နိုင်ငံရေး အမြတ်ထုတ်ကာ ဘင်္ဂါလီများအတွက် လွတ်လပ်သည့်ပြည်နယ်ထူထောင်ရေး Jamaat-e-Islami ပါတီက အဆိုပြုသည့်ကိစ္စကို နစက ကန့်ကွက်

 386

သုတကျော် (NP News) ဧပြီ ၃၀

နိုင်ငံရေး အမြတ်ထုတ်ကာ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအတွက် လွတ်လပ်သည့်ပြည်နယ်ထူထောင်ရေး Jamaat-e-Islami ပါတီက အဆိုပြုသည့်ကိစ္စကို ကန့်ကွက်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ က ဧပြီလ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်ပြောကြားသည်။
တရုတ်ကွန်မြူနစ် ပါတီနှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Jamaat-e-Islami ပါတီက ရခိုင်ပြည်နယ်ကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုရန်နှင့် ဘင်္ဂါလီများ အတွက် လွတ်လပ်သော ပြည်နယ်ထူထောင်ရေးအတွက် အဆိုပြုပြောကြားခဲ့ခြင်းဖြစ်သည်။
“Jamaat-e-Islami ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်ဘာသာရေးအခြေခံ နိုင်ငံရေး ပါတီတစ်ခုဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင် ပါတီကိုတရားစွဲဆိုခံရပြီး ၂၀၁၄ ခုနှစ်မှစ၍ ရွေးကောက်ပွဲဝင်ခွင့်မရခဲ့သည်ကိုတွေ့ရှိရသည်။ ယခု ကြားဖြတ်အစိုးရလက်ထက် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းက ၎င်းပါတီအပေါ် စွပ်စွဲထားမှုများအား ရုတ်သိမ်းပေးခဲ့ကြောင်းတွေ့ ရှိရသည်။ လွန်ခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ဒါကာမြို့ရှိ Hotel Westinတွင် Jamaat-e-Islami ပါတီ ဗဟို ကော်မတီအဖွဲ့ဝင် Dr. Syed Abdullah Muhammad Taher ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တရုတ်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိခိုက်စေသည့် ဆွေးနွေးတောင်းဆိုမှုများပါရှိကြောင်း တွေ့ရှိရသည်” ဟု နစက၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ဘင်္ဂါလီဒုက္ခသည် ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်သည့် သဘောထားရပ်တည်ချက်များကို အစဉ်သဖြင့် ပြောကြားထားပြီးဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံပြီး လက်ခံရေးကိစ္စများ၊ ပြန်လည်ထောက်ပံ့ရေးကိစ္စများကို ပုံမှန်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပဋိပက္ခများဖြစ်ပွားချိန်မှ ရပ်တန့်သွားခဲ့ခြင်းဖြစ်ပါကြောင်း ရေးသားထားသည်။
မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီဒုက္ခသည်များကို စာရင်းတိုက်ဆိုင်စိစစ်ပြီး ပြန်လည်လက်ခံမည်ဆိုသည့်အခြေခံမူဝါဒရှိပြီး ဖြစ်သကဲ့သို့ ဒုက္ခသည်များပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန်အတွက် လုံလောက်သည့် အဆောက်အအုံများကိုလည်း တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပြီးဖြစ်သည်ကို နိုင်ငံ တကာသံတမန်များသို့လည်း ရှင်းလင်းပြသပြီးဖြစ်ကြောင်း၊ Jamaat-e-Islami ပါတီသည် နိုင်ငံရေး အမြတ်ထုတ်လိုမှုအတွက် တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့မှုများသည် မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့် ပြောဆိုချက်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်း နှင့် ရှုတ်ချကန့်ကွက်ပါကြောင်းပြောကြားလိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝေဖန်မှုများ ရှိခဲ့သည့် ၎င်းတို့၏ ပြောကြားချက်နှင့် ပတ်သက်၍ Jamaat-e-Islami ပါတီက ထုတ်ပြန်ချက်ထုတ် ရှင်းလင်းရာတွင် ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) များသည် လူမဆန်သော အခြေအနေတွင် နေထိုင်နေကြရကြောင်း နှင့် အစားအသောက်နှင့် အဝတ်အစား ပေးခြင်းမှာ ဖြေရှင်းချက် မဟုတ်ကြောင်၊ အမြဲတမ်း ဖြေရှင်းချက်မှာ နေရပ်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး ဖြစ်သည်ဟု ဖော်ပြထားသည်။

Zawgyi Version:
ႏိုင္ငံေရး အျမတ္ထုတ္ကာ ဘဂၤါလီမ်ားအတြက္ လြတ္လပ္သည့္ျပည္နယ္ထူေထာင္ေရး Jamaat-e-Islami ပါတီက အဆိုျပဳသည့္ကိစၥကို နစက ကန႔္ကြက္
သုတေက်ာ္ (NP News) ဧၿပီ ၃၀

ႏိုင္ငံေရး အျမတ္ထုတ္ကာ ရခိုင္ျပည္နယ္တြင္ ဘဂၤါလီမ်ားအတြက္ လြတ္လပ္သည့္ျပည္နယ္ထူေထာင္ေရး Jamaat-e-Islami ပါတီက အဆိုျပဳသည့္ကိစၥကို ကန႔္ကြက္ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ က ဧၿပီလ ၃၀ ရက္ ညပိုင္းတြင္ ထုတ္ျပန္ေျပာၾကားသည္။
တ႐ုတ္ကြန္ျမဴနစ္ ပါတီႏွင့္ ေတြ႕ဆုံစဥ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ Jamaat-e-Islami ပါတီက ရခိုင္ျပည္နယ္ကို သီးျခားႏိုင္ငံအျဖစ္ အသိအမွတ္ျပဳရန္ႏွင့္ ဘဂၤါလီမ်ား အတြက္ လြတ္လပ္ေသာ ျပည္နယ္ထူေထာင္ေရးအတြက္ အဆိုျပဳေျပာၾကားခဲ့ျခင္းျဖစ္သည္။
“Jamaat-e-Islami ပါတီသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ အစၥလာမ္ဘာသာေရးအေျခခံ ႏိုင္ငံေရး ပါတီတစ္ခုျဖစ္သည္။ ယခင္အစိုးရလက္ထက္တြင္ ပါတီကိုတရားစြဲဆိုခံရၿပီး ၂၀၁၄ ခုႏွစ္မွစ၍ ေ႐ြးေကာက္ပြဲဝင္ခြင့္မရခဲ့သည္ကိုေတြ႕ရွိရသည္။ ယခု ၾကားျဖတ္အစိုးရလက္ထက္ ၂၀၂၄ ခုႏွစ္ ဩဂုတ္လအတြင္းက ၎ပါတီအေပၚ စြပ္စြဲထားမႈမ်ားအား ႐ုတ္သိမ္းေပးခဲ့ေၾကာင္းေတြ႕ ရွိရသည္။ လြန္ခဲ့သည့္ ဧၿပီလ ၂၇ ရက္ေန႔က ဒါကာၿမိဳ႕ရွိ Hotel Westinတြင္ Jamaat-e-Islami ပါတီ ဗဟို ေကာ္မတီအဖြဲ႕ဝင္ Dr. Syed Abdullah Muhammad Taher ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ ႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီမွ ကိုယ္စားလွယ္အဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း၊ ေဆြးေႏြးရာတြင္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို ထိခိုက္ေစသည့္ ေဆြးေႏြးေတာင္းဆိုမႈမ်ားပါရွိေၾကာင္း ေတြ႕ရွိရသည္” ဟု နစက၏ ထုတ္ျပန္စာတြင္ ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံ၏ ဘဂၤါလီဒုကၡသည္ ျပန္လည္လက္ခံေရးကိစၥႏွင့္ပတ္သက္သည့္ သေဘာထားရပ္တည္ခ်က္မ်ားကို အစဥ္သျဖင့္ ေျပာၾကားထားၿပီးျဖစ္ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးႏွင့္ ျမန္မာႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး တို႔သည္ တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕၌ ေတြ႕ဆုံၿပီး လက္ခံေရးကိစၥမ်ား၊ ျပန္လည္ေထာက္ပံ့ေရးကိစၥမ်ားကို ပုံမွန္ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီး ပဋိပကၡမ်ားျဖစ္ပြားခ်ိန္မွ ရပ္တန႔္သြားခဲ့ျခင္းျဖစ္ပါေၾကာင္း ေရးသားထားသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ဘဂၤါလီဒုကၡသည္မ်ားကို စာရင္းတိုက္ဆိုင္စိစစ္ၿပီး ျပန္လည္လက္ခံမည္ဆိုသည့္အေျခခံမူဝါဒရွိၿပီး ျဖစ္သကဲ့သို႔ ဒုကၡသည္မ်ားျပန္လည္ဝင္ေရာက္ေနထိုင္ႏိုင္ရန္အတြက္ လုံေလာက္သည့္ အေဆာက္အအုံမ်ားကိုလည္း တ႐ုတ္ႏိုင္ငံ၏ အကူအညီျဖင့္ တည္ေဆာက္ၿပီးျဖစ္သည္ကို ႏိုင္ငံ တကာသံတမန္မ်ားသို႔လည္း ရွင္းလင္းျပသၿပီးျဖစ္ေၾကာင္း၊ Jamaat-e-Islami ပါတီသည္ ႏိုင္ငံေရး အျမတ္ထုတ္လိုမႈအတြက္ တ႐ုတ္ကြန္ျမဴနစ္ပါတီႏွင့္ ေတြ႕ဆုံစဥ္ေျပာၾကားခဲ့မႈမ်ားသည္ ျမန္မာ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ထိပါးသည့္ ေျပာဆိုခ်က္ျဖစ္သည့္အတြက္ ျမန္မာႏိုင္ငံအေနျဖင့္ လက္မခံေၾကာင္း ႏွင့္ ရႈတ္ခ်ကန႔္ကြက္ပါေၾကာင္းေျပာၾကားလိုသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ေဝဖန္မႈမ်ား ရွိခဲ့သည့္ ၎တို႔၏ ေျပာၾကားခ်က္ႏွင့္ ပတ္သက္၍ Jamaat-e-Islami ပါတီက ထုတ္ျပန္ခ်က္ထုတ္ ရွင္းလင္းရာတြင္ ဘဂၤလားေဒ့ရွ္ေရာက္ ဘဂၤါလီ (မူရင္းတြင္ ႐ိုဟင္ဂ်ာဟု ေဖာ္ျပ) မ်ားသည္ လူမဆန္ေသာ အေျခအေနတြင္ ေနထိုင္ေနၾကရေၾကာင္း ႏွင့္ အစားအေသာက္ႏွင့္ အဝတ္အစား ေပးျခင္းမွာ ေျဖရွင္းခ်က္ မဟုတ္ေၾကာင္၊ အၿမဲတမ္း ေျဖရွင္းခ်က္မွာ ေနရပ္ျပန္ေရးႏွင့္ ျပန္လည္ထူေထာင္ေရး ျဖစ္သည္ဟု ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.