ကိုဗစ်ကူးစက်မှု တစ်ရက်တည်းစံချိန်တင်မြင့်တက်ခဲ့သဖြင့် နိုင်ငံတစ်ဝန်းကို တင်းကျပ်သောဥပဒေဖြင့် Lock Down ချရန် ဘင်္ဂလားဒေ့ရှ် ဆုံးဖြတ်ကြေညာ

 427

Htay Oung (NP News) - ဇွန် ၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှု သိသာစွာမြင့်တက်လာခြင်းကြောင့် နိုင်ငံတစ်ဝန်းလုံးအတွက် ကူးစက်မှု တားဆီးရေး Lock Down ပိတ်ဆို့ကန့်သတ်ခြင်းများကို လာမည့်တနင်္လာနေ့ (ဇွန် ၂၈) မှ စတင်ကာ (၇)ရက်ကြာ ပြဋ္ဌာန်းမည်ဖြစ်ကြောင်း Dhaka Tribune က ရေးသားဖော်ပြလိုက်သည်။

သတင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ သတိပေးချက်တွင် လော့ဒေါင်းကာလ၌ မည်သူမဆို အရေးပေါ်အခြေအနေမှတစ်ပါး နေအိမ်မှ ထွက်ခွာခွင့် မရှိကြောင်း၊ အရေးပေါ် ဝန်ဆောင်မှုများမှအပ အစိုးရနှင့် ပုဂ္ဂလိကရုံးများအားလုံးကို ပိတ်ထားလိမ့်မည်ဖြစ်ကြောင်း၊ အရေးပေါ်ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းတင်ဆောင်ခြင်းမှအပ သယ်ယူပို့ဆောင်ရေးယာဉ် အမျိုးမျိုးတို့ကို ဆိုင်းငံ့ထားလိမ့်မည်ဖြစ်ကြောင်း၊ အရေးပေါ်လူနာတင်ယာဉ်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မီဒီယာအတွက် အသုံးပြုသောယာဉ်များမှာ ပြဋ္ဌာန်းချက်တွင် အကြုံးဝင်ခြင်း မရှိကြောင်း အစိုးရအဖွဲ့၏ အသေးစိတ် သတင်းထုတ်ပြန်ချက်ကို ပြန်လည် ဖော်ပြထားသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ အမျိုးသားအကြံပေးအဖွဲ့က ကြာသပတေးနေ့ တွင် ထောက်ခံချက်ပေးပြီးနောက် ရုံးအဖွဲ့အစည်းအမျိုးမျိုးတို့ကို ၂-ပတ်ကြာ ဆက်လက်ပိတ်ထားမည့် အဆိုပါသတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည် ဆို၏။
ပြီးခဲ့သည့် သောကြာနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူ ၁၀၈ ဦး အထိ ရှိခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကူးစက်ကပ်ရောဂါကျရောက်သည့် ယမန်နှစ် နောက်ပိုင်း တစ်ရက်အတွင်း ဒုတိယအမြင့်ဆုံးဖြစ်သည်။ ၂၄-နာရီအတွင်း ကူးစက်ခံရသူ အရေအတွက်မှာလည်း (၅၈၆၉)ဦး ထပ်မံတိုးမြင့်၍ စုစုပေါင်း လူ(၉)သိန်းနီးပါး (၈၇၈,၀၄၄-ဦး) ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့်ရက်သတ္တပတ်တွင် ကူးစက်ခံရသူ ပမာဏမှာ စစ်ဆေးမှု၏ ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခု ၂၁ ဒသမ ၂၂ ရာခိုင်နှုန်းသို့ ခုန်တက်သွားကြောင်း တွေ့ရှိရသည်။ ယခုနှစ် မတ်လလယ်မှ စတင်၍ Covid-19 ရောဂါ ဖြစ်ပွားမှုမှာ စိုးရိမ်ဖွယ်နှုန်းထားဖြင့် ဆက်လက်မြင့်တက်ခဲ့သည့်အတွက် ဧပြီ (၅)ရက်နေ့တွင် နိုင်ငံတစ်ဝှန်းလုံး (၇)ရက်ကြာ ကူးစက်ရောဂါထိန်းချုပ်ရေး လော့ဒေါင်းတားဆီးပိတ်ဆို့မှုများကို ပြဋ္ဌာန်းခဲ့ရပြီး ဖြစ်သည်။
နောက်ပိုင်းတွင် လူထုလှုပ်ရှားမှုနှင့် စုရုံးမှုများအပေါ် ပိုမိုတင်းကျပ်သောကန့်သတ်ချက်များကို အကြိမ်ကြိမ် တိုးချဲ့ သတ်မှတ်ခဲ့ရာ ယခုနောက်ဆုံး ပြဋ္ဌာန်းချက်မှာ ဇူလိုင် ၁၅ ရက်နေ့အထိ တည်ရှိမည်ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ အာဏာပိုင်များအနေဖြင့် ကူးစက်မှုမြင့်မားသောဒေသများတွင် အများပြည်သူ စုဝေးလှုပ်ရှားမှုများအပေါ် ခရိုင်ချင်းအလိုက် ကန့်သတ်တားမြစ်ချက်များ ချမှတ်ထားသည်။
ဘင်္ဂလားဒေ့ရှ်တပ်မတော်နှင့် နယ်ခြားစောင့်တပ်များအတွင်း၌လည်း တင်းကြပ်သော လော့ဒေါင်းတားဆီးမှုများကို ကန့်သတ်ပြဋ္ဌာန်းထားသည်။ ရောဂါကူးစက်မှု အံ့သြဖွယ် မြင့်တက်လာခြင်းက ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်း ကပ်ရောဂါအလှည့်အပြောင်း ဖြစ်လာမည်ကို ကျွမ်းကျင်သူများက စိုးရိမ်လျှက်ရှိကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

နိုင်ငံတကာတွင် ပင်လယ်ဆိပ်ကမ်းမြို့များ၌ သာမာန်အခြေအနေ၌ဖြစ်စေ ကူးစက်ရောဂါတားဆီးရေးအတွက် Quarantine Anchorage ကျန်းမာရေးကျောက်ချစခန်းများ သတ်မှတ်ပေးထားမြဲ ဖြစ်ပါသည်။ ပြည်ပမှဖြစ်စေ ရောဂါကူးစက်မှု ကြေညာထားသော အခြားပြည်တွင်း ဆိပ်ကမ်းတစ်ခုခုမှ ဖြစ်စေ ဝင်ရောက်လာသမျှ မည်သည့် သင်္ဘောမဆို ၎င်းကျောက်ချစခန်း၌ ရပ်နားထားရမည်ဖြစ်သည်။ သက်ဆိုင်ရာ ကျန်းမာရေးအရာရှိများက တက်ရောက်စစ်ဆေး၍ ကင်းရှင်းမှသာ ကမ်းကပ်ခွင့်ရှိပြီး ၎င်းကျောက်ချစခန်း ဧရိယာတစ်ဝှိုက်သို့ ဒေသခံ မည်သည့်လှေသင်္ဘောမျှ ဝင်ရောက်/ဆိုက်ကပ်/ကျောက်ချခွင့် မပြုစေရန် တင်းကြပ်စွာ ပြဋ္ဌာန်းထားကြပါသည်။

Related news

© 2021. All rights reserved.