CDM တွင် ပါဝင်ထားသည့် မြှားပစ်ချန်ပီယံ အောင်ငှိမ်း ရာထူးမှ ထုတ်ပယ်ခံရ

 998

NP News – ဧပြီ ၃၀

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဒုတိယ ညွန်ကြားရေးမှူး ဒေါ်အောင်ငှိမ်း ကို CDM တွင်ပါဝင်ထားမှုကြောင့် ရာထူးမှ ထုတ်ပယ်လိုက်သ ည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ငှိမ်းကို ၂၀၂၁ ခုနှစ်၊ ဧပြီ၊ ၁ ရက်နေ့မှ စတင်၍ ရာထူးမှ တရားဝင်ထုတ်ပယ်လိုက်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၇ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နိုင်ငံဝန်ထမ်း ဥပဒေပုဒ်မ (၃၈)အရ ၊ နိုင်ငံဝန်ထမ်းနည်းဥပဒေ ၁၆၁ (ဃ) ၊ ၁၆၂ (ဃ)တို့အား လိုက်နာ မှုမရှိခြင်း ကြောင့် နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ ၅၃ (ဇ) နှင့် နိုင်ငံဝန်ထမ်းနည်းဥပဒေ ၂၁၀ (ဇ) တို့အရ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

မြှားပစ်ချန်ပီယံ ဒေါ်အောင်ငှိမ်း သည် မြန်မာနိုင်ငံအတွက် မြှားပစ်အားကစားဖြင့် ရွေတံဆိပ် ၂၉ ခု၊ ငွေတံဆိပ် ၁၇ ခုနှင့် ကြေးတံဆိပ် ၁၄ ခုတို့ကိုရယူပေးနိုင်ခဲ့ပြီး ၂၀၀၂ မှ ၂၀၁၇ ခုနှစ်အထိ မြားပစ် အားကစားသမား/နည်းပြ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အကောင်းဆုံး အမျိုးသမီးအားကစားသမားဆု၊ ၂၀၁၁ ခုနှစ် အကောင်းဆုံး အမျိုးသမီးအားကစားသမားဆု တို့အပြင်၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားစွမ်းဆောင်ရည် ဆုတို့ကို ရရှိခဲ့သူလည်းဖြစ်ပါသည်။

#NPNews

Related news

© 2021. All rights reserved.