ကနေဒါတွင် မူစလင်မိသားစုကို ဘာသာရေးဆိုင်ရာ အမုန်းတရားကြောင့် ကားနှင့်တိုက်သတ်မှုဖြစ်ပွား

 411

ရောင်နီ ( NP News ) - ဇွန် ၈
ကနေဒါနိုင်ငံတွင် ဘာသာရေးအမုန်းတရားကြောင့် မူစလင်မိသားစုဝင် ၄ဦးကို ထရပ်စ်ကားနှင့် တိုက်သတ်ခဲ့ကြောင်း၊ လူသတ်သမားအဖြစ် သံသယရှိသူကို ဖမ်းဆီးရရှိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၇ ရက်ကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်က Nathaniel Veltman အမည်ရှိ အသက် ၂ဝအရွယ်လူငယ်သည် ၎င်း၏ ထရပ်စ်ကားဖြင့် မူစလင်မိသားစုဝင် ၄ဦးကို တိုက်ခဲ့ကာ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းတိုက်သွားသည့် မိသားစုသည် အသက် ၉ နှစ်မှ ၇၄ နှစ်အရွယ်ကြားထိ ရှိသူများဖြစ်ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကားပြီး ရဲတပ်ဖွဲ့ကပြောသည်။

လန်ဒန်တွင် နေထိုင်သူဖြစ်သည့် Veltman ကို ယင်းအဖြစ်အပျက်ပြီးနောက် လူသတ်မှုဖြင့် သံသယ ရှိကာ တရားစွဲဆိုခဲ့ပြီး ဇွန်လ ၇ရက်က ချုပ်နှောင်ထားပြီး ဇွန်လ ၁ဝ ရက်တွင်ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

လန်ဒန်ရဲဌာနမှ စုံထောက်ကြီးကြပ်ရေးမှူး ပေါလ်ဝိတ်က ဘာသာရေး အမုန်းတရား၏ လှုံ့ဆော်မှုကြောင့် ကြိုတင်ကြံစည်ကာ သတ်ဖြတ်ခြင်း ဖြစ်ကြောင်း၊ အစ္စလာမ်ကိုးကွယ်ယုံကြည်မှုကြောင့် သတ် ဖြတ်ခြင်းဖြစ်ကြောင်း ပြော ဆိုခဲ့သည်။ သံသယရှိသူသည် ယခင်က ပြစ်မှုဆိုင်ရာရာဇဝတ်မှု မှတ်တမ်းမရှိကြောင်း သိရသည်။

ကနေဒါဝန်ကြီးချုပ် Justin Trudeau က အဆိုပါသတင်းကြောင့် အလွန်အမင်းကြောက်လန့်တုန်လှုပ်မိကြောင်း၊ အစ္စလာမ်ကြောက်ရောဂါသည် ၎င်းတို့လူမှုအသိုင်းအဝိုင်းတွင် မရှိကြောင်း၊ ဖြစ်ပွားခဲ့သည့် ကြောက်ရွံ့ဖွယ်မုန်းတီးမှုမှတရားမျှတမှုလိုအပ်ကြောင်း ၎င်း၏တွစ်တာတွင် ပြောကြားထားသည်။
#NPNews

Related news

© 2021. All rights reserved.