ဂီတအစည်းအရုံး အမှုဆောင်တာဝန်ကို တေးသံရှင် မနော ငြင်းဆို
665
NP News - ဇွန် ၃
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ အမှုဆောင်အဖွဲ့ ယာယီဖွဲ့စည်းရာတွင် တေးသံရှင် မနောအား အမှုဆောင်အဖွဲ့ဝင် တာဝန်ပေးအပ်ခဲ့သော်လည်း ၎င်းမှ ပြန်လည်ငြင်းဆိုခဲ့သည်။
တေးသံရှင် မနောသည် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ အမှုဆောင်ယာယီအဖွဲ့တွင် ၎င်းအား အမှုဆောင်အဖွဲ့ဝင်အဖြစ် ခန့်အပ်ထားသည်ကို ယနေ့ ထုတ်ပြန်ချက်တွေ့မှသာ သိခဲ့ရခြင်းဖြစ်ပြီး တွေ့တွေ့ချင်းမှာပဲ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ပြန်လည်ပေးပို့ခဲ့သည်ဟု ပြောသည်။
“ကျွန်တော် မနောသည် အနုပညာပိုင်းမှာလည်း ဝါသနာရှင်သာဖြစ်ပြီး ပညာရှင်မဟုတ်ပါခင်ဗျာ။ အတန်းပညာပိုင်းမှာလည်း မူလတန်းသာ အောင်ခဲ့သူတစ်ဦးဖြစ်ပြီး အသက်အရွယ်ပိုင်းအရ ၃၈ နှစ် သာရှိသေးသဖြင့် အဘက်ဘက်မှ အားနည်း ချက်များစွာရှိနေပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)၏ အမှုဆောင်အဖွဲ့ဝင်အဖြစ်နှင့် မသင့်တော်ခြင်းကြောင့် ခွင့်လွှတ်နားလည် စေလိုပါသည်။ ကျွန်တော်မနောအား မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) အနေဖြင့် အမှုဆောင်အဖွဲ့ ဝင် မဟုတ်ဘဲ ပရဟိတကိစ္စများ ခိုင်းစေလိုလျှင် အချိန်မရွေး မဆိုင်းမတွဘဲ ဆောင်ရွက်ပေးပါမည်ဟု အသိပေးရင်း လေးစားအပ်ပါသော လူကြီးမင်းများ အနုပညာရှင်များအား အနူးအညွတ်မေတ္တာရပ်ခံ အပ်ပါသည်” ဟု တေးသံရှင် မနောက ရေးသားဖော်ပြခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) တွင် ယခင်ကတာဝန်ယူထားသည့် သက်ဆိုင်ရာအနုပညာရှင်များမှ စစ်ကောင်စီ၏လက်အောက်တွင် တာဝန်ထမ်းဆောင်လို ခြင်းမရှိ သဖြင့် အများစုသည် တာဝန်မှနှုတ်ထွက်ခဲ့ကြပြီး ယခုချိန်မှ မြန်မာနိုင်ငံဂီတ အစည်းအရုံးအဖွဲ့ဝင်များ ကို အသစ်ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့ဝင်များအဖြစ် အမှုဆောင်အဖွဲ့ဝင်အဖြစ် ယာယီခန့်အပ်ခြင်းခံထားရသည့် တေးသံရှင် မနော အပါအဝင် နာယကအဖြစ် စည်သူဗိုလ်ကလေး တင့်အောင်၊ ဥက္ကဋ္ဌ ဦးညီညီဝင်း(ခ) ကိုင်ဇာနှင့် အခြားသော ဂီတပညာရှင်များပါဝင်သည်။
#NPNews #MaNaw