၂၀၂၅ အတွက် Razzies အဆိုးဆုံး ရုပ်ရှင်ဆုကို Snow White (Live Action) နဲ့ War Of The Worlds က ရရှိ

55

ရောင်နီ (NP News) - မတ် ၁၇
ဟောလိဝုဒ်ရဲ့အကောင်းဆုံးရုပ်ရှင်ဆုတွေကို အော်စကာဆု ချီးမြှင့်လေ့ရှိပေမယ့် အဆိုးဆုံးနဲ့ စိတ်ပျက်စရာ အကောင်းဆုံးရုပ်ရှင်တွေကိုတော့ "ဟောလိဝုဒ်ဆန့်ကျင်ရေး" Golden Raspberry Award (Razzies) ဆုပေးပွဲမှာ ချီးမြှင့်လေ့ရှိပါတယ်။ ယခုနှစ်အတွက် ဟောလိဝုဒ်ရဲ့အဆိုးဝါးဆုံးရုပ်ရှင်ဆုကိုတော့ Disney ရဲ့ Snow White(Live Action) နဲ့ Amazon ရဲ့ War Of The Worlds က ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
Disney ရဲ့ Live-action ရုပ်ရှင်ဖြစ်တဲ့ Snow White ဟာ ရုံမတင်မီကတည်းက အငြင်းပွားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရ တာဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် မင်းသမီး ရေချယ်ဇက်လာ ဟာ ဝေဖန်မှုတွေနဲ့ ပရိသတ်တွေရဲ့မကျေနပ်မှုကို ခံခဲ့ရသလို၊ သရုပ်ဆောင်ပိုင်းမှာ လူမျိုးရေးဆိုင်ရာ ရွေးချယ်မှုအတွက်လည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် Razzies ဆုပေးပွဲမှာ အဓိက ဝေဖန်ခံရတာကတော့ ဒေါ်လာသန်း ၂၅၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ လူပုလေးတွေ ဇာတ်ကောင်ကို ကွန်ပျူတာဖန်တီးမှု (CGI) တစ်ခုတည်းနဲ့သာ ဖန်တီးထားခြင်းကြောင့်ဖြစ်ပြီး "အဆိုးဆုံး ဇာတ်ပို့ဆု" "အဆိုးဆုံး မျက်နှာပြင်ပေါင်းစပ်မှု" အတွက် ဆုရရှိခဲ့ပါတယ်။ "ဒီလို လူပုလေးတွေ ဇာတ်ရုပ်အတွက်တော့ ဒေါ်လာ သန်း ၂၅၀ အကုန်အကျ ခံစရာမလိုပါဘူး၊ ဒေါ်လာ သန်း ၂၀ လောက်နဲ့ Free Trial သုံးရင်တောင် ဒီလိုမျက်နှာပုံစံတွေ ဖန်တီးနိုင်ပါတယ်" လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
နောက်ထပ် H.G. Wells ရဲ့ဂန္ထဝင်ဝတ္ထုကို ခေတ်သစ်ပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ "War Of The Worlds" ရုပ်ရှင်ဟာလည်း "အဆိုးရွားဆုံး ရုပ်ရှင်" ဆုကို ရရှိသွားခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ တစ်ကားလုံးကို Zoom Video Call တွေနဲ့သာ ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ရှိန် အမြင့်ဆုံး အခန်းမှာ Prime Air ဒရုန်းတစ်စင်းတည်းနဲ့ ဂြိုလ်သားတွေကို နှိမ်နင်းလိုက်တဲ့ မြင်ကွင်းကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားမှာကတော့ အဓိက သရုပ်ဆောင် မင်းသား အိုက်စ်ကျူဘစ် ဟာလည်း ရုပ်ရှင်ရဲ့ "အဆိုးရွားဆုံး သရုပ်ဆောင်ဆု" စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
"သိပ္ပံဝတ္ထု ဂန္ထဝင်ဇာတ်ကားတစ်ကားရဲ့ ခေါင်းစဉ်ကို ခိုးယူပြီး ပြန်လည်စိတ်ကူးယဉ်ထားတဲ့ ရုပ်ရှင်တစ်ကားအဖြစ် ရိုက်ကူးလိုက်တာက သိပ္ပံဝတ္ထုရဲ့ လက်ရာမြောက်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မပေါ်လွင်စေဘဲ ရယ်မောစရာ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်” လို့ Razzies ဆုပေးပွဲ စီစဉ်သူတွေက ပြောပါတယ်။
နောက်ထပ် အဆိုးဝါးဆုံး သရုပ်ဆောင် မင်းသမီးဆုကိုတော့ သရုပ်ဆောင် ရစ်ဘယ်ဝလ်ဆန်က သူမရဲ့ အက်ရှင်ဟာသဇာတ်ကားဖြစ်သော Bride Hard (2025) နဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
၂၀၂၅ အတြက္ Razzies အဆိုးဆုံး ႐ုပ္ရွင္ဆုကို Snow White (Live Action) နဲ႔ War Of The Worlds က ရရွိ
ေရာင္နီ (NP News) - မတ္ ၁၇
ေဟာလိဝုဒ္ရဲ႕အေကာင္းဆုံး႐ုပ္ရွင္ဆုေတြကို ေအာ္စကာဆု ခ်ီးျမႇင့္ေလ့ရွိေပမယ့္ အဆိုးဆုံးနဲ႔ စိတ္ပ်က္စရာ အေကာင္းဆုံး႐ုပ္ရွင္ေတြကိုေတာ့ "ေဟာလိဝုဒ္ဆန႔္က်င္ေရး" Golden Raspberry Award (Razzies) ဆုေပးပြဲမွာ ခ်ီးျမႇင့္ေလ့ရွိပါတယ္။ ယခုႏွစ္အတြက္ ေဟာလိဝုဒ္ရဲ႕အဆိုးဝါးဆုံး႐ုပ္ရွင္ဆုကိုေတာ့ Disney ရဲ႕ Snow White(Live Action) နဲ႔ Amazon ရဲ႕ War Of The Worlds က ရရွိသြားခဲ့တယ္လို႔ သိရပါတယ္။
Disney ရဲ႕ Live-action ႐ုပ္ရွင္ျဖစ္တဲ့ Snow White ဟာ ႐ုံမတင္မီကတည္းက အျငင္းပြားမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရ တာျဖစ္ပါတယ္။ အဓိကသ႐ုပ္ေဆာင္ မင္းသမီး ေရခ်ယ္ဇက္လာ ဟာ ေဝဖန္မႈေတြနဲ႔ ပရိသတ္ေတြရဲ႕မေက်နပ္မႈကို ခံခဲ့ရသလို၊ သ႐ုပ္ေဆာင္ပိုင္းမွာ လူမ်ိဳးေရးဆိုင္ရာ ေ႐ြးခ်ယ္မႈအတြက္လည္း ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္ Razzies ဆုေပးပြဲမွာ အဓိက ေဝဖန္ခံရတာကေတာ့ ေဒၚလာသန္း ၂၅၀ အကုန္အက်ခံ ႐ိုက္ကူးထားတဲ့ ဒီ႐ုပ္ရွင္ဟာ လူပုေလးေတြ ဇာတ္ေကာင္ကို ကြန္ပ်ဴတာဖန္တီးမႈ (CGI) တစ္ခုတည္းနဲ႔သာ ဖန္တီးထားျခင္းေၾကာင့္ျဖစ္ၿပီး "အဆိုးဆုံး ဇာတ္ပို႔ဆု" "အဆိုးဆုံး မ်က္ႏွာျပင္ေပါင္းစပ္မႈ" အတြက္ ဆုရရွိခဲ့ပါတယ္။ "ဒီလို လူပုေလးေတြ ဇာတ္႐ုပ္အတြက္ေတာ့ ေဒၚလာ သန္း ၂၅၀ အကုန္အက် ခံစရာမလိုပါဘူး၊ ေဒၚလာ သန္း ၂၀ ေလာက္နဲ႔ Free Trial သုံးရင္ေတာင္ ဒီလိုမ်က္ႏွာပုံစံေတြ ဖန္တီးႏိုင္ပါတယ္" လို႔ ပြဲစီစဥ္သူေတြက ဆိုပါတယ္။
ေနာက္ထပ္ H.G. Wells ရဲ႕ဂႏၴဝင္ဝတၳဳကို ေခတ္သစ္ပုံစံ ျပန္လည္႐ိုက္ကူးထားတဲ့ "War Of The Worlds" ႐ုပ္ရွင္ဟာလည္း "အဆိုး႐ြားဆုံး ႐ုပ္ရွင္" ဆုကို ရရွိသြားခဲ့ပါတယ္။ ဒီဇာတ္ကားကေတာ့ တစ္ကားလုံးကို Zoom Video Call ေတြနဲ႔သာ ႐ိုက္ကူးထားတာျဖစ္ၿပီး ဇာတ္ရွိန္ အျမင့္ဆုံး အခန္းမွာ Prime Air ဒ႐ုန္းတစ္စင္းတည္းနဲ႔ ၿဂိဳလ္သားေတြကို ႏွိမ္နင္းလိုက္တဲ့ ျမင္ကြင္းေၾကာင့္ ျပင္းျပင္းထန္ထန္ ေဝဖန္ခံခဲ့ရပါတယ္။ ဒီဇာတ္ကားမွာကေတာ့ အဓိက သ႐ုပ္ေဆာင္ မင္းသား အိုက္စ္က်ဴဘစ္ ဟာလည္း ႐ုပ္ရွင္ရဲ႕ "အဆိုး႐ြားဆုံး သ႐ုပ္ေဆာင္ဆု" စာရင္းမွာ ပါဝင္ခဲ့ပါတယ္။
"သိပၸံဝတၳဳ ဂႏၴဝင္ဇာတ္ကားတစ္ကားရဲ႕ ေခါင္းစဥ္ကို ခိုးယူၿပီး ျပန္လည္စိတ္ကူးယဥ္ထားတဲ့ ႐ုပ္ရွင္တစ္ကားအျဖစ္ ႐ိုက္ကူးလိုက္တာက သိပၸံဝတၳဳရဲ႕ လက္ရာေျမာက္တဲ့ ဇာတ္ကားတစ္ကားအျဖစ္ မေပၚလြင္ေစဘဲ ရယ္ေမာစရာ ဇာတ္လမ္းတစ္ပုဒ္အျဖစ္ ေျပာင္းလဲသြားေစခဲ့ပါတယ္” လို႔ Razzies ဆုေပးပြဲ စီစဥ္သူေတြက ေျပာပါတယ္။
ေနာက္ထပ္ အဆိုးဝါးဆုံး သ႐ုပ္ေဆာင္ မင္းသမီးဆုကိုေတာ့ သ႐ုပ္ေဆာင္ ရစ္ဘယ္ဝလ္ဆန္က သူမရဲ႕ အက္ရွင္ဟာသဇာတ္ကားျဖစ္ေသာ Bride Hard (2025) နဲ႔ ရရွိခဲ့တယ္လို႔ သိရပါတယ္။