မေတ္တာဖြင့် တည်ဆောက်နေသော နိုင်ငံတော်

 848

မျိုးမင်း(မကျည်းလဟာ)

နိုင်ငံတစ်ခုတည်ဆောက်ရေးဟာ လွတ်လပ်ရေးရဖို့တိုက်ယူရတာထက် ပိုပြီး ခက်ခဲလှပါတယ်။ အထူးသဖြင့် မူလရှိရင်းစွဲတွေ ပျက်ယွင်းသွားပြီဖြစ်တဲ့ နိုင်ငံမျိုးဆိုရင် ပိုပြီး ခက်ခဲတာပါ။ ဒီထက်ပိုပြီး ဆိုးဝါးတာကတော့ နှစ်ယောက်တည်းရှိရင်တောင် သုံးဖွဲ့လောက်ခွဲချင်တဲ့ မြန်မာနိုင်ငံသားတွေလက်ထက်မှာတော့ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်လုပ်ရသူတွေအတွက် မပြန်လမ်းကိုသွားရသလိုပါပဲ။

အိန္ဒိယရဲ့ဆယ်စုနှစ်အလိုက် ပြောင်းလဲတိုးတက်လာမှု မိုင်တိုင်များ
အိန္ဒိယနိုင်ငံဟာ ၁၆ ရာစုနောက်ပိုင်းကနေစတင်ပြီး ဥရောပတိုက်သားတွေလက်အောက်မှာ တစ်စတစ်စ ကျရောက်ခဲ့ပြီးတော့ ၂၀ ရာစုအစောပိုင်း (၁၉၂၀-၁၉၃၀)လောက်မှသာ ဂန္ဒီလိုမျိုး အမျိုးသားရေးခေါင်းဆောင် နိုင်ငံဖခင်ကြီးတစ်ဦး ပေါ်ထွက်ခဲ့တာပါ။ ဒါတောင် ချက်ခြင်း လွတ်လပ်ရေးရတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံနဲ့မရှေးမနှောင် ၁၉၄၇ ခုနှစ်မှသာလျှင် လွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ရေးရယူတာနဲ့တစ်ပြိုင်တည်းလိုလိုမှာပဲ ပါကစ္စတန်အရှေ့၊ အနောက်ဆိုပြီး ဆက်တိုက်ခွဲထွက်မှုတွေနဲ့အတူ ဘာသာရေး၊ လူမျိုးရေးပြဿနာတွေ၊ နိုင်ငံဆင်းရဲတွင်းကျဆင်းနေလို့ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာတွေအပြင် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ ထကြွသောင်းကျန်းမှုတွေ စတဲ့ ပြဿနာပေါင်းစုံကို ဖြေရှင်းခဲ့ရပါသေးတယ်။ အိန္ဒိယကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်လာစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ၁၉၅၀ ခုနှစ်မှာ စတင်ရေးဆွဲခဲ့ပါတယ်။ ဒီဥပဒေကတော့ ပြင်ဆင်ရင်းနဲ့ပဲ လက်ရှိကာလအထိ သက်တမ်းရှည်နေဆဲပါ။ လွန်ခဲ့တဲ့ ၂၈ နှစ်(၁၉၉၀ ခုနှစ်)အထိ အိန္ဒိယဟာ နိုင်ငံတွင်းမှာ မတည်ငြိမ်မှုပြသနာပေါင်းမြောက်များစွာနဲ့အတူ မြို့ကြီးအချို့မှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ အများအပြားရှိခဲ့ပါတယ်။ ယနေ့ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံစာများစာရင်းဝင် အိန္ဒိယနိုင်ငံ ဖြစ်ပေါ်လာဖို့အတွက် အကြီးစားပြုပြင်ပြောင်းလဲမှုတွေအဖြစ်၊ တစ်နည်းအားဖြင့် နိုင်ငံတော်အဆင့်ခေါင်းခံတာဝန်ယူမှုအဖြစ် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေအများအပြား ချမှတ်ဖော်ဆောင်ခဲ့ရပါတယ်။ ပထမတစ်ခုကတော့ ၁၉၇၄ ခုနှစ်မှာ ဖော်ဆောင်ခဲ့တဲ့ မြေအောက်နျူကလီးယားစမ်းသပ်မှု ၊ ဒုတိယတစ်ခုကတော့ ၁၉၉၅ ခုနှစ်မှာ CIA ကြောင့်ကျရှုံးခဲ့ရတဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ၁၉၉၈ မှာ ထပ်မံစမ်းသပ်အောင်မြင်ခဲ့တဲ့ကိစ္စတွေပါပဲ။ ၁၉၉၈ မှာ စမ်းသပ်အောင်မြင်ခဲ့တဲ့ နျူကလီးယားကိစ္စမှတော့ စောင့်ကြည့်ခံလူတစ်ဦးချင်းစီရဲ့လက်ပေါ်က နာရီလက်တံလှုပ်ရှားမှုကိုတောင် ဖမ်းယူနိုင်တဲ့ ၊ သတင်းအချက်အလက်အတိအကျပေးနိုင်တဲ့ CIA နဲ့အမေရိကန်ဂြိုလ်တုစနစ်တို့ကိုပါ မျက်လှည့်ပြနိုင်ခဲ့တာပါ။ ပိုခရမ်အမည်ရှိတဲ့ အဲဒီလျို့ဝှက်စမ်းသပ်မှုဟာ ကမ္ဘာ့သမိုင်းမှာတော့ အထင်ရှားဆုံးနောက်ကောက်ချနိုင်မှုအဖြစ် အောင်မြင်ခဲ့သလို ပိုခရမ်ကြောင့်ပဲ အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အိန္ဒိယကို နျူလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံအဖြစ် တူတူတန်တန်အသိအမှတ်ပြုပေးလိုက်ရပါတယ်။ တတိယတစ်ချက်ကတော့ ၁၉၉၁ ခုနှစ်မှာ စီးပွားရေးမူဝါဒ အကြီးစားပြုပြင်ပြောင်းလဲမှုနဲ့အတူ နည်းပညာပိုင်းကို လမ်းဖွင့်ပေးလိုက်တာပါပဲ။ လက်ရှိမှာတော့ အိန္ဒိယဟာ ကမ္ဘာမှာ သြဇာကြီးမားတဲ့နိုင်ငံ ၁၀ နိုင်ငံ စာရင်းဝင်ဖြစ်နေပါပြီ။ ဒါပေမဲ့ အိန္ဒိယပြည်သူတွေက မြန်မာတွေနဲ့သိပ်ပြီး မခြားနားလှပါဘူး။ စည်းကမ်းမဲ့ခြင်းအပိုင်းတွေ၊ လစ်ရင်လစ်သလို မဟုတ်မဟတ်လုပ်တတ်တဲ့အကျင့်တွေ၊ မုဒိမ်းမှု၊ ခိုးဆိုးလုယက်မှု၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှု၊ အကျင့်ပျက်ခြစားမှုတွေ၊ နယ်စပ်တစ်လျှောက် လက်နက်ကိုင်အဖွဲ့ခွဲငယ်တွေ ကြီးစိုးနေဆဲပြဿနာတွေကြားကနေပဲ ခေါင်းဆောင်မှုပိုင်းက ထိရောက်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ရှေ့ဆက်ခဲ့ရတာပါ။ အိန္ဒိယဟာ လျှပ်စစ်မီးရရှိရေးကိုလည်း ဇွတ်လုပ်ခဲ့ရသလို ဒေသတစ်ခုကနေ တစ်ခုကို မြန်မြန်ဆန်ဆန်သွားလာနိုင်ဖို့အတွက် လမ်းတွေကို ရသလောက်ဘတ်ဂျက်ထဲကနေ(အကျင့်ပျက်ခြစားမှု ၊ လာဘ်ပေးလာဘ်ယူမှုများရှိနေသည့်တိုင်) ရအောင် ဖောက်လုပ်ပြီး နိုင်ငံတစ်ဝန်းကို မြန်မြန်ဆန်ဆန် ချိတ်ဆက်ပေးနိုင်ခဲ့တာပါ။ သူတို့အဓိက ယုံကြည်ခံယူဖော်ဆောင်လိုက်တဲ့အချက်ဟာ စီးပွားရေးတောင့်တင်းဖို့အတွက် အခြေခံလိုအပ်ချက်(လမ်း၊လျှပ်စစ်မီး၊ လုပ်ထုံးလုပ်နည်းမူဝါဒ)တွေကို မြန်မြန်ဆန်ဆန်ပြောင်းလဲပစ်ပါတယ်။ ရွေးကောက်ပွဲတွေကနေ တက်လာတဲ့ အစိုးရတိုင်းက ပြည်သူကို ပေးထားတဲ့ကတိတွေထဲက လုပ်နိုင်သမျှကို ဖဲ့ပြီးလုပ်သွားပေးပါတယ်။ တပ်မတော်အင်အားတောင့်တင်းစေဖို့ကိုလည်း သိပ္ပံနည်းပညာနဲ့စစ်ဘက်ကို ရအောင်ပေါင်းစပ်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် စစ်တပ်ဟာ ခေါင်းဆောင်မှုကောင်းမွန်တဲ့ အစိုးရရဲ့အလိုဆန္ဒတွေကို တိတိကျကျ လိုက်နာအကောင်အထည်ဖော်ပေးခဲ့ပါတယ်။ အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း စနစ်တကျလုပ်ဆောင်သွားတဲ့ အစိုးရအပေါ် စစ်တပ်ကိုယ်တိုင် ယုံကြည်သက်ဝင်ခဲ့သလို နှစ်ဖက် ရင်ဘတ်ချင်းနီးခဲ့ကြတာများခဲ့ပါတယ်။ ဒါကြောင့်လည်း စစ်တပ်ဟာ အင်အားတောင့်တင်းလာပြီး စီးပွားရေးတိုးတက်ပြောင်းလဲမှုနဲ့အတူ ၁၉၉၈ နောက်ပိုင်းမှာ ကမ္ဘာမှာ ထိပ်တန်း(၁၀)နိုင်ငံစာရင်း ဝင်နေတာဖြစ်ပါတယ်။ ဒီအတွက် တစ်ပါးသူလက်အောက်ခံနိုင်ငံဖြစ်ခဲ့ဖူးတဲ့ အိန္ဒိယရဲ့ကမ္ဘာ့ထိပ်ဆုံး(၁၀) နိုင်ငံ စာရင်းဝင်ရေးခရီးဟာ နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့ပါတယ်။ အိန္ဒိယလွတ်လပ်ရေးအတွက် ဦးဆောင်ပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဂန္ဒီကတော့ တိုင်းပြည်တည်ဆောက်ရေးသမား မဟုတ်ခဲ့ပါဘူး။ လုပ်ကြံခံလိုက်ရသူဖြစ်တဲ့ ငြိမ်းချမ်းရေးသမားကြီး ဂန္ဒီ ပေးနိုင်ခဲ့တာက မည်သူ့ကိုမဆို မေတ္တာထားရေးပါပဲ။

တရုတ်နိုင်ငံရဲ့ကမ္ဘာ့ထိပ်တန်း(၃)နိုင်ငံ ခရီး
တရုတ်နိုင်ငံဟာ ၁၉၁၁ ခုနှစ်မှာ ဘုရင်စနစ်ချုပ်ငြိမ်းခဲ့ပါတယ်။ ပြည်သူအပေါ် တည်မှီထားခြင်းမရှိတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ချုပ်ငြိမ်းစေဖို့အတွက်ရော ဥရောပသားတွေ ကြီးစိုးလာနေတဲ့ အလုံးစုံပျက်ယွင်းစ တရုတ်နိုင်ငံကြီး ပြန်လည်ထူထောင်ရေးအတွက်ပါ ပေါ်ပေါက်လာတဲ့ခေါင်းဆောင်ကတော့ ဒေါက်တာဆွန်ယက်ဆင်ပါပဲ။ ဆွန်ဝင်းလို့ခေါ်တဲ့ ဒေါက်တာဆွန်ယက်ဆင်ဟာ ဒီမိုကရေစီကိုအခြေခံတဲ့ တရုတ်ပြည်သူသမ္မတနိုင်ငံကြီး တည်ထောင်ဖို့စိတ်အားထက်သန်ခဲ့သူဖြစ်ပေမယ့် တကယ့်တရုတ်နိုင်ငံတိုးတက်ရေးအတွက် မောင်းနှင်သွားသူတော့ မဟုတ်ခဲ့ပါဘူး။ ၁၉၁၁ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အထိ နှစ်ပေါင်း ၃၆ နှစ်အတွင်းမှာ တရုတ်ပြည်ဟာ သူတစ်လူငါတစ်မင်းနဲ့နှစ်ခြမ်းကွဲ ပြည်ထောင်စုကြီးလည်း ဖြစ်ခဲ့ပါတယ်။ ဒေါက်တာ ဆွန်ယက်ဆင်အပေါ် ယုံကြည်အားကိုးခဲ့ကြတဲ့တပ်သားတွေထဲကနေပဲ ခေါင်းဆောင်တွေထပ်ထွက်လာခဲ့ပြီး ကွန်မြူနစ်နဲ့ကူမင်တန်ဆိုပြီး အုပ်စုနှစ်စု ကွဲခဲ့သလို ဒေါက်တာဆွန်ယက်ဆင်ရဲ့တပ်သားတစ်ဦးဖြစ်တဲ့ မော်စီတုန်းက ဒေါက်တာဆွန်ရဲ့တပ်သားတစ်ဦးဖြစ်သူ ချန်ကေရှိတ်ကို အနိုင်ယူပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကွန်မြူနစ်ပါတီခေါင်းစဉ်အောက်ကနေ ၁၉၄၉ ခုနှစ်မှာ တည်ထောင်လိုက်ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံရဲ့ကမ္ဘာ့နံပါတ်(၂) ဖြစ်လာစေမှုဟာ ထင်သလောက်မရိုးရှင်းခဲ့ပါဘူး။ တရုတ်နိုင်ငံဟာ ၂၀ ရာစုမကုန်ခင်အထိ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်အဖြစ်သာ တည်ရှိခဲ့တာဖြစ်သလို ထမင်းရည်တောင် လောက်ငှအောင်မသောက်ခဲ့ရဖူးတဲ့ အငတ်ဘေးဆိုက်ခဲ့ဖူးတဲ့ တိုင်းပြည်တစ်ခုဖြစ်ခဲ့ပါတယ်။ တရုတ်ဟာ အိန္ဒိယထက်စောစွာပဲ နျူလက်နက်ပိုင်ဆိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သလို ပထမဆုံး နျုလက်နက်စမ်းသပ်မှုကို ၁၉၆၄ မှာကတည်းက လုပ်ဆောင်ခဲ့တာပါ။ ၁၉၉၆ မှာ နောက်ဆုံးစမ်းသပ်ခဲ့တာဖြစ်ပြီး စမ်းသပ်မှုပေါင်း ၄၅ ကြိမ်အထိ လုပ်ထားနိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။ အိန္ဒိယကတော့ ၁၉၉၈ မှသာလျှင် စမ်းသပ်အောင်မြင်နိုင်ခဲ့တာပါ။ စီးပွားရေးပြုပြင်ပြောင်းလဲမှုကိုတော့ ၁၉၇၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အစောပိုင်းမှာ မူဝါဒအချို့အမှားအယွင်းရှိခဲ့လို့လက်ရှိ ၂၁ ရာစုမှာ အပြာရောင်ကောင်းကင်ကို ပိုင်ဆိုင်ခွင့်ရဖို့အသည်းအသန်ကြိုးစားနေရပါတယ်။ အထူးသဖြင့် ပြည်ပစက်ရုံမှန်သမျှကို သဘာဝပတ်ဝန်းကျင်ဆိုတဲ့ခေါင်းစဉ်ကို မကြည့်ဘဲ လက်ခံခဲ့သလို တရုတ်တွေ ထမင်းမငတ်ရေးကိုသာ ဦးတည်ခဲ့တာပါ။ တရုတ်ရဲ့အကြီးဆုံးအောင်မြင်မှုထဲက တစ်ခုတော့ လျှပ်စစ်မီးပြဿနာကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့အကြီးဆုံးဖြစ်လာတဲ့ Three Gorge Dam ကို တည်ဆောက်နိုင်ခဲ့တာပါပဲ။ အဓိကအားဖြင့် တရုတ်တို့ရဲ့ကမ္ဘာ့ထိပ်သီးအင်အားကြီးနိုင်ငံဖြစ်ရေးမှာ လျှပ်စစ်မီးကို ထိပ်ဆုံးကထားခဲ့သလို တစ်နေရာနဲ့တစ်နေရာ ဆက်သွယ်သွားလာဖို့အတွက် နိုင်ငံတစ်ဝန်းမှာ လမ်းတွေကို ရအောင်ဖောက်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာ နာမည်အကြီးဆုံး စကားနှစ်ခွန်းရှိပါတယ်။ တစ်ခုက တိန့်ရှောင်ဖိန်ပြောခဲ့တဲ့ ထမင်းမဆာတဲ့ပြည်သူမရှိဘူးဆိုတာနဲ့နောက်တစ်ခုက တိုင်းပြည်တိုးတက်ချင်ရင် လမ်းကိုကောင်းမွန်အောင်ဖောက်ပါ ဆိုတဲ့အချက်ပါပဲ။ ၁၉၇၈ ခုနှစ်ကနေ စတင်လိုက်တဲ့ စီးပွားရေးမူဝါဒအပြောင်းအလဲအပြီးမှာ တရုတ်နိုင်ငံဟာ ဆယ်စုနှစ်နှစ်ခုကျော်(၂၁ နှစ်)အတွင်း နိုင်ငံသားတစ်ဦးချင်းဝင်ငွေ ဆယ်ဆကျော်တိုးတက်ခဲ့ပါတယ်။ သိသာတဲ့ ကိန်းဂဏန်းကတော့ ၁၉၇၈ ခုနှစ်မှာ ပြည်သူတစ်ဦးချင်းရဲ့ဝင်ငွေဟာ ၁၃၄ ယွမ်သာရှိခဲ့ပေမယ့် ၁၉၉၉ ခုနှစ်မှာတော့ ၂၂၁၀ ယွမ်အထိ ရရှိခဲ့ကြပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကတော့ တရုတ်ဟာ ကမ္ဘာတစ်လွှားကိုငွေနဲ့ပေါက်ပြီး စည်းရုံးနိုင်ဖို့အကြီးမားဆုံး တိုးတက်ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာပါပဲ။ ဒီအတွက် တရုတ်ပြည်တွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ပြဿနာတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာတော့ လာဘ်ပေးလာဘ်ယူပြဿနာကတော့ အကြီးဆုံးပါပဲ။ တရုတ်တို့ကြီးပွားရေးလမ်းကြောင်းမှာ မဖြစ်မနေပါဝင်ခဲ့တဲ့ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ရင် တရုတ်ခေါင်းဆောင်တစ်ဦးကတော့ ကြောင် ဖြူတာမည်းတာက အရေးမကြီးပါဘူး။ ကြွက်ခုတ်တတ်ဖို့က အရေးကြီးပါတယ်ဆိုပြီး လာဘ်ပေးလာဘ်ယူကို ဂရုမစိုက်ဘဲ စီးပွားရေးကို မြန်မြန်မောင်းတင်ဖို့ဆယ်စုနှစ် နှစ်ခုစာ စီမံကိန်းတွေကို ဖော်ဆောင်ခဲ့ပါတယ်။ တရုတ်တို့စီးပွားရေးအင်အားကြီးသွားချိန်မှာတော့ သမ္မတရှီကျင်းပင် တက်လာစမှာပဲ လာဘ်ပေးလာဘ်ယူမှုတွေကို သေဒဏ်အထိပေးပြီးတော့ ပြန်လည်ထိန်းကျောင်းလိုက်ပါတယ်။ နောက်တစ်ဆင့်ကတော့ နောက်ထပ်နှစ် ၃၀ အတွင်း တရုတ်ဟာ ကမ္ဘာ့နံပါတ်တစ် ဖြစ်ရေးဆိုတာပါပဲ။ ဒီအတွက်လည်း Silk Road မှတစ်ဆင့် OBOR ၊ OBOR ကနေ Belt and Road Initiative (BRI) ဆိုပြီး လမ်းကြောင်းပြောင်းထားတဲ့ ကမ္ဘာပတ်လမ်းစီမံကိန်းနဲ့တစ်ဆင့်ချင်း မောင်းနှင်နေပါပြီ။ ဒီလိုမျိုး တရုတ်ရဲ့တိုးတက်ပြောင်းလဲမှု တည်ဆောက်ရေးဖြစ်စဉ်မှာ ဒေါက်တာ ဆွန်ယက်ဆင်လည်း မပါဝင်ခဲ့သလို ဥက္ကဋ္ဌမော်လည်း သေသေချာချာ မပါလိုက်ရပါဘူး။ ဒါပေမဲ့ သူတို့ပေးခဲ့တာကတော့ ပြတ်သားတဲ့ခေါင်းဆောင်မှုနဲ့မေတ္တာတရားပါပဲ။

မြန်မာနိုင်ငံရဲ့နှစ် ၇၀ ကြာ အနေအထား
မြန်မာနိုင်ငံရဲ့အနေအထားကို ပြောမယ်ဆိုရင် Back Memory ကို ပြန်သွားဖို့လိုပါတယ်။ အထူးသဖြင့် ၁၈၈၅ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အထိကို တစ်ပိုင်း၊ ၁၉၄၈ ကနေ ၂၀၁၀ ကိုတစ်ပိုင်းဆိုပြီးတော့ အပိုင်းလိုက်ခွဲခြမ်းပြီး ရိုးရိုးရှင်းရှင်း ကြည့်မြင်ကြဖို့လိုပါမယ်။ အိန္ဒိယဟာလည်း ၁၉ ရာစုလောက်ကတည်းက သိမ်းသွင်းခံနိုင်ငံတစ်ခု ဖြစ်ခဲ့သလို ၊ တရုတ်ဟာလည်း ၁၉ ရာစုလောက်ကတည်းက အလဲလဲအပြိုပြို ဖြစ်နေခဲ့ပြီးသားပါ။ ဒီနှစ်နိုင်ငံလုံးရဲ့သမိုင်းအချက်အလက်တွေဟာ မြန်မာနိုင်ငံနဲ့သိပ်မကွာလှသလို အနီးကပ်ဆုံးအိမ်နီးချင်း ၊ အာရှရဲ့မွေးချင်းညီအစ်ကိုအရင်းတွေလည်း ဟုတ်နေပါတယ်။ အကျပ်အတည်းကာလတွေကို သုံးနိုင်ငံလုံးက ဖြတ်သန်းခဲ့ရတာချည်းပါပဲ။ လွတ်လပ်ရေးရတဲ့ကာလ သို့မဟုတ် တိုင်းပြည်ပြန်လည်မွေးဖွားတဲ့ကာလတွေဟာလည်း ၁၉၄၇ (အိန္ဒိယ) ၊ ၁၉၄၈(မြန်မာ) ၊ ၁၉၄၉(တရုတ်)ဆိုပြီး တစ်နှစ်ကျော်စီသာ ကွာခဲ့ကြပါတယ်။ အိန္ဒိယရဲ့၄၇ ကနေ ၂၀၁၈ အထိ နှစ် ၇၀ ကျော်ခရီး ၊ တရုတ်ရဲ့၄၉ ကနေ ၂၀၁၈ အထိ နှစ် ၇၀ နီးပါးခရီးနဲ့မြန်မာရဲ့၄၈ ကနေ ၂၀၁၈ အထိ နှစ် ၇၀ ကျော် ခရီးတွေရဲ့ကမ္ဘာ့အဆင့်အတိုင်းအတာအထိ ရောက်ရှိမှုနှုန်းတွေကတော့ သိသိသာသာကိုပဲ ကွာဟသွားခဲ့ကြပါပြီ။ ဘာကြောင့်လို့ထင်ပါသလဲ။ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက စတင်ပေါက်ဖွားလာခဲ့တဲ့ တိုင်းရင်းသားအချင်းချင်း မတည့်ဖြစ်ကြတဲ့ပြဿနာ၊ လက်နက်ကိုင်အဖွဲ့မျိုးစုံ ပေါ်ပေါက်ခဲ့တဲ့အခြေအနေ၊ နိုင်ငံရေးခေါင်းဆောင်အချင်းချင်း ခွက်စောင်းခုတ်ရင်းနဲ့လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ခဲ့တာ၊ နိုင်ငံ့အနာဂတ်ထက် ကိုယ်ရေးကိုယ်တာအနာဂတ်တွေ စုပုံခဲ့တဲ့ လုပ်ရပ်၊ အာဏာရှင်တွေ ပေါ်ပေါက်လာမှု၊ သူလျိုမွေး နိုင်ငံရေးအုံကြွမှုနဲ့စစ်တပ်ကြီးစိုးမင်းမူတဲ့ အတိတ်ဆိုး စတဲ့ မကောင်းတဲ့သမိုင်းကြောင်းမျိုးစုံကြောင့် အိန္ဒိယခရီးလိုမျိုး၊ တရုတ်ခရီးလိုမျိုး ထင်သလောက် မပေါက်မြောက်ခဲ့တာပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်အထိ မြန်မာနိုင်ငံမှာ တိကျခိုင်မာအားကောင်းတဲ့ မူဝါဒနဲ့လုပ်ငန်းဖော်ဆောင်မှုတွေ မရှိခဲ့သလို အဲဒီခေတ်ကာလတွေကို ဦးဆောင်ခွင့်ရခဲ့တဲ့ ခေါင်းဆောင်တိုင်းလိုလိုဟာ လူ့သက်တမ်းတစ်ခုလုံးစာနီးပါး စည်းမရှိကမ်းမရှိ၊ အမျှော်အမြင်မရှိ အနာဂတ်မရှိ ၊ တိုင်းပြည်အကြောင်း အနာဂတ်မျိုးဆက်အကြောင်း တစ်စက်လေးမှ မတွေးခဲ့ကြဘဲ အချိန်တွေဖြုန်းခဲ့ကြပါတယ်။ သမိုင်းမှာ ရွံစရာကောင်းတဲ့ လူတန်းစားတွေအဖြစ် သူတို့ကိုယ်သူတို့မှတ်တမ်းရေးထိုးခဲ့ကြတာဆိုရင်လည်း မမှားပါဘူး။ ကံကောင်းတယ်လို့ဆိုနိုင်တာကတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ ၂၀၁၀ ရွေးကောက်ပွဲကနေ ဒီမိုကရေစီခေါင်းစဉ်အောက် ရောက်စေမယ့် အစိုးရတစ်ရပ်ကို ရွေးချယ်နိုင်ခဲ့ပါတယ်။ အဲဒီ ရွေးချယ်မှုရဲ့နောက်ဆက်တွဲအဖြစ် ၂၀၁၅ ရွေးကောက်ပွဲနဲ့အတူ ပြည်သူအများစု ထောက်ခံတဲ့ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ အစိုးရတစ်ရပ်ဖွဲ့ခွင့်ရခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အုပ်စုကို အခွင့်အရေးပေးထားတဲ့ မမျှတတဲ့ဥပဒေလို့ပြောနေကြသည့်တိုင် နိုင်ငံတစ်နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိရင် အစိုးရဆိုတာလည်း မရှိနိုင်တာဖြစ်တဲ့အတွက် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ ဥပဒေတစ်ခုအောက်ကနေ အစိုးရဖွဲ့ဖို့အတွက် လက်ခံပေးရမယ်ဆိုတာက ဘယ်နိုင်ငံမှာမဆို ဖြစ်ထွန်းပြီးသား အသိတရားပါ။ ဥပဒေတစ်ခုလုံးကို ပြင်မယ်ဆိုရင်တော့ အစိုးရပါ ဆင်းပေးရမယ်ဆိုတာလည်း ကပ်လျှက်တွဲပါနေပါတယ်။ အိန္ဒိယဟာ ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးရပေမယ့် ၁၉၅၀ မှသာ ဖွဲ့စည်းအခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့တာပါ။ ဒီဥပဒေကိုလည်း လက်ရှိကာလအထိ လိုအပ်တဲ့အပိုင်းမှန်သမျှကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့လွှတ်တော်မှာပဲ ပြင်ဆင်ရင်းနဲ့နိုင်ငံတိုးတက်ရေးကို ခရီးဆက်နေပါတယ်။ ကမ္ဘာ့ ဒီမိုကရေစီဘိုးအေ အမေရိကန်လည်း ယနေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလို ပြင်ဆင်နေရဆဲပါပဲ။ နှစ် ၁၀၀ ကျော်နေပြီဖြစ်တဲ့ သူတို့ရဲ့အခြေခံဥပဒေကို ဖျက်ပစ်ဖို့အထိ မမိုက်မဲခဲ့ကြပါဘူး။ ဥပဒေဟာ လူတွေက ရေးဆွဲတာဖြစ်တဲ့အတွက် လူတွေက ပြင်ဆင်ခွင့်ရှိပါတယ်။ ပြင်ဆင်ခွင့်အတွက်လည်း ဥပဒေပိုင်းအရ လမ်းကြောင်းတွေ ရှာဖွေရင်းနဲ့တိုင်းပြည်တိုးတက်ရေးကို ရှေးရှုတဲ့အမြင်နဲ့ပြင်ဆင်ဖို့ပဲ လိုတာပါ။ ငါ ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ပြင်ဆင်မယ်ဆိုရင် သို့မဟုတ် ငါတို့အဖွဲ့အတွက် ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ပြင်ဆင်မယ်ဆိုရင်တော့ သံမဏိစည်းမျဉ်းအဖြစ် စောင့်နေတဲ့ တပ်ဘက်ကလည်း တင်းခံလာမှာသေချာပါတယ်။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေကနေ တစ်ဆင့်ချင်းသွားတာကသာလျှင် တကယ့်ထက်မြက်တဲ့နိုင်ငံရေးသမားတွေရဲ့လုပ်နည်းလုပ်ဟန်ပါပဲ။ အတိတ်ကိုပဲ လက်ညှိုးထိုးနေတယ်လို့ဝေဖန်ရင်လည်း ခံရမှာပဲဆိုပေမယ့် သေချာပေါက် ပြောချင်တဲ့ အတိတ်ကတော့ စီးပွားရေးမူဝါဒ ခိုင်ခိုင်မာမာ မရှိခဲ့ဘူး။ စစ်အင်အားကို အကြီးကျယ်ဆုံးတိုးချဲ့နိုင်ခြင်းမရှိခဲ့ဘူး။ လျှပ်စစ်မီးပြဿနာနဲ့လမ်းပန်းဆက်သွယ်ရေးကို ထိထိရောက်ရောက်အကောင်အထည်မဖော်ခဲ့ဘူး။ ပညာရေးကို အုတ်မြစ်ချိုးခဲ့တယ်။ လူငယ်တွေကို မျက်စိကန်းစေခဲ့တယ်။ ဒါတွေဟာ အတိတ်မှာ ဖြစ်ခဲ့တာလို့ဆိုနိုင်သလို လက်တွေ့ခံစားနေရတဲ့ ရောဂါလက္ခဏာတွေဖြစ်လာစေမယ့် မူရင်းအစတွေပါပဲ။ မြန်မာနိုင်ငံဟာ အဘက်ဘက်ကနေ ယိုယွင်းသွားခဲ့ပါပြီ။

မေတ္တာဖြင့် တည်ဆောက်နေသော နိုင်ငံတော်
" ကျွန်တော်တို့ခေါင်းဆောင်ဆိုရင် အရင်တုန်းက သူပြောတယ်။ မေတ္တာနဲ့တည်ဆောက်တဲ့နိုင်ငံတော်လို့ပြောတယ်။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်ရဲ့အခြေအနေက အင်မတန်ရှုပ်ထွေးပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ပြည်တွင်းပဋိပက္ခတွေရှိတယ်။ အားလုံးကို ဥပဒေတစ်ခုတည်းနဲ့သာ လုပ်မယ်ဆိုရင်၊ ဒီကနေ့ရန်ကုန်မှာ ဥပဒေအရ အရေးယူလိုက်ရင် ကျွန်တော်ထင်တယ်။ တစ်ဝက်လောက်က ကုန်သွားမယ်။ လမ်းဘေးဈေးသည်တွေ၊ ကျုးတွေ အကုန်ကုန်သွားမှာ။ နောက်ဆုံး အစိုးရအဖွဲ့ထဲမှာလည်း ကုန်သွားမှာ။ အဲဒါဆို ဘယ်လိုဖြစ်မလဲ။ အဲဒီ ကုန်သွားတဲ့အဖမ်းခံရတဲ့သူတွေအကုန်လုံးက အတိုက်အခံ အင်အားစုတွေ ပြန်ဖြစ်မယ်။ ပြန်ပြီးတော့ တော်လှန်မယ်။ တိုင်းပြည်က တော်တော်လေးကို ကစဉ့်ကလျားဖြစ်သွားမယ်။ ဒါကြောင့်မို့လို တည်ဆောက်နေတဲ့အချိန်မှာ မေတ္တာနဲ့တည်ဆောက်ဖို့ဆိုတဲ့စကားဟာ အလကားမဟုတ်ပါဘူး " - ဦးလွင်ကိုလတ် ( သန်လျှင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် - NLD ပါတီ )
NLD ပါတီရဲ့ထက်မြက်တဲ့လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးလွင်ကိုလတ်ကတော့ ဒီဇင်ဘာ ၁၇ ရက်မှာကျင်းပတဲ့ စကားဝိုင်းတစ်ခုမှာ အခုလိုမျိုး ပြောခဲ့ပါတယ်။ စကားလုံးတွေကို အဓိပ္ပါယ်ဖွင့်ကြည့်ကြရင်တော့ ခေါင်းဆောင်ဆိုတာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတာဖြစ်ပြီး မေတ္တာဖြင့် နိုင်ငံတော်တည်ဆောက်ဖို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တဲ့မိန့်ခွန်းကို ဦးလွင်ကိုလတ်က ပြန်လည်အစဖော်လိုက်တာပါ။ ဦးလွင်ကိုလတ်ပြောသွားတဲ့အထဲမှာ အချက်အလက်အားလုံးဟာ တကယ်ပဲမှန်နေသလို တကယ်သာ ဥပဒေအတိုင်းဖမ်းဆီးရမယ်ဆိုရင် အစိုးရဟောင်းတွေလက်ထက်ကတည်းက ကျန်ခဲ့တဲ့ အုပ်ချုပ်ရေးယန္တရားကို ထိန်းကျောင်းမောင်းနှင်နေတဲ့ ဝန်ထမ်းတွေတော်တော်များများ ထောင်ထဲရောက်ကုန်မှာ သေချာတယ်ဆိုတဲ့သဘောပါ။ ဒါဟာ ဘာကိုရည်ညွှန်းပြန်သလဲဆိုတော့ အစိုးရယန္တရားထဲမှာရှိနေတဲ့ ဝန်ထမ်းတွေအများစုဟာ လာဘ်ပေးလာဘ်ယူမှု အဂတိတရားတွေနဲ့မကင်းကြဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။ မကင်းရခြင်းကလည်း ဝန်ထမ်းတွေ လက်ရှိခံစားရရှိနေတဲ့ လစာကြောင့်ဆိုတဲ့ ကြက်ဥနဲ့ကြက်မ ပုံပြင်လိုပါပဲ။ တိုင်းပြည်ကစဉ့်ကလျားဖြစ်သွားမယ်လို့ပြောလိုက်တာဟာလည်း တကယ်ကိုပဲ မှန်ကန်တဲ့သုံးသပ်မှုလို့ပဲ ဆိုရမှာပါ။ ဒါကြောင့်လည်း ဥပဒေအတိုင်း မြင်မြင်ရာ မဖမ်းတော့ဘဲ ကျွံထွက်လာတဲ့ကိစ္စတွေကိုသာ ဖမ်းဆီးပြပြီးတော့ ဖြည်းဖြည်းချင်းစည်းရုံးယူနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်လာပါတယ်။ အထူးသဖြင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ထမ်းတွေအပေါ်မှာ မေတ္တာနဲ့ယုံကြည်မှုပေးရင်း တိုင်းပြည်ကိုတည်ဆောက်နေတယ်လို့အဓိပ္ပါယ်ထွက်လာပါတယ်။ ဦးလွင်ကိုလတ်ရဲ့ဆက်ပြောလာတဲ့ စကားကတော့ " ဘာကြောင့်လဲဆိုတော့ လူတစ်ဦးချင်းစီရဲ့ပါဝင်မှုက အရေးကြီးတယ်။ အစိုးရဆိုတာ ဝန်ကြီးဌာနလောက်ပဲရှိတာ။ ဝန်ထမ်းတွေအားလုံးပြုပြင်ပြောင်းလဲဖို့ဆိုရင် မဟာဗျုဟာချထားတာရှိတယ်။ ၂၀၂၀ အထိ။ အစိုးရဝန်ထမ်းပြုပြင်ပြောင်းလဲရေး မဟာဗျုဟာဆိုတာ ရှိတယ်။ အဲဒီမှာလည်း ခေါင်းစဉ်တစ်လုံးရှိတယ်။ ဝန်ထမ်းတွေကို မင်းတို့ဝန်ဆောင်မှုပေး ၊ စည်းကမ်းလိုက်နာ၊ ရတဲ့ပိုက်ဆံနဲ့ဖြစ်အောင်လုပ်ဆိုပြီးပြောလို့မရဘူး။ ဝန်ထမ်းတွေမှာလည်း ရတဲ့လစာနဲ့လူ့ဂုဏ်သိက္ခာနဲ့ညီတဲ့အနေအထားမျိုးမရှိဘဲ မနေနိုင်ဘူး။ အခုအချိန်မှာ။ တစ်ဖက်က ဝန်ထမ်းတွေကို မဖြည့်ဆည်းပေးဘဲနဲ့တစ်ဖက်ကနေ ဝန်ထမ်းတွေကို ပြန်ကျပ်နေရင် ဝန်ထမ်းမကောင်းရင် တိုင်းပြည်မကောင်းနိုင်ဘူး။ အဲဒီအခါကျတော့ ခေါင်းစဉ်က ဘယ်လိုပေးရသလဲဆိုတော့ ကိုယ့်ရဲ့အတွင်းစိတ်ထဲကနေ စေ့ဆော်တဲ့အတိုင်း ပြောင်းလဲပါဆိုပြီးတော့ ကျွန်တော်တို့CSR( Corporate social responsibility ) ကို စခဲ့တယ်။ အခုလည်း မေတ္တာနဲ့သွားမယ့်နိုင်ငံတော်ဆိုတာက ကျွန်တော်တို့တစ်ဦးချင်းပေ့ါ။ ဒီနိုင်ငံက သိပ်ခက်တယ်နော်။ အစိုးရတစ်ဖွဲ့တည်း လူတစ်ယောက်တည်း လုပ်လို့မရပါဘူး။ ဒါကြောင့်မို့လို့လူတစ်ဦးချင်းစီကနေ မေတ္တာစိတ်နဲ့ဒီ Attitude နဲ့တွန်းပြီးသွားမှ ဒီနိုင်ငံရမယ်။ မဟုတ်ရင် မဖြစ်နိုင်ဘူး။ ဒါကြောင့် ခေါင်းဆောင်က ဒီမက်ဆေ့ပေးတယ်လို့ကျွန်တော် ထင်တယ် " ဆိုတာပါပဲ။ ဒီစကားတွေရဲ့နောက်ကွယ်မှာ ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့လမ်းကြောင်းအချို့ကို မြင်လိုက်ရပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်တို့ကြုံတွေ့နေရတဲ့ ယန္တရားပျက်ကြီးကိုလည်း သတိပြုမိလာပါတယ်။

၂၀၁၉ - ၂၀၂၀ နဲ့အနာဂတ်မှာ အစိုးရက ဘာတွေလုပ်ပေးခဲ့နိုင်မှာလဲ
ဦးလွင်ကိုလတ်ကတော့ သတင်းစကားလေးတွေ ပါးလိုက်ပါတယ်။ အဓိကအားဖြင့် ပြည်သူတွေရဲ့ဖန်တီးမှုအပေါ် ရပိုင်ခွင့်ကို ဖျက်ဆီးပစ်နေတဲ့ ခိုးယူမှု၊ ပုံတူပွားမှုပြဿနာတွေကို ထိန်းချုပ်နိုင်မယ့် တီထွင်မှုနဲ့မူပိုင်ခွင့်ဥပဒေကို ၂၀၁၉ မှာ အပြီးသတ် ပြဌာန်းမယ်။ တရားဥပဒေစိုးမိုးရေးနဲ့တရားစီရင်ရေးယိုင်နဲ့မှုတွေကို ဟန်ချက်ညီညီ အကောင်အထည်ဖော်မယ်။ အကျဉ်းထောင်တွေထဲမှာ ရောက်နေတဲ့ မူးယစ်ရဲ့သားကောင်ဖြစ်ခဲ့ရသူ ထက်မြက်တဲ့လူငယ်တွေကို လူ့စွမ်းအားရင်းမြစ်ပြုန်းတီးမှုမဖြစ်စေဖို့အတွက် အပြင်ပြန်ထုတ်မယ်။ အကျဉ်းထောင်ဥပဒေကို ပြင်မယ်။ ၅၂ ရာခိုင်နှုန်းသော ထောင်သားတွေဟာ မူးယစ်သားကောင်တွေဖြစ်နေတာကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ အတွင်းကိုလှိုက်စားနေတဲ့ပြသနာတွေကို ရှင်းထုတ်ဖို့ဆိုတာပါပဲ။ လက်ရှိအစိုးရအနေနဲ့လည်း လွန်ခဲ့တဲ့ နှစ် ၆၀ လောက်က ဘာတွေလုပ်ခဲ့တာလဲဆိုတာကို အာဏာရယူနိုင်တဲ့နေ့မှ စပြီး ထိတွေ့သိခွင့်ရခဲ့တာဖြစ်သလို ဒါတွေကို ရှင်းထုတ်ဖို့အတွက် နှစ်နှစ်ကျော်အတွင်း ဆက်တိုက်ရုန်းကန်နေရတယ်လို့ဦးလွင်ကိုလတ်ရဲ့ပြောစကားတွေထဲကနေ ထွက်လာပါတယ်။ ဒါဟာ လာမယ့်ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ အကြီးမားဆုံးအပြောင်းအလဲကို မြင်ရတော့မယ်ဆိုတဲ့ ရောင်နီပါပဲ။ နာမကျန်းဖြစ်နေတဲ့နိုင်ငံတော်အတွက် အရင်နှစ် ၆၀ တုန်းက ဘာတွေလုပ်ခဲ့ကြသလဲဆိုတဲ့ ဒဏ်ရာဒဏ်ချက်တွေကို နိုင်ငံရေးဆရာဝန်ကောင်းတွေကသာ စနစ်တကျကုစားပြီး နာလန်ပြန်ထူနိုင်စေမှာပါ။ ၂၀၁၉ ထဲမှာတော့ ပြည်သူနဲ့ပိုပြီး ထိရောက်တဲ့ပူးပေါင်းမှုတွေ လုပ်သွားဖို့NLD အစိုးရက ပြင်ဆင်နေတယ်လို့ဆိုသလို ၂၀၁၉ ထဲမှာပဲ ငြိမ်းချမ်းရေးကို သေချာအားစိုက်ထားကြောင်း သိသာတဲ့အပြောင်းအလဲတွေမြင်ရမယ်လို့ဆိုပါတယ်။ အထူးသဖြင့် ၂၀၂၀ မတိုင်မီမှာ အဖြူအမည်း သဲကွဲပြီး တိုင်းပြည်အတွက် ဘယ်သူတွေက တကယ်အလုပ်လုပ်နေသလဲဆိုတာကို မြင်ရမယ်လို့ဦးလွင်ကိုလတ်က အခိုင်အမာဆိုလိုက်တာပါ။ တိုင်းပြည်တိုးတက်ရေးအတွက် Hardware နဲ့Software ပိုင်းနှစ်ပိုင်းမှာ ဘယ်အပိုင်းက အဓိကကျလဲဆိုရင် နှစ်ပေါင်း ၆၀ ကျော်ယိုယွင်းပြီး အဟာရဓါတ်နဲ့ကျန်းမာရေးချို့တဲ့သွားသော မြန်မာနိုင်ငံအတွက် Software ပိုင်းပါပဲ။ NLD ဟာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အတွင်းပိုင်းက လှိုက်စားနေတဲ့ Software ပိုင်းကို တစ်ချက်ခြင်း ဖြည်ထုတ်ပြီး ရှင်းနေတယ်လို့ပဲ မီးမောင်းထိုးပြရတော့မှာပါ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူမဟုတ်ပေမယ့် ဦးဆောင်ခဲ့သူဖခင်ရဲ့အရိုက်အရာကို ဆက်ခံပြီး နိုင်ငံတည်ဆောက်ရေးကို မောင်းနှင်နေတယ်လို့ယူဆပါတယ်။ ဗိုလ်ချုပ်ဟာ တိုင်းပြည်လွတ်လပ်ရေးကို ထူထောင်ပေးခဲ့တယ်ဆိုပေမယ့် တည်ဆောက်ရေးကို ပါခွင့်မရခဲ့ရှာပါဘူး။ ဒါပေမဲ့ သူပေးခဲ့တာက မေတ္တာနဲ့ပြတ်သားတဲ့ခေါင်းဆောင်မှုအကြောင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်ကို စတင်တည်ဆောက်နေရပါပြီ။ မေတ္တာနဲ့ပါ။

( ဆောင်းပါးရှင်သည် ၂၀၁၈ ခုနှစ်ကတည်းက အခြားသောမီဒီယာများတွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး မှတ်တမ်းတစ်ခုအဖြစ် ထပ်ဆင့်ဖော်ပြပါသည်)

Related news

© 2021. All rights reserved.