မီတာခကောက်ခံရန် ညွှန်ကြားသူ၊ လက်တွေ့လုပ်ဆောင်သူများကို ဥပဒေအရအရေးယူမည်ဖြစ်ကာ Franchise ကုမ္ပဏီများသည်လည်း အမည်ပျက်စာရင်းသွင်းခံရမည်ဟု NUG ထုတ်ပြန်
934
NP News - ဇွန် ၉
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၈ ရက်တွင် လျှပ်စစ်ဓာတ်အားခများကောက်ခံနေမှုနှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် လျှပ်စစ်မီတာခများအား ကောက်ခံနေမှု၊ ပြည်သူလူထုအား ခြိမ်းခြောက်နေမှုကို လုံးဝရပ်ဆိုင်းရန် ၊ ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ကြေညာချက်အတိုင်း ဓာတ်အားခမပေးဆောင်ကြ သည်ဖြစ်စေကာမူ လျှပ်စစ်ဆိုင်ရာပြည်သူလူထုဝန်ဆောင်မှုများအား ကောင်းမွန်စွာစောင့်ရှောက်ကြ ရန်လိုအပ်ကြောင်း NUG ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက ညွှန်ကြားလိုက်သည်ဟု ရေးသားထားသည်။
လျှပ်စစ်ဖြန့်ဖြူးရေးဆိုင်ရာ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများဖြစ်သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့၏ ဝန်ထမ်းများနှင့် ဌာနနှင့်ပူးပေါင်းဆောင်ရွက်နေသော Franchise လုပ်ငန်းများ၏ ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရ၏ အမိန့်ကြေညာချက်များကိုလိုက်နာကြရမည်ဖြစ်သည်။
သို့သော် NUG ၏ ညွှန်ကြားချက်များအား မလိုက်နာသောညွှန်ကြားသူ၊ လက်တွေ့လုပ်ဆောင်သူစသည့် တာဝန်ရှိသူတစ်ဦးချင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေအရသော်လည်းကောင်း၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၂/၁၂၄ ပါအတိုင်း နိုင်ငံတော်၏ကျေးဇူးသစ္စာ ဖောက်ဖျက်ပုန်ကန်မှုအဖြစ်လည်းကောင်း၊ အများပြည်သူအကျိုးစီးပွားစောင့်ရှောက်ရေး ဥပဒေအရလည်းကောင်း အရေးယူခြင်းခံရ မည်ဖြစ်ကြောင်း နှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော Franchise ကုမ္ပဏီများသည်လည်း အမည်ပျက်စာရင်း (blacklist) သွင်းခံရမည်ဖြစ်ကြောင်း သတိပေးအပ်သည်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကလည်း ၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာလ နှင့် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလများအတွက် လျှပ်စစ်ဓာတ်အားခပေးသွင်းခြင်းမရှိသည့် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများကို လျှပ်စစ်ဥပဒေအရ လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းဖြင့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်လျက် ရှိကြောင်း ၂ဝ၂၁ ခုနှစ် မေလ ၂၈ ရက်က ထုတ်ပြန်ထားသည်။
#NPNews