ကိုရီးယားရှိ မြန်မာကျောင်းသား ၉၅ဝကို ကိုရီးယားFKTU က လစဉ်ဝမ်၃သိန်းစီ အရေးပေါ်ပညာသင်ကြေးထောက်ပံ့ပေးမည်

 674

ဖူးပြည့် (NP News) - ဇွန် ၁၈
တောင်ကိုရီးယား Federation of Korean Trade Unions (FKTU) နှင့် Korean Inclusive Finance Agency တို့က မြန်မာကျောင်းသားများအသင်း(ကိုရီးယား) (MSO)နှင့်တွေ့ဆုံပြီး လက်ရှိတောင်ကိုရီးယားနိုင်ငံတွင် ပညာသင်ကြားနေကြသည့် မြန်မာကျောင်းသားအယောက် ၉၅ဝခန့်ကို လစဉ် ဝမ် ၃ သိန်းစီ အရေးပေါ်ပညာသင်ကြေးထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဇွန်လ ၁၇ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ကြေးကာလကို ၈လ သတ်မှတ်ထားသော်လည်း အခြေအနေပေါ်မူတည်၍ ထောက်ပံ့မှုကြာမြင့်ချိန် တိုးခြင်း၊ လျှော့ခြင်းများရှိလာနိုင်ကြောင်း သိရသည်။ FKTU က ထောက်ပံ့ကြေးငွေပေးအပ်မည်ဖြစ်ပြီး ကိုရီးယားငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း (Korean Inclusive Finance Agency) က MSOမှ ကောက်ယူထားသော အချက်အလက်များကို လွှဲပြောင်းလက်ခံကာ ထောက်ပံ့ကြေးငွေ လျှောက်ထားပေးခြင်း၊ လက်ခံပေးခြင်းကို လုပ် ဆောင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် ဘဏ်များတွင်နိုင်ငံခြားငွေလွှဲများပါရပ်ဆိုင်းနေသည့်အတွက် ကျောင်းသားများအနေဖြင့် ကျောင်းလခနှင့် နေ၊ စားစရိတ်အခက်အခဲများဖြစ်ပေါ်နေရသည့်အပြင် အာဏာသိမ်းမှုပိုမိုကြန့်ကြာလာသည့်အတွက် ကျောင်းသားများအနေဖြင့် ကျောင်းလုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ဆောင်နိုင်ရန် လူသားချင်းစာနာထောက်ထားသည့်ကူညီမှုတစ်ရပ်အမြန်ဆုံးပေါ်ပေါက်လာရန် လိုအပ်ခြင်းကြောင့် ယခုကဲ့သို့ ထောက်ပံ့ကူညီခြင်းဖြစ်ကြောင်း သိရသည်။

MSOအသင်းဥက္ကဌက “ဒီထောက်ပံ့ကြေးဟာ မမျှော်လင့်ထားဘဲ အခက်အခဲကြုံလာရတဲ့ မြန်မာကျောင်းသားတွေအတွက်တော့ အတန်းပညာတွေကို ဆုံးခန်းတိုင်အောင်သင်ယူဖို့ ထိရောက်ပြီးအကျိုးရှိတဲ့ ကူညီမှုဖြစ်ပါတယ်”ဟု ပြောသည်။

ထောက်ပံ့ကြေးအတွက် ဇွန်လ ၁၈ ရက်မှစတင်ကာ 'Federation of Korean Trade Unions' Home page မှတစ်ဆင့် လျှောက်ရမည်ဖြစ်ပြီး စာရင်းသွင်းပြီးသုံးရက်အကြာတွင် ထောက်ပံ့ကြေးရရှိမည်ဖြစ်ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.