ဂျပန်တွင် လူအများထိခိုက်ဒဏ်ရာရရှိစေမှုကြောင့် ဝက်ဝံတစ်ကောင်ကို သေနတ်ဖြင့်ပစ်သတ်

708

ရောင်နီ(NP News) - ဇွန် ၁၈
သြဂုတ်လတွင် အိုလံပစ်ပြိုင်ပွဲကျင်းပမှုများပြုလုပ်မည့် ဂျပန်နိုင်ငံ၊ မြောက်ဘက်မြို့ Sapporo တွင် ဝက်ဝံတစ်ကောင်ရောက်ရှိလာခဲ့ပြီး အများပြည်သူနေရာများ ဖျက်ဆီးခြင်း၊ စစ်သားတစ်ဦးအပါအဝင် လူ ၄ ဦးကို ဒဏ်ရာရစေခြင်း နှင့် လူရှုပ်သည့် လမ်းမများပေါ်တွင် သစ်သားအကြွင်းအကျန်များချထားကာ လမ်းပိတ်စေခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းကို အမဲလိုက်မုဆိုးများက ဇွန်လ ၁၈ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ဖမ်းဆီးခဲ့ကြောင်း Straitstimes သတင်းဖော်ပြချက်အရသိရသည်။
Sapporo မြို့၏ တွစ်တာအကောင့်တွင် "ဝက်ဝံအား သုတ်သင်ပယ်ရှင်းလိုက်ပြီ”ဆိုသည့် ခေါင်းစဉ်နှင့် မုဆိုးများက ဝက်ဝံကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ပြောကြားထားသည်။
အစောပိုင်းက သတင်းဗီဒီယိုများတွင် ဝက်ဝံသည် လူနေအိမ် အဝန်းအဝိုင်းတစ်လျှောက် လမ်းလျှောက်နေခြင်း၊ လူရှုပ်သည့် လမ်းမများကို ဖြတ်ကျော်နေခြင်း၊ စစ်စခန်း တံခါးကို လက်သည်းများဖြင့် ကုတ်ခြစ်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။ ယင်းဝက်ဝံ၏ တိုက်ခိုက်မှုအန္တရာယ်ကြောင့် ဒေသတွင်းလေဆိပ်ငယ်ကို ယာယီပိတ်ထားရခြင်း၊ ဒေသဆိုင်ရာ ကျောင်းများပိတ်ထားရခြင်းတို့ ပြုလုပ်ခဲ့ရကာ ဒေသရှိ ပြည်သူများအနေဖြင့် သတိရှိစွာနေ ထိုင်ကြရန် သတိပေးပြောကြားခဲ့ရသည်။
ထို့ကြောင့် Sapporo မှအရာရှိများ၊ Hokkaido ရဲများ၊ ဒေသခံအမဲလိုက်အဖွဲ့များနှင့် အခြားသက်ဆိုင်ရာအေဂျင်စီများသည် ယင်းမြို့ကို ရောက်ရှိလာခဲ့ကြပြီး အညိုရောင် ဝက်ဝံကို ဖမ်းဆီးရန် ( သို့မဟုတ် ) လိုအပ်ပါက အသေသတ်ရန် ကြိုးပမ်းခဲ့ကြကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Katsunobu Kato က ပြောသည်။
အာရှ၏ဝံနက်များသည် အညိုဝံများနေထိုင်ကျက်စားရာ ဟော့ကိုင်းဒိုးကျွန်းနှင့် ဂျပန်နိုင်ငံ၏ အဓိကကျသည့် ကျွန်းများတွင် နေထိုင်ကျင်လည်ကြသည်။ အဆိုပါဝက်ဝံများသည် အစာရှာဖွေရန်အတွက် လူမှုအသိုင်းအဝိုင်းများဆီကိုများစွာ ပြန့်နှံ့နေနိုင်ကြောင်း ဂျပန်နိုင်ငံ ဝက်ဝံနှင့် သစ်တောရေးရာဌာနမှ သတိပေးပြောကြားထားသည်။
#NPNews