ဗြိတိန် ရုပ်သံကြယ်ပွင့် ဂျော်ဒန်ရိုက် ဖူးခက်ရှိ ရေနုတ်မြောင်းအတွင်း သေဆုံးလျက်တွေ့ရှိ

 303

ရောင်နီ (NP News) - မတ် ၂၁

ဗြိတိန် နာမည်ကြီး Reality Show တစ်ခုဖြစ်တဲ့ "The Only Way Is Essex" (TOWIE) မှာ ပါဝင်ခဲ့ဖူးသူ အသက် ၃၂ နှစ်အရွယ် ဂျော်ဒန်ရိုက် အမည်ရှိ ဗြိတိန်ရုပ်သံကြယ်ပွင့်ဟာ ထိုင်းနိုင်ငံ၊ ဖူးခက်ရှိ ဟိုတယ်တစ်ခုအနီး ရေနုတ်မြောင်းအတွင်း သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့ပါတယ်။
မတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ဖူးခက်၊ သာလန်ခရိုင်ရှိ တူးမြောင်းတစ်ခုအတွင်း အမျိုးသားတစ်ဦး မျက်နှာမှောက်လျက် သေဆုံးနေကြောင်း သတင်းပေးချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှာ အလောင်း ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူရဲ့အိတ်ကပ်အတွင်းမှ COCO Phuket Bangtao ဟိုတယ်ရဲ့ အခန်းသော့ကတ်ကို တွေ့ရှိခဲ့ရပြီးနောက် ဂျော်ဒန်ရိုက်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
CCTV နောက်ဆုံး မှတ်တမ်းနဲ့ ရဲတပ်ဖွဲ့ရဲ့သုံးသပ်ချက်အရမတ်လ ၁၂ ရက် ည ၁၁ နာရီ ၂၅ မိနစ်ခန့်က ဂျော်ဒန်ဟာ ဟိုတယ်ဝင်းအတွင်းတစ်ယောက်တည်း လမ်းလျှောက်နေခဲ့တာ တွေ့ရပြီး ဆောက်လုပ်ရေး မပြီးပြတ်သေးတဲ့ အနီးအနားက နေရာတစ်ခုကို သွားခဲ့ရာမှ ၁.၆ မီတာခန့် နက်တဲ့ ရေနုတ်မြောင်းထဲ ပြုတ်ကျသွားခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။
မြောင်းဟာ မြေပြင်မှ မြောင်းခြေအထိ ၂ မီတာခန့် မြင့်တဲ့အပြင် ညဘက်ဖြစ်တာကြောင့် ဂျော်ဒန် ဟာ ပြန်တက်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်နိုင်တယ်လို့ ရဲအရာရှိတွေက သံသယရှိထားပါ တယ်။ ကနဦး ရင်ခွဲစစ်ဆေးချက်တွေအရ ၄င်းရဲ့ခန္ဓာကိုယ်မှာ တိုက်ခိုက်ခံထားရတဲ့ ဒဏ်ရာ(သို့မဟုတ်) ရုန်းရင်း ဆန်ခတ်ဖြစ်ထားတဲ့လက္ခဏာမျိုး မတွေ့ရှိရဘူးလို့ သိရပါတယ်။ ဂျော်ဒန်ဟာ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလက ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပြီး လာမယ့် မေလကုန်မှာ ပြန်လည်ထွက်ခွာဖို့ စီစဉ်ထားသူဖြစ်ပါတယ်။
လက်ရှိ အာဏာပိုင်တွေက သေဆုံးရတဲ့အကြောင်းရင်းကို အသေးစိတ်သိရှိနိုင်ဖို့ မှုခင်းဆိုင်ရာ ဆေးစစ်ချက်အသေးစိတ်ကို ဆက်လက်စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ၿဗိတိန္ ႐ုပ္သံၾကယ္ပြင့္ ေဂ်ာ္ဒန္႐ိုက္ ဖူးခက္ရွိ ေရႏုတ္ေျမာင္းအတြင္း ေသဆုံးလ်က္ေတြ႕ရွိ
ေရာင္နီ (NP News) - မတ္ ၂၁
ၿဗိတိန္ နာမည္ႀကီး Reality Show တစ္ခုျဖစ္တဲ့ "The Only Way Is Essex" (TOWIE) မွာ ပါဝင္ခဲ့ဖူးသူ အသက္ ၃၂ ႏွစ္အ႐ြယ္ ေဂ်ာ္ဒန္႐ိုက္ အမည္ရွိ ၿဗိတိန္႐ုပ္သံၾကယ္ပြင့္ဟာ ထိုင္းႏိုင္ငံ၊ ဖူးခက္ရွိ ဟိုတယ္တစ္ခုအနီး ေရႏုတ္ေျမာင္းအတြင္း ေသဆုံးေနတာကို ေတြ႕ရွိခဲ့ရတယ္လို႔ ထိုင္းရဲတပ္ဖြဲ႕က အတည္ျပဳေျပာၾကားခဲ့ပါတယ္။
မတ္လ ၁၄ ရက္ေန႔ မြန္းလြဲပိုင္းက ဖူးခက္၊ သာလန္ခ႐ိုင္ရွိ တူးေျမာင္းတစ္ခုအတြင္း အမ်ိဳးသားတစ္ဦး မ်က္ႏွာေမွာက္လ်က္ ေသဆုံးေနေၾကာင္း သတင္းေပးခ်က္အရ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးခဲ့ရာမွာ အေလာင္း ကိုေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ေသဆုံးသူရဲ႕အိတ္ကပ္အတြင္းမွ COCO Phuket Bangtao ဟိုတယ္ရဲ႕ အခန္းေသာ့ကတ္ကို ေတြ႕ရွိခဲ့ရၿပီးေနာက္ ေဂ်ာ္ဒန္႐ိုက္ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ပါတယ္။
CCTV ေနာက္ဆုံး မွတ္တမ္းနဲ႔ ရဲတပ္ဖြဲ႕ရဲ႕သုံးသပ္ခ်က္အရမတ္လ ၁၂ ရက္ ည ၁၁ နာရီ ၂၅ မိနစ္ခန႔္က ေဂ်ာ္ဒန္ဟာ ဟိုတယ္ဝင္းအတြင္းတစ္ေယာက္တည္း လမ္းေလွ်ာက္ေနခဲ့တာ ေတြ႕ရၿပီး ေဆာက္လုပ္ေရး မၿပီးျပတ္ေသးတဲ့ အနီးအနားက ေနရာတစ္ခုကို သြားခဲ့ရာမွ ၁.၆ မီတာခန႔္ နက္တဲ့ ေရႏုတ္ေျမာင္းထဲ ျပဳတ္က်သြားခဲ့ျခင္းျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ယူဆထားပါတယ္။
ေျမာင္းဟာ ေျမျပင္မွ ေျမာင္းေျခအထိ ၂ မီတာခန႔္ ျမင့္တဲ့အျပင္ ညဘက္ျဖစ္တာေၾကာင့္ ေဂ်ာ္ဒန္ ဟာ ျပန္တက္ဖို႔ ႀကိဳးစားေပမယ့္ မေအာင္ျမင္ဘဲ ေသဆုံးသြားခဲ့ျခင္းျဖစ္ႏိုင္တယ္လို႔ ရဲအရာရွိေတြက သံသယရွိထားပါ တယ္။ ကနဦး ရင္ခြဲစစ္ေဆးခ်က္ေတြအရ ၄င္းရဲ႕ခႏၶာကိုယ္မွာ တိုက္ခိုက္ခံထားရတဲ့ ဒဏ္ရာ(သို႔မဟုတ္) ႐ုန္းရင္း ဆန္ခတ္ျဖစ္ထားတဲ့လကၡဏာမ်ိဳး မေတြ႕ရွိရဘူးလို႔ သိရပါတယ္။ ေဂ်ာ္ဒန္ဟာ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလက ထိုင္းႏိုင္ငံကို ေရာက္ရွိခဲ့ၿပီး လာမယ့္ ေမလကုန္မွာ ျပန္လည္ထြက္ခြာဖို႔ စီစဥ္ထားသူျဖစ္ပါတယ္။
လက္ရွိ အာဏာပိုင္ေတြက ေသဆုံးရတဲ့အေၾကာင္းရင္းကို အေသးစိတ္သိရွိႏိုင္ဖို႔ မႈခင္းဆိုင္ရာ ေဆးစစ္ခ်က္အေသးစိတ္ကို ဆက္လက္ေစာင့္ဆိုင္းေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.