တောင်ကြီးမြို့ရှိ သံမဏိစက်ရုံ (ပင်းပက်) ပြီးပါက တစ်နှစ်လျှင် သံစိမ်း တန်ချိန်နှစ်သိန်းထုတ်လုပ်မည်

1844

NP News - ဇွန် ၂၁
အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) တည်ဆောက်နေမှု ၉၈ ဒသမ ၆ ရာခိုင်နှုန်းပြီး စီးနေပြီဖြစ်၍ ကျန်ရှိနေသော လုပ်ငန်းများအမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သည် အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာနအောက်ရှိ အစိုးရလက်အောက်ခံစက်ရုံဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင်ရှိကြောင်းသိရသည်။ လုပ်ငန်းပြီးစီးပါက တစ်နှစ်လျှင် သံစိမ်း တန်ချိန် ၂ဝဝဝဝဝ ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ သံနှင့်သံမဏိဆိုင်ရာဆက်စပ်လုပ်ငန်းများဆောင်ရွက်နေသည့် စက်ရုံကြီး များ၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပင်းပက်တောင်တွင် သံရိုင်းသိုက်ရှိကြောင်း ၁၉၅၁ ခုတွင် စတင်တွေ့ရှိခဲ့သော် ပြည် တွင်းပြည်ပ လက်နက်ကိုင်လှုပ်ရှားမှုကြောင့် လုပ်ငန်းမစနိုင်ခဲ့ပေ။ ၁၉၆၁ ခုတွင်ပြန် စရန် ပြင်ဆင်ခဲ့သော်လည်း ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားစဉ် တခန်းရပ်သွားခဲ့ရကြောင်းသိရသည်။ ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့အမည်ခံ လက်နက်ကိုင်အဖွဲ့နှင့် အပစ်ရပ်ရန် သဘောတူမှုရပြီးသည့် ၁၉၉၁ ခုတွင် နောက်တစ်ကြိမ် ကြိုးစားခဲ့ရာ ၂ဝဝ၃ ခုတွင် သတ္တုတူးဖော်ရုံအတွက်သာလုပ်ဆောင်ခဲ့သော်လည်း ၂ဝဝ၅ ခုမှစ၍ ပတ်ဝန်းကျင်ရှိ ပင်ငို၊ မုဲင်းဟုဲင်၊ ပုံးစင်၊ နောင်ကာကယ်၊ ထီအုန်းစိမ်း၊ စူမုဲင့်ရွာများနှင့် တောင်ကြီးမြို့အစွန်းပိုင်းမှ မြေအချို့ကို သိမ်းကာ စက်ရုံတည်ခဲ့ကြောင်းသိရသည်။ အကျယ်အဝန်းအားဖြင့် ၅၁၄ဝ.၈၄ ဧက ရှိကြောင်းသိရသည်။
ပင်းပက်တောင်ကြော တခုလုံးအား သတ္တုရိုင်းတူးဖော်ထုတ်လုပ်မည့် စီမံကိန်းကြောင့် ထိုဒေသရှိ ပြည်သူ (၇) ထောင်ကျော်၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးရလိမ့်မည်ဟု ပအိုဝ်းလူငယ်အစည်းအရုံးက ပြောခဲ့ဖူးသည်။ ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်ကလည်း ပင်းပက်စက်ရုံ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းခဲ့ကာ ဧပြီလမတိုင်မီလုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ရန် ကော်မတီက ရည်မှန်းခဲ့ကြောင်း သိရသည်။
#NPNews