ရက်ပေါင်း ၅ဝ ကျော်ဖမ်းဆီးခံရပြီးနောက် အကယ်ဒမီ ဇင်ဝိုင်း ပြန်လည်လွတ်မြောက်လာ

 1074

အိဖြူ (NP News) - ဇွန် ၇
စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးဇင်ဝိုင်းသည် ယနေ့ ဇွန်လ ၇ ရက် နံနက်ပိုင်းက အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး နေအိမ်သို့ပြန် လည်ရောက်ရှိနေပြီဖြစ်ကြောင်း အနုပညာအသိုင်းအဝိုင်းမှသိရသည်။

ဇင်ဝိုင်းက ၎င်း၏လူမှုကွန်ရက်တွင် “ ကျွန်တော် အိမ်ပြန်ရောက်ပါပြီဗျာ” ဟု ရေးသားဖော်ပြပြီး သားဖြစ်သူ မင်းမော်ကွန်းကလည်း “ အဖေလွတ်ပြီ” ဟု ရေးသားခဲ့သည်။ ဦးဇင်ဝိုင်းကို ဧပြီလ ၁၅ ရက်နေ့က ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၅ဝ ကျော်ကြာမှသာ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ ဦးဇင်ဝိုင်း ဖမ်းဆီးခံခဲ့ရချိန်က တစ်ပတ်ကျော်သည်အထိ မိသားစုဝင်များသည် ဦးဇင်ဝိုင်းနှင့်ပတ်သက်သည့် သတင်းတစ်စုံတစ်ရာမှ မရရှိခဲ့ကြဘဲ နောက်ပိုင်းမှသာအဆက်အသွယ်ရခဲ့ကြကြောင်းသိရသည်။

သားဖြစ်သူ မင်းမော်ကွန်းကလည်း ပြီးခဲ့သည့်လက ဖမ်းဆီးခံရသူများအတွက် တောင်းဆိုကြရာ တွင် ၎င်းအနေဖြင့် ဖခင်အားလွှတ်ပေးရန်တောင်းဆိုချင်သော်လည်း ဖခင်၏အမှာစကားကြောင့် တောင်းဆိုခြင်းမျိုးမလုပ်ခဲ့ဘဲ စစ်အာဏာရှင်ကျရှုံးရေးအတွက်သာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောခဲ့သည်။ လက်ရှိတွင် မင်းမော်ကွန်းက လွတ်မြောက်နယ်မြေသို့ရောက်ရှိနေပြီး PDF တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုများပြုလုပ်လျက်ရှိကာ ဆက်လက်တိုက်ပွဲဝင်ဖြစ်သွားမည်ဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.