ထိုင်ဝမ်တွင် Covid - 19 ကန့်သတ်ချက်များကို တိုးမြှင့်လိုက်ပြီး စာသင်ကျောင်းများကို ပြန်ပိတ်

 679

ရောင်နီ ( NP News ) - ဇွန် ၇
ထိုင်ဝမ်က COVID-19 ကန့်သတ်ချက်များကို ဇွန်လ ၂၈ရက်အထိ ထပ်တိုးလိုက်ပြီး စာသင်ကျောင်း များကို နွေရာသီအားလပ်ရက်များအထိ ပိတ်ထားတော့မည်ဖြစ်ကြောင်း အစိုးရက ဇွန်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

လအတော်ကြာ ကိုဗစ်လုံခြုံမှုရှိခဲ့သည့် ထိုင်ဝမ်သည် ဒေသတွင်းရောဂါကူးစက်မှု တစ်ဖန်များပြားလာခဲ့ပြီး ဒုတိယအမြင့်ဆုံးသတိပေးမှုအဆင့်တွင်ရှိနေကြောင်းသိရသည်။ လူထုစုရုံးမှုများကို ကန့် သတ်ထားပြီး ဖျော်ဖြေရေးနေရာများ ပိတ်ထားကာ ကျောင်းသားများကို အွန်လိုင်းမှ စာသင်ကြားခြင်းစနစ်ကို ပြောင်းလဲစေခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ထိုင်ဝမ်၏ ကိုဗစ်ကူးစက်မှုအခြေအနေသည် တည်ငြိမ်ခြင်းမရှိသေးဘဲ ကိုဗစ်ကန့်သတ်ချက်များကို ပိုမိုတင်းကြပ်ရန် လူအများကမျှော်လင့်ထားကြကြောင်းသိရသည်။ ထိုင်ဝမ်သည် ဂျပန်မှလှူဒါန်းခဲ့သည့် AstraZeneca ကာကွယ်ဆေး ၁ ဒသမ ၂၄ သန်းကို နာတာရှည်ရောဂါရှိသူများ နှင့် အသက်၇၅နှစ်အထက်ရှိသူများတွင် ထိုးနှံနိုင်ရန် ယခုသီတင်းပတ်တွင် စတင်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံအတွင်း ဇွန်လ ၆ ရက်က COVID-19 ကူးစက်မှုအသစ် ၃၃၃ ဦး ထပ်တိုးခဲ့ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.