မြို့နယ်(၁၆)မြို့နယ်မှ PDF အဖွဲ့ဝင်(၃၀)ကျော် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ

530

သန့်ဇင် (NP News) - ဧပြီ ၂၆
နိုင်ငံတစ်ဝန်းမြို့နယ်(၁၆)မြို့နယ်မှ PDF အဖွဲ့ဝင်(၃၀)ကျော် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ (ဧပြီလ ၂၅ ရက်) တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်များသည် မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ တံတားဦးမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့၊ မုံရွာမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ နောင်ချိုမြို့နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ် တို့မှဖြစ်ပြီး အမျိုးသား(၃၀)ဦး နှင့် အမျိုးသမီး(၂)ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့နှင့်အတူပါလာသည့် Type-81 အမျိုးအစား သေနတ် ၅ လက်၊ ၎င်းကျည်အိမ် ၁၃ ခု၊ ကျည် ၉၀၀ တောင့်နှင့် လက်ပစ်ဗုံး ၅ လုံးတို့ကို အပ်နှံခဲ့ကြသဖြင့် တာဝန်ရှိသူများက သေနတ် ၁ လက်လျှင် ဆုကြေးငွေကျပ် သိန်း ၅၀နှုန်းဖြင့် သေနတ် ၅ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၂၅၀ ၊ လက်ပစ်ဗုံး ၅ လုံးအတွက် ကျပ် ၃ သိန်းနှင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအတွက် ကျပ်သိန်း ၁၄၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လည်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေး ထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
နစကမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ ခဲယမ်းများပါရှိမှု အတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။