အမေရိကန်ကုမ္ပဏီက မြန်မာလုပ်သားတွေကို ရက်စက်စွာခိုင်းစေခဲ့ပြီး လစာလုံလောက်စွာ မပေးတဲ့ဖြစ်ရပ်မျိုး မလေးရှားမှာ ကျုးလွန်
560
မိုးတိမ် (NP News) - ဇွန် ၂
အမေရိကန်အခြေစိုက် ကားတာယာကုမ္ပဏီ Goodyear ဟာ မြန်မာအပါအဝင် နိုင်ငံအချို့က လုပ်သားတွေကို လုပ်ခလစာဖြတ်တောက်ခြင်းအပါအဝင် ဒေါ်လာတစ်သန်းကျော်ဖိုးအထိ အလုပ်သမားအခွင့်အရေးဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေလုပ်ခဲ့တဲ့အတွက် မလေးရှားမှာ တရားရင်ဆိုင်နေရပြီလို့ သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စံနမူနာထားရသူကြီးအဖြစ် အမေရိကန်၏ပေးစာကမ်းစာ စားကြသူ တတိယနိုင်ငံသားအချို့က အထင်ကြီးလေးစားထားရသော အမေရိကန်ရဲ့အဆိုပါလုပ်ရပ်ဟာ လူသားစံတန်ဖိုးနှင့် လူကြီးလူကောင်းဆန်သောနိုင်ငံအဖြစ် မေးခွန်းထုတ်စရာဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနနဲ့ နိုင်ငံတကာသတင်းဌာနတွေက မေလ(၃၁)ရက်မှာ ဖော်ပြထားချက်အရ မလေးရှားတရားရုံးမှာ အမေရိကန်ကုမ္ပဏီကို တရားစွဲဆိုမှုတွေ ရှိနေပြီလို့ ဆိုပါတယ်။ အမေရိကန် ကားတာယာကုမ္ပဏီဟာ မြန်မာ၊ နီပေါနဲ့ အိန္ဒိယတို့မှ အလုပ်သမားများအပေါ် လုပ်ခလစာခေါင်းပုံဖြတ်မှုတွေအပြင် အလုပ်သမားများရဲ့နိုင်ငံဖြတ်ကျော်သွားလာမှုဆိုင်ရာ အထောက်အထားများကိုပါ ခြိမ်းခြောက်ရယူထားမှုတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံသုံးခုက လုပ်သားတွေကို မညှာမတာအလုပ်ခိုင်းခဲ့ပေမယ့် လူသားစံတန်ဖိုးအတိုင်း ငွေပေးချေရမယ့်ကိစ္စမှာ ပျက်ကွက်ခဲ့တဲ့ပမာဏဟာ ဒေါ်လာ၁ ဒသမ ၂ သန်းကျော်အထိ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ သုံးနိုင်ငံရဲ့အလုပ်သမားရှေ့နေဖြစ်သူ Chandra Segaran Rajandran ရဲ့ပြောကြားချက်အရ အလုပ်သမားတွေကို နာရီများစွာ ခိုင်းစေခဲ့ပေမယ့် အလုပ်သမားအခွင့်အရေး အပြည့်အဝပေးဖို့မှာ ပျက်ကွက်ခဲ့တဲ့အပြင် အဆင့်နိမ့်ဆက်ဆံမှုတွေကိုပါ အမေရိကန်တွေက လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မလေးရှားတရားရုံးကို တိုက်ရိုက်တိုင်ကြားမှုတွေ လုပ်ခဲ့သလို အခြားသောဆက်စပ်ပတ်သက်တဲ့ အမှုများစွာကိုပါ အမေရိကန်ကုမ္ပဏီဘက်က ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အမေရိကန်ကုမ္ပဏီဟာ မြန်မာနဲ့ နိုင်ငံသုံးခုက လုပ်သားတွေကို နိုင်ထက်စီးနင်းဆက်ဆံခိုင်းစေခဲ့တဲ့ လူသားမဆန်မှုလုပ်ရပ်ကို လုပ်ဆောင်မှုအပြင် မလေးရှားနိုင်ငံထဲမှာပဲ အခြားသောဆိုးဝါးတဲ့လုပ်ရပ်တွေ ကျုးလွန်ထားတဲ့အတွက် နောက်ထပ်အမှုသုံးခုထက်မနည်း ရင်ဆိုင်ရဦးမယ်လို့လည်း သိရပါတယ်။
မလေးရှားတရားရုံးဘက်ကတော့ အမေရိကန်ကုမ္ပဏီကို ဆင့်ခေါ်ခဲ့ပြီး အလုပ်သမားတွေရဲ့နစ်နာမှုတွေကို ပြန်လည်တွက်ချက်ပေးဖို့ အမိန့်ချထားတယ်လို့ သိရသလို ဒီအမိန့်ကိုတောင် အမေရိကန်နိုင်ငံကုမ္ပဏီဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူလည်ကျဖို့ကြိုးစားနေကြောင်းလည်း နိုင်ငံတကာသတင်းတွေ ဖော်ပြလာပါတယ်။ အမေရိကန်နိုင်ငံရဲ့ဆိုးဝါးတဲ့ လူသားစံနှုန်းကျင့်ဝတ်မလိုက်နာမှုလုပ်ရပ်ကို တိုက်ရိုက်ပေါ်လွင်ခဲ့တဲ့ ဒီသတင်းကို မြန်မာမီဒီယာအများစုက မျက်ကွယ်ပြုခဲ့တာကိုလည်း တွေ့ရပါတယ်။