၉၄၇)ရက္ေန႔မွစ၍ ရန္ကုန္ၿမိဳ႕မွ ေပ်ာက္ကြယ္သြားေတာ့သည္။
(င) ေမဂ်ာအိပ္ခ်္ရန္း၏ ထြက္ဆိုခ်က္အရလည္း ဦးေစာႏွင့္ ဘင္ကလင္တို႔၏ ဆက္သြယ္မႈမွာ သာမန္အေနအထားထက္ ပိုေၾကာင္းသိရွိၾကရသည္။ ဤဆက္ႏႊယ္မႈမ်ားကို ၾကည့္လွ်င္ ၿဗိတိသွ်အစိုးရသည္ လုပ္ႀကံမႈႀကီး၌ ပါဝင္ပတ္သက္မႈရွိသည္ဟု သုံးသပ္ႏိုင္မည္ျဖစ္ပါသည္။
၁၃။ တိက်ေသာ မွတ္တမ္းတင္မႈမ်ား မရွိသိေသာ္လည္း လုပ္ႀကံမႈႀကီးအား စစ္ေဆးေနခ်ိန္တြင္ ဘုရင္ခံက ဝန္ႀကီးခ်ဳပ္ ဦးႏုအား “ၿဗိတိသွ်ႏိုင္ငံသားမ်ားကို ဖမ္းဆီး၊ စစ္ေဆး၊ ေထာင္ခ်ျခင္းအားျဖင့္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရရန္ ၾကန႔္ၾကာသြားမည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့ရာ ဦးႏုက လြတ္လပ္ေရးအတြက္ အေလးထား၍ ဘုရင့္ခံစကားကို လိုက္နာခဲ့ပုံရသည္ဟု သုံးသပ္ၾကပါသည္။