၁၈ ရက်ကြာဖမ်းဆီးခံရပြီးနောက် အေသင်ချိုဆွေပြန်လည်လွတ်မြောက်
1078
NP News - ဇွန်လ ၁၁
ဖမ်းဆီးခြင်းခံခဲ့ရသည့် အဆိုတော် အေသင်ချိုဆွေသည် ယနေ့(ဇွန်လ၁၁ရက်) နေ့လည်ပိုင်းက ပြန်လွတ်လာပြီး နေအိမ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သူမ၏ မိသားစုဝင်ထံမှသိရသည်။ အေသင်ပြန် လွတ်လာချိန်တွင် သူမ၏ သမီးလေးအိုင်ဗီက မိခင်အနားက တဖဝါးမှမခွာတော့ဘဲ တစ်ချိန်လုံးကပ်နေကြောင်းသိရသည်။
“ချစ်တဲ့ ပရိသတ်အပေါင်းတို့ရဲ့ ဆုတောင်းမေတ္တာပြည့်ဝခဲ့ပါပြီ။ သမီးအေသင်ချိုဆွေ အိမ်ပြန်ရောက်ပြီး Ivy လေးနဲ့ အမေ့အိမ့်မှာ အတူရှိနေပါပြီ။ ဆုတောင်းပေးကြသော တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါရစေရှင်” ဟု အေသင်ချိုဆွေ၏ မိခင်မှလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပြည်သူနှင့်အတူ တစ်သားတည်းပါဝင်လှုပ်ရှားခဲ့သည့် အဆိုတော် အေသင်ချိုဆွေကို စစ်ကောင်စီဘက်မှ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅(က) ဖြင့် အမှုဖွင့်ရေးယူခဲ့ပြီး ဖမ်းဝရမ်းထုတ်ခဲ့သည်။ အေသင်ချိုဆွေ သည် အမှုဖွင့်ခံရပြီးနောက် နေအိမ်မှခေတ္တခဏတိမ်းရှောင်ခဲ့သော်လည်း တိမ်းရှောင်ရာနေရာမှာ နေအိမ်သို့ ခေတ္တပြန်လာစဉ် မေလ ၂၃ ရက် ညပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
သူမသည် ဖမ်းဆီးခံရစဉ် သူ့၏သမီးလေး အိုင်ဗီနှင့် မိသားစုဝင်များ စိတ်ပူနေမည်ကို စိုးရိမ်သဖြင့် ဝမ်းနည်းကြောင်းတစ်စုံတစ်ရာထုတ်ဖော်ပြောပြခဲ့ခြင်းမရှိဘဲ နောက်ကွယ်တွင်သာမျက်ရည်ကျခဲ့သည်ဟု ၎င်း၏ညီမဖြစ်သူက ပြောဖူးသည်။
#NPNews