တောင်ကိုရီးယားမှာ ကားအပိုပစ္စည်းစက်ရုံ မီးလောင်မှုကြောင့် လူ (၅၅) ဦးထက်မနည်း ဒဏ်ရာရ၊ ပျောက်ဆုံးနေ သူများလည်းရှိ

118

ရောင်နီ (NP News) - မတ် ၂၁
တောင်ကိုရီးယားနိုင်ငံအလယ်ပိုင်း၊ ဒယ်ဂျွန်မြို့ရှိ မော်တော်ကား အပိုပစ္စည်းထုတ်လုပ်တဲ့စက်ရုံတစ်ရုံမှာ သောကြာနေ့(မတ်လ ၂ဝ ရက်) မွန်းလွဲပိုင်းက ပြင်းထန် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ (၅၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မတ်လ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီ ၁၈ မိနစ် အချိန်ခန့်က ဒယ်ဂျွန်မြို့ရှိ Anjun Industrial ကားအပိုပစ္စည်းစက်ရုံ မှာ မီးလောင်မှု ဖြစ်ခဲ့တာဖြစ်ပြီး လူ ၅၅ ဦး ဒဏ်ရာရ (၂၄ ဦး စိုးရိမ်ရတဲ့အခြေအနေရှိ) ကာ လူ ၁၄ ဦး ပျောက်ဆုံး နေတယ်လို့ သိရပါတယ်။ မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ ပေါက်ကွဲမှုတစ်ခုနဲ့အတူ မီးစတင်လောင် ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဆောက်အအုံအတွင်း ပိတ်မိနေတဲ့ အလုပ်သမားအချို့ လွတ်မြောက်ဖို့အတွက် အပေါ်ထပ်တွေက ခုန်ချခဲ့ကြတာ ကြောင့် ဒဏ်ရာရရှိမှုတွေ ရှိခဲ့သလို၊ အချို့လည်း မီးခိုးမွှန်ပြီး ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။ အမျိုးသား မီးသတ်အေဂျင်စီရဲ့အဆိုအရ စက်ရုံအတွင်း ဓာတ်ပြုမှုပြင်းထန်တဲ့ ဓာတုပစ္စည်း ၂၀၀ ကီလိုဂရမ်ခန့် ရှိနေခြင်းကြောင့် မီးလောင်မှု ပိုမိုပြင်းထန်ခဲ့ပြီး အဆောက်အအုံပြိုကျနိုင်ခြေရှိတာကြောင့် ကယ်ဆယ်ရေးသမား တွေ ဝင်ရောက်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ မီးငြိမ်းသတ်ဖို့ မီးသတ်သမားနဲ့ ရဲတပ်ဖွဲ့ဝင် ၅၀၀ ကျော်၊ ယာဉ်အစီးရေ ၁၂၀ ခန့်၊ ကယ်ဆယ်ရေးလေယာဉ်တွေအပြင် မီးသတ်စက်ရုပ်တွေကိုပါ အသုံးပြုနေတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေ အနေနဲ့ မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ ပျောက်ဆုံးနေသူ ၁၄ ဦးကို ရှာဖွေတွေ့ရှိခြင်း မရှိသေးတဲ့အတွက် သေဆုံးသူဦးရေ ထွက်ပေါ်လာနိုင်ခြေရှိတယ်လို့ ဒေဂျွန်ခရိုင် မီးသတ် ဦးစီးချုပ် နမ်ဒွတ်ဝူးက သတိပေး ပြောကြားထားပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားမွာ ကားအပိုပစၥည္းစက္႐ုံ မီးေလာင္မႈေၾကာင့္ လူ (၅၅) ဦးထက္မနည္း ဒဏ္ရာရ၊ ေပ်ာက္ဆုံးေန သူမ်ားလည္းရွိ
ေရာင္နီ (NP News) - မတ္ ၂၁
ေတာင္ကိုရီးယားႏိုင္ငံအလယ္ပိုင္း၊ ဒယ္ဂြၽန္ၿမိဳ႕ရွိ ေမာ္ေတာ္ကား အပိုပစၥည္းထုတ္လုပ္တဲ့စက္႐ုံတစ္႐ုံမွာ ေသာၾကာေန႔(မတ္လ ၂ဝ ရက္) မြန္းလြဲပိုင္းက ျပင္းထန္ မီးေလာင္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး လူ (၅၅) ဦးထက္မနည္း ဒဏ္ရာရရွိခဲ့ကာ ေပ်ာက္ဆုံးေနသူေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။
မတ္လ ၂၀ ရက္၊ မြန္းလြဲ ၁ နာရီ ၁၈ မိနစ္ အခ်ိန္ခန႔္က ဒယ္ဂြၽန္ၿမိဳ႕ရွိ Anjun Industrial ကားအပိုပစၥည္းစက္႐ုံ မွာ မီးေလာင္မႈ ျဖစ္ခဲ့တာျဖစ္ၿပီး လူ ၅၅ ဦး ဒဏ္ရာရ (၂၄ ဦး စိုးရိမ္ရတဲ့အေျခအေနရွိ) ကာ လူ ၁၄ ဦး ေပ်ာက္ဆုံး ေနတယ္လို႔ သိရပါတယ္။ မ်က္ျမင္သက္ေသေတြရဲ႕ေျပာၾကားခ်က္အရ ေပါက္ကြဲမႈတစ္ခုနဲ႔အတူ မီးစတင္ေလာင္ ကြၽမ္းခဲ့တယ္လို႔ ဆိုပါတယ္။
ေဆာက္အအုံအတြင္း ပိတ္မိေနတဲ့ အလုပ္သမားအခ်ိဳ႕ လြတ္ေျမာက္ဖို႔အတြက္ အေပၚထပ္ေတြက ခုန္ခ်ခဲ့ၾကတာ ေၾကာင့္ ဒဏ္ရာရရွိမႈေတြ ရွိခဲ့သလို၊ အခ်ိဳ႕လည္း မီးခိုးမႊန္ၿပီး ဒဏ္ရာရခဲ့ၾကတယ္လို႔ သိရပါတယ္။ အမ်ိဳးသား မီးသတ္ေအဂ်င္စီရဲ႕အဆိုအရ စက္႐ုံအတြင္း ဓာတ္ျပဳမႈျပင္းထန္တဲ့ ဓာတုပစၥည္း ၂၀၀ ကီလိုဂရမ္ခန႔္ ရွိေနျခင္းေၾကာင့္ မီးေလာင္မႈ ပိုမိုျပင္းထန္ခဲ့ၿပီး အေဆာက္အအုံၿပိဳက်ႏိုင္ေျခရွိတာေၾကာင့္ ကယ္ဆယ္ေရးသမား ေတြ ဝင္ေရာက္ဖို႔ အခက္အခဲရွိေနတယ္လို႔ ဆိုပါတယ္။ မီးၿငိမ္းသတ္ဖို႔ မီးသတ္သမားနဲ႔ ရဲတပ္ဖြဲ႕ဝင္ ၅၀၀ ေက်ာ္၊ ယာဥ္အစီးေရ ၁၂၀ ခန႔္၊ ကယ္ဆယ္ေရးေလယာဥ္ေတြအျပင္ မီးသတ္စက္႐ုပ္ေတြကိုပါ အသုံးျပဳေနတယ္လို႔ သိရပါတယ္။
အာဏာပိုင္ေတြ အေနနဲ႔ မီးေလာင္ရတဲ့အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး၊ ေပ်ာက္ဆုံးေနသူ ၁၄ ဦးကို ရွာေဖြေတြ႕ရွိျခင္း မရွိေသးတဲ့အတြက္ ေသဆုံးသူဦးေရ ထြက္ေပၚလာႏိုင္ေျခရွိတယ္လို႔ ေဒဂြၽန္ခ႐ိုင္ မီးသတ္ ဦးစီးခ်ဳပ္ နမ္ဒြတ္ဝူးက သတိေပး ေျပာၾကားထားပါတယ္။