ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အနောက်တိုင်းမူဝါဒအတိုင်း မလိုက်နာသင့်ဟု ဂျပန်အကြီးတန်း အရာရှိတစ်ဦးပြော

1070

ရောင်နီ (NP News) - မေ ၃ဝ
အနောက်နိုင်ငံများ၏ စစ်အစိုးရပြောင်းလဲမှုမူဝါဒကို လိုက်နာမည့်အစား ဂျပန်သည် မြန်မာစစ်အစိုးရနှင့် အနောက်နိုင်ငံများကို ပေါင်းကူးတံတားလုပ်ပေးသင့်ကြောင်း japan - Myanmar Association အကြီးတန်း အရာရှိတစ်ဦးကပြောသည်။
“ဂျပန်ဟာ အနောက်နိုင်ငံတွေရဲ့ စစ်အစိုးရပြောင်းလဲမှုမူဝါဒကို လိုက်နာမယ့်အစား မြန်မာတပ်မတော်၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားဒီမိုကရေစီနိုင်ငံများအကြား ပေါင်းကူးတံတားအနေနဲ့ မိမိကိုယ်ကို ရှုမြင်သင့်တယ်"ဟု Japan - Myanmar Association ၏ အထွေထွေ အတွင်းရေးမှူး Yusuke Watanabe က Diplomat မဂ္ဂဇင်းတွင် ပြောကြားသည်။
Japan-Myanmar Association သည် ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်ပြီး Yusuke Watanabe ၏ ဖခင်ဖြစ်သူ နိုင်ငံရေးသမား Hideo Watanabe က အရှေ့တောင်အာရှတွင် ဂျပန်၏ရင်းနှီးမြှုပ်နှံမှုကို ထောက်ခံအားပေးရန်အတွက် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအဖွဲ့ကို အငြိမ်းစားအစိုးရ ဗျူရိုကရက်များ၊ စီးပွားရေးအမှုဆောင်များ၊ ဂျပန်ကုမ္ပဏီကြီးများနှင့် ဖွဲ့စည်းထားကြောင်းသိရသည်။
" နှစ်ပေါင်းများစွာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးခဲ့တဲ့ ဂျပန်နိုင်ငံဟာတရုတ်ရဲ့ ပထဝီစီးပွား ရေးသြဇာကို ပြောင်းပြန်လှန်ပစ်ဖို့ တပ်မတော်နဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တယ်" ဟု Watanabe ကဖြည့် စွက်ပြောကြားခဲ့သည်။
အစိုးရဝန်ကြီးအဖွဲ့၏ ဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် Hideo Watanabe သည် သီလဝါအထူးစီးပွားရေး ဇုန်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ ကြီးမားသည့်ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံအားပေးခဲ့ပြီး ယင်းသည်စီးပွား ရေးရာဆက်ဆံမှုတွင် တိုကျို၏အချက်အချာ ပုဂ္ဂိုလ်ဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကာ စစ်ကောင်စီခေါင်း ဆောင်အပါအဝင် ခေတ်အဆက်ဆက်စစ်အစိုးရနှင့် နီးနီးကပ်ကပ် လက်တွဲလုပ်ကိုင်ခဲ့သည့် အတွေ့အကြုံ ရှိသူလည်း ဖြစ်ကြောင်းသိရသည်။
ဂျပန်နှင့် မြန်မာနှစ်ရှည်ဆက်ဆံမှုရှိပြီး အဓိကအလှူရှင်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံသည် အမေရိကန်ပြည် ထောင်စုနှင့် ဗြိတိန်စသည့် အခြားနိုင်ငံများကဲ့သို့ မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းမရှိ သေးပေ။ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို ပေးဆောင်ရမည့် အကူအညီအသစ်များနှင့်ပတ်သက်ပြီး ညှိ နှိုင်းမှုများရပ်ဆိုင်းထားသည်။