ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများကိုအခြေခံသော လူငယ်ရေးရာမူဝါဒနှင့် လူငယ်ဥပဒေတစ်ရပ်ဖြစ်ထွန်းလာရန်ကြိုးပမ်းမည်ဟု ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ပြော
715
ဟိန်းပြည့် (NP News) - မေ ၃၁
ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများကို အခြေခံသော လူငယ်ရေးရာမူဝါဒနှင့် လူငယ်ဥပဒေတစ်ရပ်ခိုင်ခိုင်မာမာဖြစ်ထွန်းလာရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က မေလ ၃၁ ရက်ကပြောသည်။
ပြည်တွင်းပြည်ပရှိလူငယ်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ တော်လှန်ရေးနှင့်ပတ်သက်သောကိစ္စ ရပ်များအား အင်တိုက်အားတိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“မေလတစ်လတာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ အစည်းအဝေးတွေကို (၆)ကြိမ်တိုင် တိုင်တက်ရောက်ခဲ့ပြီး ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး NUG မှ သဘောထားထုတ်ပြန်ပေးဖို့ အရေးကြီး အဆိုတင်သွင်းခဲ့တယ်” ဟု ဒုဝန်ကြီးကပြောသည်။
ယင်းအနေဖြင့် မေလတစ်လအတွင်း ချင်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားရာဒေသများသို့ အရေးပေါ်လိုအပ်သော ဆေးဝါးနှင့် စားသောက်ကုန်များကို ပထမအကြိမ်ပေးပို့ပေးခြင်း၊အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဥပဒေအား ပူးပေါင်းရေးဆွဲခဲ့ပြီး မူကြမ်းကို အစိုးရအဖွဲ့ထံတင်သွင်းနိုင်ခဲ့ခြင်းအပါအဝင် လုပ်ငန်းစဉ် ၆ရပ်ကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောသည်။
ထို့ပြင် စစ်ကောင်စီ၏ဖမ်းဆီးသတ်ဖြတ်မှု အန္တရာယ်ကျရောက်နေပြီး တိမ်းရှောင်နေရသော လူ ငယ်များအတွက် ဘေးကင်းလုံခြုံသောအဆောက်အအုံများအား ဒေသအသီးသီးတွင် စီစဉ်ပေးခဲ့ကာ ထပ်မံတိုးချဲ့စီစဉ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။