ငွေကြိုသွင်း၍ စက်သုံးဆီဝယ်ယူနေရသည့်အတွက် အပိုအလျှံမရှိသော်လည်း ဈေးကွက်အတွင်း ဆီပြတ်လပ်မည့်အခြေအနေမရှိဟုဆို
                        
                            
                             
 1444
 
                             
                            
                            
                         
                        
 
                        NP News - ဇွန် ၃
လက်ရှိအချိန်တွင် စက်သုံးဆီကို ငွေကြိုသွင်း၍ဝယ်ယူနေရသည့်အတွက် အပိုအလျှံမရှိသော်လည်း ဈေးကွက်အတွင်း ဆီပြတ်လပ်မည့် အခြေအနေမရှိနိုင်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA) မှ ဥက္ကဋ္ဌ ဒေါက်တာဦးဝင်းမြင့်ကပြောသည်။
သီလဝါဒေသရှိ သိုလှောင်ကန်စခန်းအများစု၏ စက်သုံးဆီလက်ကျန်အခြေအနေများသည် သက်ဆိုင်ရာစခန်းအလိုက် သိုလှောင်နိုင်မှုပမာဏ၏ ၃ဝရာခိုင်နှုန်းအောက် လျော့နည်းကျဆင်းလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် Demand & Supply မျှတမှုမရှိသည့်အခြေအနေဖြစ်ပေါ်လာနိုင်သည်ဆိုသည့် သတင်းများထွက်ပေါ်လာခဲ့သည့်အတွက် စက်သုံးဆီများပြတ်လပ်သွားမည်ကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်းလျက်ရှိကြောင်း သိရသည်။  
“အရင်တုန်းက နိုင်ငံခြားကုမ္ပဏီတွေက ရက် ၃ဝတို့၊ ရက်၆ဝတို့ ဆီကို အကြွေးပေးတယ်။ အခုတော့ ပိုက်ဆံကိုကြိုတောင်းတယ်။ ပိုက်ဆံကြိုပေးရတဲ့အတွက် ပေါပေါလောလောမသွင်းထားနိုင်ဘူး။ အရင် တုန်းက ဆီကိုတစ်လစာ နှစ်လစာပေးထားတော့ ဒီမှာဆီကိုပုံထားတာပေါ့။ အခုကတော့ အဲဒီလိုမလုပ် နိုင်ဘူး။ အဲ့ဒီ့အကြောင်းကိစ္စကြောင့် ဆီကိုထိန်းပြီးသွင်းရတယ်”ဟု ဥက္ကဋ္ဌက ပြောသည်။
ယခင်က စက်သုံးဆီတင်သွင်းရာတွင် အကြွေးစနစ်ဖြင့် ဝယ်ရသည့်အတွက် ဒေါ်လာကို ဖြည်းဖြည်း ချင်းလဲလှယ်ကာ ငွေပေးသွင်းရခြင်းကြောင့် ဒေါ်လာဈေးနှုန်းကို ထိန်းချုပ်ထားနိုင်ကြောင်း၊ ယခုအ ချိန်တွင် ငွေကြိုရှင်းရသည့်အတွက် ဒေါ်လာများ ချက်ချင်းဝယ်ယူရခြင်းကြောင့် ဒေါ်လာဈေးမြင့်တက် လာမည့် အခြေအနေကို စိုးရိမ်သည့်အတွက် စက်သုံးဆီကို ထိန်းသွင်းရခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒေါက်တာဦးဝင်းမြင့်က “အခုကတော့ ဆီသင်္ဘောဝင်လာပြီဆိုတာနဲ့ ပိုက်ဆံပေးရတယ်။ အဲဒီတော့ ချက်ချင်းဝယ်ဆိုတဲ့အခါ ဒေါ်လာဈေးတွေတက်တယ်။ အဲဒါကြောင့် ထိန်းပြီးတော့သွင်းရ တယ် လျော့သွင်းတဲ့အတွက် လက်ကျန်နည်းတာလည်းပါတယ်။ ဆီတော့အပြတ်မခံပါဘူး” ဟုပြောသည်။
စက်သုံးဆီကို စင်ကာပူမှတင်သွင်းပြီး မြန်မာနိုင်ငံသို့ရောက်ရှိရန် အချိန် တစ်ပတ်၊ ၁ဝရက်သာကြာမြင့်သည့်အတွက် ဈေးကွက်အတွင်း စက်သုံးဆီပြတ်လပ်မည့် အခြေအနေမရှိကြောင်း၊ နိုင်ငံခြားက ဆန်ရှင်မလုပ်မချင်း တင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
#NPNews