ကိုဗစ်ကူးစက်ပျံ့ပွားမှု တဟုန်ထိုးမြင့်တက်လာသဖြင့် မလေးရှားဝန်ကြီးချုပ်က တစ်နိုင်ငံလုံးကို လော့ခ်ဒေါင်းချမည်ဟု ကြေညာ

 390

ဝတီ (NP News) - မေ ၃ဝ
နိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်ကူးစက်ပျံ့ပွားနှုန်းစံချိန်တင်မြင့်တက်လာသဖြင့် ဇွန်လကစပြီး တစ်နိုင်ငံလုံးကို လော့ခ်ဒေါင်းချမည်ဟု မလေးရှားဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်က ကြေညာလိုက်ကြောင်း မေလ ၂၈ ရက် အယ်လ်ဂျာဇီးရားသတင်းတွင် ဖော်ပြထားသည်။

ဇွန်လ ၁ ရက်မှ ဇွန်လ ၁၄ ရက် အထိကြာမြင့်မည့် အဆိုပါလော့ခ်ဒေါင်းတွင် လူမှု၊စီးပွားကဏ္ဍအားလုံးအကျုံးဝင်မည်ဖြစ်ပြီး မရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းနှင့်စီးပွားရေးလုပ်ငန်းများသာ ဆက် လက် လည်ပတ်ခွင့်ရမည်ဖြစ်ကြောင်း၊ မရှိမဖြစ်လုပ်ငန်းများစာရင်းကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ပိုမိုကူးစက်လွယ်သည့် ဗိုင်းရပ်စ်မျိုးကွဲများကြောင့်လည်း မလေးရှားတွင် ရောဂါကူးစက်ပျံ့ပွားနှုန်း ယခုကဲ့သို့ တဟုန်ထိုးမြင့်တက်နေရခြင်းဖြစ်မည်ဟု အရာရှိများက အခိုင်အမာယုံကြည်နေကြသည်။ ထို့ပြင် မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံဖြစ်သည့်အားလျော်စွာ Ramadan လနှင့်အစ်နေ့အားလပ်ရက်တွင် မိသားစုဝင်များ၊ မိတ်ဆွေများ စုဝေးတွေ့ဆုံစားသောက်ခြင်းရှိခဲ့သည့်အတွက်လည်း ရောဂါ ကူးစက်နှုန်းမြင့်တက်သွားရခြင်းဖြစ်မည်ဟု အရာရှိများကပြောသည်။

မလေးရှားနိုင်ငံတွင် မေလ ၂၉ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာသစ် ၉ဝ၂ဝ ဦး ထပ်တိုးခဲ့ပြီး အမြင့်ဆုံးနေ့စဉ်ကူးစက်မှုနှုန်းအဖြစ် စံချိန်တင်ခဲ့သည်။ လက်ရှိတွင် ကူးစက်ခံရသူ စုစုပေါင်း ၅၅၈၅၃၄ အထိရှိနေပြီဖြစ်ကာ ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်စတင်နေပြီဖြစ်သော်လည်း ကာကွယ်ဆေး ဖြန့်ဝေပေးမှုလုပ်ငန်းစဉ် နှောင့်နှေးနေသည်ဟု အချို့ဝေဖန်ပြောဆိုထားသည်။

Related news

© 2021. All rights reserved.