သမီးလှကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် ဧကတိုးချဲ့ပြင်ဆင်သတ်မှတ်

319

စော(NP News)-မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ သမီးလှကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် ဧကတိုးချဲ့ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါဝန်ကြီးဌာနအနေဖြင့် သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား ၎င်းဒေသကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ၊ သယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေပြီး ပေါကြွယ်ဝလာစေရန်နှင့် အဏ္ဏဝါသဘာဝထိန်းသိမ်းရေး နယ်မြေတည်ထောင်မှုကို မြှင့်တင်နိုင်စေရန်ရည်ရွယ်၍ မူလတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဧရိယာ (၂၁၇ ဒသမ ၆ ဧက)ကို ရေပြင် (၁၁၈၉၇) ဧကတိုးချဲ့၍ စုစုပေါင်း (၁၂၁၁၄ ဒသမ ၆၀) ဧကဖြင့် သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ် အဖြစ် ပြောင်းလဲ၍ ဧရိယာပြင်ဆင်သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် (၂၀၁၈) ခုနှစ်၊ မေလတွင် ပြဋ္ဌာန်းထားသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံးလျက် “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၈/၂၀၂၆)အရ (၂၀၂၆) ခုနှစ်၊ (မတ်လ ၁၇ရက်) မှစ၍ ပြင်ဆင်သတ်မှတ်ကြောင်း သိရသည်။
ထိုသို့ သတ်မှတ်ဖွဲ့စည်းခြင်းဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပြီး ၎င်းဒေသရှိ ကမ်းရိုးတန်း၊ အဏ္ဏဝါဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းစောင့်ရှောက် နိုင်မည်ဖြစ်ခြင်း၊ သန္တာကျောက်တန်းများအား ရေရှည်တည်တံ့တိုးပွားစေကာ အဏ္ဏဝါမျိုးစိတ်များ၏ ရှင်သန်သားပေါက်ရာနေရာအဖြစ် ထိန်းသိမ်းနိုင်ပြီး ရေပေါ်ရေအောက် ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာစေမည်ဖြစ်ခြင်း၊ ပင်လယ်လိပ်မျိုးစိတ် များ၏ သားပေါက်ရာနေရာများ ထိန်းသိမ်းနိုင် မည်ဖြစ်သကဲ့သို့ သမိုင်းဝင်မြတ်မော်တင်ဘုရားနှင့် နီးကပ်စွာတည်ရှိသဖြင့် ဘုရားဖူးလာသော အများပြည်သူများ အပန်းဖြေလေ့လာနိုင်ပြီး သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်သဖြင့် သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေခြင်းနှင့် အဏ္ဏဝါမျိုးစိတ်များ သုတေသနပြုလေ့လာနိုင်သည့် အခွင့်အလမ်းများ တိုးတက်ရရှိစေခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိစေမည် ဖြစ်ပါသည်။
အဆိုပါသမီးလှကျွန်းသည် ကြည်လင်သော ပင်လယ်ပြင်အတွင်း စိမ်းလန်းသောကျွန်းနှင့် ဖြူဖွေးသန့်ရှင်းသော သဲသောင်ပြင်များကြောင့် ထင်ရှားသည့်အပြင် ကမ္ဘာ့ရှားပါးစာရင်းဝင်နှင့် ကျန် ပင်လယ်လိပ်များ တစ်နှစ်ပတ်လုံး လာရောက်ဥချသည့် မြန်မာ့တစ်နေရာတည်းသော ကျွန်းအဖြစ်ထင်ရှားကြောင်း သိရသည်။
ထို့ပြင် ရွက်ပြတ်တော၊ ရောနှောတော၊ အမြဲစိမ်းတော၊ ဒီရေတော အမျိုး အစားများတွေ့ရှိရပြီး အများစုမှာ ဒီရေတောဂေဟ စနစ်အဖြစ် ဗြူးအုပ်ဆောင်း၊ ဗြူးခြေထောက်ဖို၊ သင်ပေါင်း၊ ဗြူးခြေထောက်မ၊ ကနစို၊ ခရာ၊ ဓနိ၊ ပင်လယ်အုန်း၊ မိကျောင်းနွယ်အပင်များ ပေါက်ရောက်ကာ ကမ္ဘာ့ရှားပါးပင်လယ်လိပ်မျိုးများဖြစ်သည့် ပြင်သာလိပ်၊ လိပ်စိမ်း၊ လိပ်လှောင်း၊ လိပ်ခွေး၊ လိပ်ခေါင်တန်းတို့ ဥချသားပေါက်ရာ ဒေသဖြစ်သည့်အပြင် လင်းပိုင်၊ ရေဝက်၊ လင်းရှူး၊ ပုစွန်၊ ကဏန်းနှင့် ငါးမျိုးစိတ်များ ရှင်သန် ကျက်စားရာနေရာဖြစ်သကဲ့သို့ ဒရယ်၊ လင်းဆွဲ၊ ချိုး၊ ဗွတ်ကလုံ၊ လင်းယုန်၊ မြေဝပ်၊ ငှက်ဝါ၊ ငှက်ခါး၊ စွန်၊ ဆက်ရက်၊ ပိန်ညင်း၊ ရေကြက်နှင့် ဝန်ပို/ဝန်လို ကဲ့သို့သောကုန်းနေနှင့် ငှက်မျိုးစိတ်များအတွက် နားခိုကျက်စားရာ နေရာဒေသတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ရှေးယခင် ဗြိတိသျှအစိုးရ လက်ထက်က ကျွန်း၏ပုံသဏ္ဌာန်နှင့် သဲသောင်များ၏ တောက်ပမှုကိုအစွဲပြု၍ Diamond Island “စိန်ကျွန်း” ဟူ၍လည်းကောင်း၊ ပင်လယ်လိပ်များကို စီမံချက်ဖြင့်ထိန်းသိမ်းမွေးမြူခဲ့သဖြင့် “လိပ်ကျွန်း” ဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ကြပြီး ရှားပါးပင်လယ်လိပ်များနှင့် ၎င်းတို့ ဥချသားပေါက် ရာဒေသများ၊ ကျွန်းပေါ်ရှိ ဂေဟစနစ်များအား ဥပဒေအရ အပြည့်အဝထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် (၁၉၇၀)ခုနှစ်၊ အောက်တိုဘာ ၁၂ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၂၈၉) ဖြင့် “သမီးလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော” အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi version:
ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊ ငပုေတာၿမိဳ႕နယ္ရွိ သမီးလွကြၽန္းကို အဏၰဝါအမ်ိဳးသားဥယ်ာဥ္အျဖစ္ ဧကတိုးခ်ဲ႕ျပင္ဆင္သတ္မွတ္ခဲ့ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါဝန္ႀကီးဌာနအေနျဖင့္ သမီးလွကြၽန္း ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာအား ၎ေဒသကမ္း႐ိုးတန္းႏွင့္ အဏၰဝါေဂဟစနစ္မ်ား၊ သယံဇာတမ်ား၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ေရရွည္တည္တံ့ေစၿပီး ေပါႂကြယ္ဝလာေစရန္ႏွင့္ အဏၰဝါသဘာဝထိန္းသိမ္းေရး နယ္ေျမတည္ေထာင္မႈကို ျမႇင့္တင္ႏိုင္ေစရန္ရည္႐ြယ္၍ မူလေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာ ဧရိယာ (၂၁၇ ဒသမ ၆ ဧက)ကို ေရျပင္ (၁၁၈၉၇) ဧကတိုးခ်ဲ႕၍ စုစုေပါင္း (၁၂၁၁၄ ဒသမ ၆၀) ဧကျဖင့္ သမီးလွကြၽန္း အဏၰဝါအမ်ိဳးသားဥယ်ာဥ္ အျဖစ္ ေျပာင္းလဲ၍ ဧရိယာျပင္ဆင္သတ္မွတ္ျခင္းျဖစ္ေၾကာင္း သိရသည္။
သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနသည္ (၂၀၁၈) ခုႏွစ္၊ ေမလတြင္ ျပ႒ာန္းထားသည့္ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ား ကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာ ဥပေဒ ပုဒ္မ ၁၀၊ ပုဒ္မခြဲ (က)အရ အပ္ႏွင္းထားေသာ အခြင့္အာဏာမ်ားကို က်င့္သုံးလ်က္ “သမီးလွကြၽန္း အဏၰဝါအမ်ိဳးသားဥယ်ာဥ္”အျဖစ္ အမိန႔္ေၾကာ္ျငာစာအမွတ္(၁၈/၂၀၂၆)အရ (၂၀၂၆) ခုႏွစ္၊ (မတ္လ ၁၇ရက္) မွစ၍ ျပင္ဆင္သတ္မွတ္ေၾကာင္း သိရသည္။
ထိုသို႔ သတ္မွတ္ဖြဲ႕စည္းျခင္းျဖင့္ ျမန္မာႏိုင္ငံ၏ စတုတၳေျမာက္ အဏၰဝါအမ်ိဳးသားဥယ်ာဥ္ သဘာဝထိန္းသိမ္းေရးနယ္ေျမအျဖစ္ သတ္မွတ္ႏိုင္မည္ျဖစ္ၿပီး ၎ေဒသရွိ ကမ္း႐ိုးတန္း၊ အဏၰဝါေဂဟစနစ္ႏွင့္ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားအား ထိန္းသိမ္းေစာင့္ေရွာက္ ႏိုင္မည္ျဖစ္ျခင္း၊ သႏၲာေက်ာက္တန္းမ်ားအား ေရရွည္တည္တံ့တိုးပြားေစကာ အဏၰဝါမ်ိဳးစိတ္မ်ား၏ ရွင္သန္သားေပါက္ရာေနရာအျဖစ္ ထိန္းသိမ္းႏိုင္ၿပီး ေရေပၚေရေအာက္ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား တိုးပြားလာေစမည္ျဖစ္ျခင္း၊ ပင္လယ္လိပ္မ်ိဳးစိတ္ မ်ား၏ သားေပါက္ရာေနရာမ်ား ထိန္းသိမ္းႏိုင္ မည္ျဖစ္သကဲ့သို႔ သမိုင္းဝင္ျမတ္ေမာ္တင္ဘုရားႏွင့္ နီးကပ္စြာတည္ရွိသျဖင့္ ဘုရားဖူးလာေသာ အမ်ားျပည္သူမ်ား အပန္းေျဖေလ့လာႏိုင္ၿပီး သုေတသနလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္သျဖင့္ သဘာဝကိုအေျခခံေသာ ခရီးသြားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ လာေစျခင္းႏွင့္ အဏၰဝါမ်ိဳးစိတ္မ်ား သုေတသနျပဳေလ့လာႏိုင္သည့္ အခြင့္အလမ္းမ်ား တိုးတက္ရရွိေစျခင္း စသည့္ အက်ိဳးေက်းဇူးမ်ားစြာ ရရွိေစမည္ ျဖစ္ပါသည္။
အဆိုပါသမီးလွကြၽန္းသည္ ၾကည္လင္ေသာ ပင္လယ္ျပင္အတြင္း စိမ္းလန္းေသာကြၽန္းႏွင့္ ျဖဴေဖြးသန႔္ရွင္းေသာ သဲေသာင္ျပင္မ်ားေၾကာင့္ ထင္ရွားသည့္အျပင္ ကမာၻ႔ရွားပါးစာရင္းဝင္ႏွင့္ က်န္ ပင္လယ္လိပ္မ်ား တစ္ႏွစ္ပတ္လုံး လာေရာက္ဥခ်သည့္ ျမန္မာ့တစ္ေနရာတည္းေသာ ကြၽန္းအျဖစ္ထင္ရွားေၾကာင္း သိရသည္။
ထို႔ျပင္ ႐ြက္ျပတ္ေတာ၊ ေရာေႏွာေတာ၊ အၿမဲစိမ္းေတာ၊ ဒီေရေတာ အမ်ိဳး အစားမ်ားေတြ႕ရွိရၿပီး အမ်ားစုမွာ ဒီေရေတာေဂဟ စနစ္အျဖစ္ ျဗဴးအုပ္ေဆာင္း၊ ျဗဴးေျခေထာက္ဖို၊ သင္ေပါင္း၊ ျဗဴးေျခေထာက္မ၊ ကနစို၊ ခရာ၊ ဓနိ၊ ပင္လယ္အုန္း၊ မိေက်ာင္းႏြယ္အပင္မ်ား ေပါက္ေရာက္ကာ ကမာၻ႔ရွားပါးပင္လယ္လိပ္မ်ိဳးမ်ားျဖစ္သည့္ ျပင္သာလိပ္၊ လိပ္စိမ္း၊ လိပ္ေလွာင္း၊ လိပ္ေခြး၊ လိပ္ေခါင္တန္းတို႔ ဥခ်သားေပါက္ရာ ေဒသျဖစ္သည့္အျပင္ လင္းပိုင္၊ ေရဝက္၊ လင္းရႉး၊ ပုစြန္၊ ကဏန္းႏွင့္ ငါးမ်ိဳးစိတ္မ်ား ရွင္သန္ က်က္စားရာေနရာျဖစ္သကဲ့သို႔ ဒရယ္၊ လင္းဆြဲ၊ ခ်ိဳး၊ ဗြတ္ကလုံ၊ လင္းယုန္၊ ေျမဝပ္၊ ငွက္ဝါ၊ ငွက္ခါး၊ စြန္၊ ဆက္ရက္၊ ပိန္ညင္း၊ ေရၾကက္ႏွင့္ ဝန္ပို/ဝန္လို ကဲ့သို႔ေသာကုန္းေနႏွင့္ ငွက္မ်ိဳးစိတ္မ်ားအတြက္ နားခိုက်က္စားရာ ေနရာေဒသတစ္ခုလည္းျဖစ္ေၾကာင္း သိရသည္။
ေရွးယခင္ ၿဗိတိသွ်အစိုးရ လက္ထက္က ကြၽန္း၏ပုံသဏၭာန္ႏွင့္ သဲေသာင္မ်ား၏ ေတာက္ပမႈကိုအစြဲျပဳ၍ Diamond Island “စိန္ကြၽန္း” ဟူ၍လည္းေကာင္း၊ ပင္လယ္လိပ္မ်ားကို စီမံခ်က္ျဖင့္ထိန္းသိမ္းေမြးျမဴခဲ့သျဖင့္ “လိပ္ကြၽန္း” ဟူ၍လည္းေကာင္း ေခၚဆိုခဲ့ၾကၿပီး ရွားပါးပင္လယ္လိပ္မ်ားႏွင့္ ၎တို႔ ဥခ်သားေပါက္ ရာေဒသမ်ား၊ ကြၽန္းေပၚရွိ ေဂဟစနစ္မ်ားအား ဥပေဒအရ အျပည့္အဝထိန္းသိမ္းကာကြယ္ႏိုင္ရန္အတြက္ (၁၉၇၀)ခုႏွစ္၊ ေအာက္တိုဘာ ၁၂ရက္တြင္ အမိန႔္ေၾကာ္ျငာစာ အမွတ္ (၂၈၉) ျဖင့္ “သမီးလွကြၽန္း ေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာ” အျဖစ္ သတ္မွတ္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။