ကျယ်ဂေါင်တွင် တစ်လကျော်ပိတ်မိနေသည့် ကုန်ကား ၂၂၃ စီး မူဆယ်သို့ ပြန်လည်ဝင်ခွင့်ရမည်

956
ဖူးပြည့် (NP News) - မေ ၃၁
ဧပြီလနောက်ဆုံးပတ်ကတည်းက ကုန်များတင်ထားပြီး ကျယ်ဂေါင်တွင်ပိတ်မိနေသည့် ကုန်ကား ၂၂၃ စီး မူဆယ်သို့ပြန်လည်ဝင်ခွင့်ရမည်ဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။
အဆိုပါကားများအား ဇွန်လ ၁ရက်၊ ၂ရက်၊ ၃ရက်အတွင်း မူဆယ်ဘက်သို့အပြီးထွက်ရန်ညွှန်ကြားထားကြောင်း သိရသည်။
“သုံးရက်ဖွင့်ပြီးရင်အဝင်အထွက်လုံးဝဖွင့်မပေးတော့ဘူး။ မူဆယ်ဘက်ကို ထွက်လို့ရအောင် ဒီဘက်က တောင်းဆိုတဲ့အတွက် ကျယ်ဂေါင်ဘက်ကကားတွေ ရှင်းသွားအောင်ဖွင့်ပေးတဲ့သဘောပဲ”ဟု ယင်းက ပြောသည်။
ကျယ်ဂေါင်ဘက်မှလာမည့် ယာဉ်မောင်းများအနေဖြင့် PPE ဝတ်စုံများဝတ်ဆင်ကာ လာရောက်ရမည်ဖြစ်ပြီး မူဆယ်မြို့ပြင်ရှိ နှင်းနှင်းခိုင်ကားဝင်းအတွင်း သုံးရက်နေပြီးမှ အောက်မြန်မာပြည်သို့ဆင်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကားများသည် အဓိကအားဖြင့် တရုတ်ထွက်ပစ္စည်းများဖြစ်သည့် စက်မှုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ စားကုန်သောက်ကုန်ပစ္စည်းများကို သယ်ဆောင်လာကြောင်းသိရသည်။