၂၀၂၆ ကမ္ဘာ့ဖလားလုံခြုံရေးအတွက် မက္ကဆီကို ရဲတပ်ဖွဲ့က "စက်ရုပ်ခွေးတွေ" အသုံးပြုမည်

 373

ရောင်နီ (NP News) - ဖေဖော်ဝါရီလ ၁၃

လာမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲကြည့်ပရိသတ်တွေနဲ့ ကစားသမားတွေရဲ့လုံခြုံရေးကို အဆင့်မြင့်နည်းပညာနဲ့ ကာကွယ်ဖို့အတွက် မက္ကဆီကိုရဲတပ်ဖွဲ့က "စက်ရုပ်ခွေး" အုပ်စု အသုံးပြုသွားမယ်လို့ အာဏာပိုင်တွေက အင်္ဂါနေ့(ဖေဖော်ဝါရီ ၁ဝ ရက်) မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အဆိုပါခြေလေးချောင်းပါ စက်ရုပ်ခွေးတွေကို အန္တရာယ်ရှိနေရာတွေမှာ ရှေ့ပြေးဝင်ရောက်ဖို့ လိုအပ်တဲ့ အခါ အသုံးပြုမှာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေဆီ တိုက်ရိုက်ဗီဒီယို (Live Feed) တွေ ပေးပို့နိုင်တဲ့ ဒီဇိုင်းထုတ်ထားပါ တယ်။ ယင်းကြောင့် ရဲအရာရှိတွေအနေနဲ့ အခင်းဖြစ်ပွားရာနေရာကို ကိုယ်တိုင်မဝင်ရောက်မီအခြေအနေကို ကြိုတင်သုံးသပ်နိုင်မယ်လို့ ဆိုပါတယ်။ စက်ရုပ်ခွေးတွေဟာ အဆောက်အအုံတွေအတွင်း ဝင်ရောက်ခြင်းနဲ့ လှေကားတက်ခြင်း၊ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ခြင်း၊ အသံချဲ့စက်နဲ့ အမိန့်ပေးခြင်းတို့ပြုလုပ်နိုင်တယ်လို့ သိရပါ တယ်။ ကမ္ဘာ့ဖလားပွဲစဉ် ၄ ပွဲ လက်ခံကျင်းပမယ့် Estadio Monterrey (BBVA အားကစားကွင်း) တည်ရှိရာ ဂွါဒါလူပေ မြို့တော်ကောင်စီက အဲဒီစက်ရုပ်တွေအတွက် ပီဆို ၂.၅ သန်း (စင်ကာပူဒေါ်လာ ၁၈၃,၈၆၅ ခန့်) အသုံးပြုကာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒီစက်ရုပ်တွေရဲ့အဓိကရည်ရွယ်ချက်ကတော့ ရဲအရာရှိတွေရဲ့ အသက် အန္တရာယ်ကို ကာကွယ်ဖို့နဲ့ရှေ့ပြေးစစ်ဆေးမှုတွေမှာ အထောက်အကူပြုဖို့ဖြစ်ပါတယ်။ ပွဲစဉ်အတွင်း ဘယ်လို ပဋိပက္ခမျိုးမဆို ဖြစ်ပွားလာရင် ဒီစက်ရုပ်တွေကို အသုံးပြုသွားမှာပါ" လို့ မြို့တော်ဝန် ဟက်တာဂါစီယာ က ပြောကြားပါတယ်။
၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကို ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

Zawgyi Version;
၂၀၂၆ ကမာၻ႔ဖလားလုံၿခဳံေရးအတြက္ မကၠဆီကို ရဲတပ္ဖြဲ႕က "စက္႐ုပ္ေခြးေတြ" အသုံးျပဳမည္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီလ ၁၃
လာမယ့္ ၂၀၂၆ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပြဲၾကည့္ပရိသတ္ေတြနဲ႔ ကစားသမားေတြရဲ႕လုံၿခဳံေရးကို အဆင့္ျမင့္နည္းပညာနဲ႔ ကာကြယ္ဖို႔အတြက္ မကၠဆီကိုရဲတပ္ဖြဲ႕က "စက္႐ုပ္ေခြး" အုပ္စု အသုံးျပဳသြားမယ္လို႔ အာဏာပိုင္ေတြက အဂၤါေန႔(ေဖေဖာ္ဝါရီ ၁ဝ ရက္) မွာ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
အဆိုပါေျခေလးေခ်ာင္းပါ စက္႐ုပ္ေခြးေတြကို အႏၲရာယ္ရွိေနရာေတြမွာ ေရွ႕ေျပးဝင္ေရာက္ဖို႔ လိုအပ္တဲ့ အခါ အသုံးျပဳမွာျဖစ္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ေတြဆီ တိုက္႐ိုက္ဗီဒီယို (Live Feed) ေတြ ေပးပို႔ႏိုင္တဲ့ ဒီဇိုင္းထုတ္ထားပါ တယ္။ ယင္းေၾကာင့္ ရဲအရာရွိေတြအေနနဲ႔ အခင္းျဖစ္ပြားရာေနရာကို ကိုယ္တိုင္မဝင္ေရာက္မီအေျခအေနကို ႀကိဳတင္သုံးသပ္ႏိုင္မယ္လို႔ ဆိုပါတယ္။ စက္႐ုပ္ေခြးေတြဟာ အေဆာက္အအုံေတြအတြင္း ဝင္ေရာက္ျခင္းနဲ႔ ေလွကားတက္ျခင္း၊ တိုက္႐ိုက္႐ုပ္သံထုတ္လႊင့္ျခင္း၊ အသံခ်ဲ႕စက္နဲ႔ အမိန႔္ေပးျခင္းတို႔ျပဳလုပ္ႏိုင္တယ္လို႔ သိရပါ တယ္။ ကမာၻ႔ဖလားပြဲစဥ္ ၄ ပြဲ လက္ခံက်င္းပမယ့္ Estadio Monterrey (BBVA အားကစားကြင္း) တည္ရွိရာ ဂြါဒါလူေပ ၿမိဳ႕ေတာ္ေကာင္စီက အဲဒီစက္႐ုပ္ေတြအတြက္ ပီဆို ၂.၅ သန္း (စင္ကာပူေဒၚလာ ၁၈၃,၈၆၅ ခန႔္) အသုံးျပဳကာ ဝယ္ယူခဲ့တာျဖစ္ပါတယ္။ ဒီစက္႐ုပ္ေတြရဲ႕အဓိကရည္႐ြယ္ခ်က္ကေတာ့ ရဲအရာရွိေတြရဲ႕ အသက္ အႏၲရာယ္ကို ကာကြယ္ဖို႔နဲ႔ေရွ႕ေျပးစစ္ေဆးမႈေတြမွာ အေထာက္အကူျပဳဖို႔ျဖစ္ပါတယ္။ ပြဲစဥ္အတြင္း ဘယ္လို ပဋိပကၡမ်ိဳးမဆို ျဖစ္ပြားလာရင္ ဒီစက္႐ုပ္ေတြကို အသုံးျပဳသြားမွာပါ" လို႔ ၿမိဳ႕ေတာ္ဝန္ ဟက္တာဂါစီယာ က ေျပာၾကားပါတယ္။
၂၀၂၆ ခုႏွစ္အတြက္ ကမာၻ႔ဖလား ေဘာလုံးပြဲ ကို ဇြန္လ ၁၁ ရက္မွ ဇူလိုင္လ ၁၉ ရက္အထိ အေမရိကန္၊ ကေနဒါနဲ႔ မကၠဆီကို ၃ ႏိုင္ငံတို႔က ပူးတြဲအိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမွာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.