ဒီမိုကရေစီဆန္ဒပြသမားများကို တရုတ်စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့သည့် နှစ်ပတ်လည်နေ့တွင် ဟောင်ကောင်ဒီမိုကရေစီခေါင်းဆောင် ထိန်းသိမ်းခံရ

 470

ဝတီ (NP News) - ဇွန် ၄
ဒီမိုကရေစီရရှိရေး တောင်းဆိုဆန္ဒပြသည့် ဧရာမလူအုပ်ကြီးကို တရုတ်စစ်တပ်က ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်တွင် အကြမ်းဖက်ဖြိုခွင်းခဲ့သည့် အဆိုပါ နှစ်ပတ်လည်နေ့ နံနက်အစောပိုင်းတွင် ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီမိုကရေစီခေါင်းဆောင်တစ်ဦးဖြစ်သူ ချောင်ဟန်တန်ကို ထိန်းသိမ်းလိုက်ကြောင်း ဇွန်လ ၄ ရက် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

အဆိုပါနှစ်ပတ်လည်နေ့ကို ဟောင်ကောင်လူထုကြီး နှစ်စဉ်နှစ်တိုင်း မပျက်မကွက်ကျင်းပလာခဲ့သည်မှာ ဆယ်စုနှစ်များစွာရှိနေပြီဖြစ်ပြီး ပြီးခဲ့သည့်နှစ်မှစကာ ကိုဗစ်အကြောင်းပြချက်ကြောင့် ကျင်းပခွင့်မရခဲ့ပေ။ ယခုနှစ်တွင်လည်း ကိုဗစ်အကြောင်းပြချက်ကြောင့်ပင် အဆိုပါနှစ်ပတ်လည်နေ့ကို ဟောင်ကောင်လူထုကြီး မကျင်းပနိုင်ရန်အလို့ငှာ ဟောင်ကောင်ရဲတပ်ဖွဲ့က အင်အားအပြည့်ဖြင့် နေရာယူထားခဲ့သည်။

အသက် ၃၇ နှစ်အရွယ် ချောင်ဟန်တန်သည် ထောင်ချမခံရသေးသည့် နောက်ဆုံးလက်ကျန် နာမည်ကျော် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများအနက် တစ်ဦးဖြစ်ပြီး ၎င်းသည် နှစ်စဉ် အောက်မေ့သတိရပွဲ စီစဉ်သည့် ဟောင်ကောင် မဟာမိတ်အဖွဲ့တွင် ဒုဥက္ကဌဖြစ်ကြောင်းသိရသည်။

ခွင့်ပြုချက်မရဘဲ လူစုလူဝေးလုပ်ရန် စီစဉ်သည်ဟူသော သံသယဖြင့် ချောင်ကိုထိန်းသိမ်းလိုက်ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ရပ်က ဆိုသည်။ ပေကျင်းရှိ တီယန်နမင်ရင်ပြင်တွင် ဧရာမလူအုပ်ကြီးက ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယင်းကို တရုတ်စစ်တပ်က အလွန်အကျွံအင်အားသုံးနှိမ်နင်းရာ လူပေါင်းရာပေါင်းများစွာ သေဆုံးသွားခဲ့ကာ အချို့ကမူ သေဆုံးသူ ၁ဝဝဝ ကျော်မည်ဟု ခန့်မှန်းထားသည်။
#NPNews

Related news

© 2021. All rights reserved.