ဗီဇာသက်တမ်းကုန်မည့် မြန်မာနိုင်ငံသားများနှင့်ကျောင်းသားများကို ဂျပန်နိုင်ငံက ဆက်လက်နေထိုင်ခွင့်ပြုမည်

 380

ရောင်နီ ( NP News ) - မေ ၂၇
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေများကြောင့် ဂျပန်နိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာကျောင်းသားများကို ဗီဇာသက်တမ်းကုန်ဆုံးပါကလည်း တရားဝင်ဆက်လက်နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း NIKKEI Asia သတင်းဖော်ပြချက်အရ သိရသည်။

ယင်းနေထိုင်ခွင့်တိုးမြှင့်ခြင်းအစီအမံကို မိခင်နိုင်ငံပြန်ရန် အခက်အခဲရှိနေသည့် ကျောင်းသားများနှင့် နည်းပညာအလုပ်သင် မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ပြီး ၎င်းတို့သည် ဂျပန်တွင် ကျောင်းဆက်တက်ရန် (သို့မဟုတ်) အလုပ်လုပ်ရန်အတွက် နောက်ထပ် ၆ လ (သို့မဟုတ်) ၁၂ လထိ နေထိုင်ခွင့်ရှိမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှု အေဂျင်စီက မေလ ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါနေထိုင်ခွင့် ကုန်ဆုံးသွားလျှင်လည်း မြန်မာနိုင်ငံအတွင်းနိုင်ငံရေးအခြေအနေ ကောင်းမွန်ခြင်း မရှိသေးပါကနောက်ထပ်နေထိုင်ခွင့် ဗီဇာထပ်မံလျှောက်ထားနိုင်ကြောင်း သတင်းတွင်ဖော်ပြထား သည်။ ထို့ပြင် ဂျပန်နိုင်ငံသည် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စိစစ်ရေးလုပ်ငန်းစဉ်များကိုလည်း အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဒီမိုကရေစီအရေးလိုလားသည့် ဆန္ဒပြပြည်သူများကို အကြမ်းဖက်နည်းနှင့်တုံ့ပြန်သည့် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များကို ရှုှုံ့ချသူတိုကျိုရှိ မြန်မာသံရုံးမှ သံတမန် ၂ ဦးကိုလည်း ရာထူးမှထုတ်ပယ်ခဲ့ သည်။ ဂျပန်အစိုးရကလည်း အဆိုပါမြန်မာသံတမန် ၂ ဦးအတွက် သံတမန်ဗီဇာပေးကာ နေထိုင်ခွင့် ပြုသွားရန် ရည်ရွယ်ထားသည်။ ၂ဝ၂ဝ ခုနှစ်ကုန်တွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၃၅ဝ၄၉ ဦးထိရှိပြီး ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်မတ်လကုန်ပိုင်းအထိ ခိုလှုံခွင့်တောင်းခံသူ ၂၉၄၄ ဦးထိရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

Related news

© 2021. All rights reserved.