“ကိုဗစ်က NLD မို့လို့ မကူးဘူးတို့၊ တပ်မတော်က ဗိုလ်ချုပ်မို့လို့ မကူးဘူးလို့ ရှိတာမှ မဟုတ်တာ"

 1098

ဟိန်း (NP News) - ဇူလိုင် ၂

“ကိုဗစ်က အမျိုးသားရေး ရန်သူပဲ။ အမျိုးသားရေးရန်သူကို တိုက်ဖို့ကတော့ နိုင်ငံသားကောင်းတိုင်းမှာ တာဝန်ရှိ တယ်။ ကိုဗစ်က NLD မို့လို့ မကူးဘူးတို့ တပ်မတော်က ဗိုလ်ချုပ်မို့လို့ မကူးဘူး ဆိုပြီး ရှိတာမှ မဟုတ်တာ။ လူသားမှန်ရင် အကုန်လုံး ကိုဗစ်ဒဏ်ကို ခံရမှာပဲ” လို့ ဇာမဏီမြန်မာ အထွေထွေအတွင်းရေးမှူး ဦးသန့်ဇင်က ကိုဗစ်တတိယလှိုင်းနဲ့ပတ်သက်ပြီး အစိုးရဘက်ကလုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အပိုင်းတွေနဲ့ ပြည်သူတွေဘက်က လိုက်နာရမယ့် အချက်တွေကို အခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

မေး ။ ။ ကိုဗစ်တတိယလှိုင်းကတော့ ကမ္ဘာတစ်လွှားမှာလည်း စနေပြီ၊ မြန်မာနိုင်ငံမှာတော့ ကိုဗစ်တတိယ လှိုင်းနဲ့ပတ်သက်ရင် အရမ်းကိုသွေးအေးနေတာတွေ့ရတယ်။ ဆရာ့အနေနဲ့ဘယ်လိုမျိုးမှတ်ချက်ပေးချင်ပါသလဲ ခင်ဗျာ။

ဖြေ ။ ။ ကိုဗစ်တတိယလှိုင်းက ကျွန်တော်ကြားရသလောက် အနောက်ကလာတာပေါ့။ အိန္ဒိယမှာ ဆိုလည်း အရင်ဒုတိယလှိုင်းထက်ပိုပြီး ပိုးစိုးပက်စက်တွေ သေလာတာတွေ့ရတယ်။ ကူးစက်နှုန်းကလည်း နဂို ကိုဗစ် mutation ပုံစံ မဟုတ်တော့ဘဲ မြန်တယ်။ အသေအပျောက်နှုန်းကလည်း ရက်နည်းနည်းနဲ့ ကုသချိန်နဲ့ ပြန်လည် နလန်ထချိန်နဲ့တောင် မရှိတော့ဘဲနဲ့ on the spot သေတာ များလာတာတွေ့ရတယ်။ အခုဆို ကျောင်းတွေ လည်းဖွင့်နေတယ်။ အလုပ်တွေလည်း ပြန်ဆင်းနေကြတယ်။ စက်ရုံတွေလည်းဖွင့်နေတော့ တော်တော်လေးကို တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့အခြေအနေမှာ ရှိပါတယ်။ သွေးအေးနေတယ်ဆိုတာက ထေရဝါဒဗုဒ္ဓ ဘာသာဝင်တစ်ယောက်အနေနဲ့ပြောမယ်ဆိုရင် လူကြီးတွေပြောတဲ့စကားအတိုင်း ကပ်ဆိုက်နေတာပေါ့။ ပထမ ကပ်ကို ကျွန်တော်တို့ တစ်နှစ်လောက်ကြုံခဲ့ပြီးပြီ။ နောက်တစ်ခုက ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် သိသည် ဖြစ်စေ၊ မသိသည်ဖြစ်စေ လက်နက်နဲ့ သေကြေနေကြတယ်။ အဲဒီတော့ ကပ်နှစ်ခုကြား ရောက်နေတဲ့အခါကျ တော့ မထူးပါဘူးကွာ ကံကံ၏ အကျိုးပဲဆိုပြီး ကြိုတင်ပြင်ဆင်လို့လည်းမရတော့မယ့်အခြေအနေမှာရှိတော့ နောက်ပြီး စားဝတ်နေရေးကလည်း မပြေလည်ပြန်၊ အရင်လိုပဲ Lock- Down ချပြီးတော့ အစိုးရထောက်ပံ့တာ နှစ်ပတ်တန်သည်၊ တစ်ပတ်တန်သည် ရပြီး နေရတဲ့ပုံစံမျိုးလည်း မနေနိုင်။ အဲဒီလိုဖြစ်နေတော့ လူတွေက ကူရာ ကယ်ရာမဲ့ပေါ့။ နောက်ပြီးတော့ စဉ်းစားတွေးခေါ်ပြီး ဖောက်ထွက်နိုင်တဲ့အရည်အချင်းတွေ ကြိုတင်ပြင်ဆင်ရမှု လိုက်နာရမယ့်ကိစ္စတွေကိုလည်း စိတ်ပျက်လက်ပျက်နဲ့ ကျွန်တော်ထင်တယ် သိမ်ငယ်စိတ်တွေ ဝင်လာတယ်လို့ ထင်တယ်။

မေး ။ ။ အဲဒီတော့ ကျွန်တော်တို့က ကိုဗစ်နဲ့ပတ်သက်ရင် လူထုလိုက်နာရမယ့်အပိုင်း ရှိတယ်။ အစိုးရက ကြပ်မတ် ထိန်းကြောင်းပေးရမယ့် အပိုင်းရှိတယ်။ လူမှုကူညီရေးအဖွဲ့အစည်းတွေကနေ လုပ်ဆောင်ပေးတဲ့ အပိုင်းရှိတယ်။ နောက်ပြီး ဆရာဝန်တွေနဲ့ ဆေးရုံတွေဘက်က ပြင်ဆင်ရမယ့်အပိုင်းဆိုပြီး အပိုင်း (၄)ပိုင်းရှိ တယ်။ (၄) ပိုင်းမှာ လူထုအပိုင်းကတော့ ပြောရဆိုရသိပ်ခက်တဲ့အပိုင်းဆိုတော့ ထားပါတော့လေ။ အဲဒီတော့ အစိုးရအနေနဲ့ လုပ်ဆောင်ရမယ့်အပိုင်းနဲ့ပတ်သက်ပြီး လက်ရှိ စစ်ကောင်စီဘက်က ဘာတွေများလုပ် ဆောင် နေလဲ ဆိုတာ သိပါရစေ။ ကျွန်တော်တော့ မမြင်ရသလိုပဲ။

ဖြေ ။ ။ ကျွန်တော်ထင်တာက မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ တိုင်းအလိုက် အရင်အတိုင်းပါပဲ။ ကိုဗစ်ကော်မတီ တွေ ရှိပြီးသားပါ။ ဖွဲ့လည်းဖွဲ့ပြီးသားပါ။ အတွေ့အကြုံလည်း အားလုံးနီးပါး တစ်နှစ်ကျော်လောက် ရှိပြီးသားပါ။ အဲဒီလို ရှိပြီးသားလူတွေက ခုနကပြောတဲ့ နဂိုအင်အားစုတွေကို ပြန်လည်ဖိတ်ခေါ်ရမယ်၊ စုစည်းရမယ်၊ ဆက် သွယ်ရမယ်။ ပြီးတော့ ပုံမှန်လုပ်နေကြ သင်တန်းဆင်းပြီးသား လုပ်အားပေးကလေးတွေးကလည်း ရှိပြီးသားပါ။ အဲဒီနေရာမှာ ကျွန်တော်တွေ့နေရတာတော့ အစိုးရရဲ့ကြီးကြပ်ကွပ်ကဲမှုစနစ်က (၁) ရန်ပုံငွေကြောင့်လား၊ လုံလောက်တဲ့ပိုက်ဆံ မပေးနိုင်လို့လား အဲဒီလိုလည်း မဟုတ်ဘူးဗျ။ လုံလောက်တဲ့ပိုက်ဆံငွေကြေးလည်း အစိုးရ က ထောက်ပံ့နိုင်ပါတယ်။ (၂) ကတော့ လုပ်အားရှင်အပိုင်း၊ လုပ်အားရှင်အပိုင်းက ကလေးတွေကတော့ တော် တော်လေးကို တက်ကြွတယ်ဗျ၊ လူငယ်တွေက ဆန္ဒပြတဲ့နေရာမှာတက်ကြွသလိုပဲ ကိုဗစ်ကိုတိုက်ဖျက်တဲ့နေရာ မှာလည်း ကူညီကယ်ဆယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေက အရင်ကထက်တော့ အားလျော့မသွားပါဘူး ရှိပါ တယ်။ လုပ်လည်းလုပ်ချင်ကြပါတယ်။ ဒါပေမယ့် ခုနကပြောတဲ့ Leading Role လို့ခေါ်တဲ့ နိုင်ငံတော်အစိုးရ ဘက်ကနေပြီးတော့ ဦးဆောင်မှု၊ လမ်းညွှန်မှုပေးရမယ့်ကဏ္ဍတွေမှာ ဥပမာ- လူမှုဝန်ထမ်းဘေးကယ်ပြန်လည် ထူထောင်ရေးပိုင်းတွေ၊ ကျန်းမာရေးဝန်ကြီးဌာနအပိုင်းတွေ၊ ကျန်းမာရေးဝန်ကြီးဌာနဆိုရင် ကျွန်တော်တွေ့ရတာ ကျန်းမာရေးနဲ့အားကစား ဆိုပြီးရှိတာမှာ ပြီးခဲ့တဲ့နှစ်တစ်လျောက်လုံး အားကစားဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေ တာဝန်ပေးလား/ မပေးလား ကျွန်တော်တော့ မတွေ့ရဘူး။ အားကစားဘက်ကပြန်ကြည့်ရင် အားကစားကွင်း ကြီးတွေ အားကစားဘက်မှာတာဝန်ယူနေတဲ့ လေ့ကျင့်သားကျနေတဲ့ အရာရှိတွေ၊ ပြီးရင် Volunteers တွေကို ကူညီလို့ရတဲ့ လေ့ကျင့်ပေးလို့ရတဲ့ နေရာတွေ အားကစားကွင်းကြီးတွေ အများကြီးရှိတယ်ဗျ။ နောက်တစ်ချက်က မြို့နယ်နဲ့ခရိုင်ပိုင်းတွေမှာ သတင်းထုတ်ပြန်တဲ့အဖွဲ့တွေက သေချာမှန်မှန်ကန်ကန် တိုးတက်မှုအခြေအနေတွေ ကို ထုတ်ပြန်ဖို့လိုတယ်။ လှုံ့ဆော်တဲ့အပိုင်းမှာလည်း Facebook Group တွေ လူမှုကွန်ယက်တွေကို အများကြီး အသုံးချပြီး ပြောလို့ရတယ်။ ဒါနဲ့ပတ်သက်လို့ အားထုတ်ပေးမယ့်အဖွဲ့အစည်း သိပ်ပြီးရှိတာမတွေ့ရဘူး။ NGO ပိုင်းကတော့ ပြီးခဲ့တဲ့ကာလတစ်လျှောက်မှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီးတော့ တချို့တွေလည်း အရေးယူခံရတယ်။ တချို့တွေလည်း ရောရောင်ပါသွားတာတွေရှိတယ်။ တချို့တွေလည်းသိသိကြီးနဲ့ မလှုပ်ရှားတော့ဘူးဆိုတာတွေ ရှိတယ်။ အဲဒီလိုလူတွေကိုလည်း အစိုးရက မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းတွေဆိုရင် ပြန်စိစစ်၊ ပြန်ခေါ်ပြီးတော့ စနစ်တကျ လုံခြုံမှုဆိုင်ရေး ကဒ်ပြားတွေ၊ အထောက်အထားတွေ ထုတ်ပေးဖို့လိုတယ်ဗျ။ ကျန်းမာရေးကတော့ သိသိသာသာပဲ တတိယတန်းစားဖြစ်တဲ့ တကယ်လုပ်ရမယ့် အောက်ခြေက ကျန်းမာရေးတပ်သားတွေ လျော့နည်းသွားတာပေါ့၊ CDM ကြောင့်လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် နိုင်ငံတကာက အထောက်အပံ့ပေးနိုင်တဲ့ အဖွဲ့အစည်းတွေကလည်း ကမ်းလှမ်းထားတယ်ခင်ဗျ။ တပ်မတော်အစိုးရတက်လာပြီးတဲ့နောက်မှာဆိုရင် အများအားဖြင့် ပြောလေ့ရှိတဲ့စကားက နိုင်ငံခြားသား ကြောက်တဲ့ရောဂါပေါ့၊ အထူးသဖြင့် အဖြူကြောက်တဲ့ ရောဂါပေါ့။ ဒါကလည်း မဖြစ်သင့်ဘူးဗျ၊ အဓိပ္ပါယ်ကိုမဲ့တာ။ ဘယ်နိုင်ငံခြားသားမဆို အဖြူမှ မဟုတ်ဘူး၊ မကောင်းတာလုပ်တဲ့သူက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာမှာပဲ။ ကြာကြာလည်းဖုံးထားလို့ ရမှာမဟုတ်ဘူး။ ပြီးခဲတဲ့ကာလတွေမှာဆိုလည်း ဖော်ထုတ်သွားတာပဲ။ တကယ်ကူညီမယ့် နယ်စည်းမခြားလို ဆရာဝန်များအဖွဲ့ လို အဖွဲ့မျိုးတွေကျတော့ ကျွန်တော်တို့ တတိယပါတီဖြစ်တဲ့ လူမှုဝန်ထမ်းပရဟိတအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့ ကြီးကြပ်ပေးမယ်ဆို အများကြီးအလုပ်လုပ်လို့ရတာတွေ တွေ့ရပါတယ်။

မေး ။ ။ စစ်ကောင်စီအနေနဲ့ အခုထိ ကိုဗစ်စင်တာတွေကြီးကြီးမားမားပြင်ဆင်တာ မတွေ့ရဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့လက်ထက်တုန်းကတော့ ကိုဗစ်စင်တာကြီးတွေ ကြိုတင်ပြင်ဆင်တာမျိုး ရှိခဲ့တယ်။ ဒေသအလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် ညွှန်ကြားချက်တွေပေးပြီး သေချာစီစဉ်တာ တွေ့ရတယ်။ အခုက လုပ်တာမတွေ့ရသေးတာက နိုင်ငံရေးအယူအဆတွေကြောင့် မလုပ်တာလား။ လူတွေကိုက စိတ်မပါ တော့တာလား။ ဆရာ့အနေနဲ့ ဘယ်လိုမြင်မိလဲ။

ဖြေ ။ ။ အဲဒါလည်း ရှင်းရှင်းပြောရရင် အစိုးရဆိုတာ တပ်အစိုးရ တက်တက်၊ အရပ်သားအစိုးရ တက်တက်၊ လခမယူဘဲ လုပ်တဲ့သူ တစ်ယောက်မှမရှိဘူး။ ပြည်သူ့အခွန်ဘဏ္ဍာနဲ့ လစာအပြည့်ယူပြီး လုပ်တဲ့သူချည်းပဲ။ ကျွန်တော်ပြောချင်တာက အစိုးရဆိုတာ ပြည်သူ့နီတိလုပ်ငန်းကို လစာယူပြီးလုပ်တဲ့၊ လစာယူပြီး အကောင် အထည်ဖော်တဲ့၊ ဘတ်ဂျက်ပေါ်မှာထိုင်ပြီး အလုပ်လုပ်ရတဲ့လူတွေပါ။ အဲဒီတော့ အရင်ကာလ၊ အခုကာလမှာ အရင်တာဝန်ယူသွားတဲ့ အတွေ့အကြုံရှိပြီးသား လူတွေကိုပြ၊ နေရာနဲ့လုပ်ပိုင်ခွင့်ပေးလိုက်ရင် သူ့ဘာသူ အလို အလျောက်ပြီးသွားမှာ၊ မကြာခင် အင်းလျားစင်တာကြီးဖွင့်တော့မယ်လို့ကြားတယ်။ ဥပမာ- စစ်ကြောရေးနဲ့ တည်းခိုရေး စခန်းဆိုရင် အကြီးကြီးပဲ။ တပ်မတော်စစ်ဆေးက လာဖွင့်သွားတာ။ ဒီလိုမျိုးလည်း ပြန်ဖွင့်လို့ရ တယ်။ နောက်တစ်ချက်က ပြန်ကြားရေးပိုင်းပေါ့။ ကိုယ်လုပ်နေတာကို သူများသိအောင် ဆရာတို့လို မီဒီယာတွေ ကိုခေါ်ပြီး လုပ်ငန်းလုပ်နေရင်းနဲ့တပြိုင်တည်း မီဒီယာပါပူးတွဲပါဝင်ပြီးတော့ လုပ်ဆောင်လို့ရတယ်။ မြို့နယ်တိုင်း မှာလည်း ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကြီးဆိုလည်း အခိုင်အမာဖွဲ့ထားတာပဲ။ ဒီသတင်းထောက် တွေလည်း လာမေးလို့ရတာပဲ။ အရင်ကလည်းဒီလိုပဲ ကျွန်တော်တို့ကို မေးခဲ့တာပဲ။ ဥပမာပြောရရင် ရွှေပြည်သာ မှာ ကွာရန်တင်း စင်တာပြင်ဆင်တယ်။ အဲဒီပြင်ဆင်တဲ့ ဓာတ်ပုံတင်လိုက်တယ်။ ဒါကတော့ ကွာရန်တင်းစင်တာ ပြင်ဆင်တာဆိုပြီးတော့ ခေါင်းစဉ်လေးတပ်ပြီး တင်လိုက်ပါလား။ အဲဒီလို မဟုတ်ဘူး။ ပြည်သူလူထုက ကျီးလန့် စားစားနဲ့ ဝိရောဓိဖြစ်နေတဲ့အချိန်မှာ ဘာမှနားမလည်ဘဲ အပေါ်ယံသက်သက်သိတဲ့သူတွေက ဆေးရုံမှန်းမသိ၊ ကွာရန်တင်းစင်တာမှန်းမသိ၊ ဝေဖန်ပုတ်ခတ်တော့မှ ရှေ့ကလုပ်ပြီး နောက်ကလိုက်ဖြေရှင်းနေရတော့ အလုပ်ရှုပ် တာပေါ့၊ တတိယကနေ စတုတ္ထအထိဖြစ်သွားတယ် ဒီအကျိုးဆက်တွေက ဂျာနယ်လစ်ဇင်မှာရှိပါတယ်။ ဓာတ်ပုံတစ်ပုံရဲ့တန်ဖိုးကို ကောက်ချက်အမျိုးမျိုးဆွဲပြီးတော့ “ ပ ” ကို “ င ” ပြောလိုက် “ ဂ ” ပြောလိုက်၊ “ ၁ ” ပြောလိုက် ဖြစ်ကုန်ရော။ အခုက ၁ နဲ့ ပ နဲ့ ဂ နဲ့ င နဲ့ မကွဲဘူး ဖြစ်နေတယ်။

မေး ။ ။ ကျွန်တော်တို့ ကိုဗစ်တတိယလှိုင်းကို ဖြတ်ကျော်ဖို့ဆိုတဲ့နေရာမှာ ဆရာဝန်တွေရဲ့အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ အခုအချိန်မှာ ဆရာဝန်တွေ သုံးချိုးတစ်ချိုး ကလည်း မရှိတော့တဲ့သဘောမျိုး ဖြစ်နေတယ် ပေါ့၊ အဲဒီတော့ ဆရာဝန်တွေ မလုံမလောက်ဖြစ်နေတဲ့ပြဿနာကိုရော ဘယ်လိုဖြေရှင်းသင့်တယ်လို့ ထင်လဲ ။

ဖြေ ။ ။ ဆရာဝန်က ကျွန်တော်သိရသလောက်ကတော့ မြန်မာပြည်မှာရှိတဲ့ ရန်ကုန်၊ မန္တလေး၊ မကွေး ဆေးကျောင်း(၃) ကျောင်းကဆင်းတဲ့ဆရာဝန်က တစ်နှစ်ကို ထောင်နဲ့ချီပြီးဆင်းနေတာ။ အစိုးရဝန်ထမ်း အနေနဲ့ သာ ဖွဲ့စည်းပုံမရှိလို့ မခန့်နိုင်တာသာရှိရမယ်။ နောက်ပြီးတော့ ဆရာဝန်အယောက်(၁ဝဝ) ဘွဲ့ရရင် ၅၁ ယောက် လောက်ဘဲ အစိုးရဌာနကို တိုးပြီးတော့ ၄၉ ယောက်လောက်က အပြင်မှာလုပ်နေတယ်လို့ ကျွန်တော်ထင်တယ်။ မြန်မာပြည်မှာဆရာဝန်တွေက သူတို့နဲ့ကိုက်တဲ့ ထိုက်တန်တဲ့ရာထူး မရလို့။ ဥပမာ- လွှတ်တော်ကိုယ်စားလှယ် တွေပဲကြည့်လေ။ ဆရာဝန်တွေအများဆုံးပဲ၊ စာရေးဆရာထဲမှာလည်းရှိတယ်။ အဲဒီတော့ CDM လုပ်တာနဲ့ နှုတ် ထွက်တာကို ကွဲကွဲပြားပြား ကျွန်တော်ပြောချင်တယ်။ ကိုယ့်ကိုယ်ကိုပြတ်ပြတ်သားသား ကိုယ့်ရဲ့တတ်ကျွမ်းတဲ့ အသက်မွေးဝမ်းကြောင်းပညာကို တကယ်နားလည်တတ်ကျွမ်းတယ်ဆိုရင် ဆရာဝန်ဆိုတာ မရှိမဖြစ်တဲ့အထဲမှာ ပါတယ်ဗျ၊ တိုင်းပြည်တည်ဆောက်တဲ့အခါမှာ ကျန်းမာရေးဝန်ထမ်း ဆရာဝန်ဟာ အလိုချင်ဆုံး။ အဲဒီပုဂ္ဂိုလ်ဟာ မိမိလုပ်အားကို အစိုးရကိုရောင်းပြီးတော့ ရာထူးတစ်နေရာနဲ့ အစိုးရပေးတဲ့လခနဲ့ရိက္ခာကို မလိုချင်ရင် အစိုးရကို လမ်းခွဲလိုက်ပေါ့၊ ဘာလို့သတ္တိရှိရှိ လမ်းမခွဲတာလဲ။ အစိုးရနဲ့အမျှင်တန်းပြီးတော့ အစိုးရကပေးတဲ့တာဝန်ကို မဆောင်ရွက် မပြုစုဘဲနေတာက မပြတ်သားဘူးလို့ ကျွန်တော်ထင်တယ်။ အစိုးရနဲ့ပြတ်ပြတ်သားသား လမ်းခွဲ လိုက်။ ခတ်တင်းတင်းပဲ ထွက်စာတင်လိုက်။ အခုကျန်းမာရေးဝန်ကြီး ဆရာကြီးဒေါက်တာမြင့်ထွေး လုပ်သွား တယ်။ သူတို့ကို ဖယ်ရှားတယ်၊ မပတ်သက်တော့ဘူး။ ဆရာဝန်က လိုင်စင်ရှိတာပဲ သူ့ဟာသူအပြင်မှာ ဆေးကု လို့ရတယ်လေ။ နောက်တစ်ခုက ဆရာဝန်တွေလိုက်နာကျင့်သုံးရမယ့် ဘွဲ့မယူခင်သစ္စာဆိုရတဲ့ အဓိကအချက် တွေရှိတယ်။ တိုင်းပြည်၊ လူမျိုးနဲ့ လူသားတွေပေါ် ကျရောက်လာတဲ့အန္တရာယ်ကို ဆေးဘက်ပညာသည် တစ်ယောက်အနေနနဲ့ မဖြစ်မနေကူညီစောင့်ရှောက်ပေးဖို့။ ဒါကိုလည်း ဆေးလောက က ဒီပုဂ္ဂိုလ်တွေကို စစ်ကောင်စီက ကာကွယ်ရေးဦးစီးချုပ်ကအစ နားလည်ပေးဖို့လိုလေ့မယ်။ ရာဇဝတ်မှု မဟုတ်ဘူးဆိုရင် ဒါတွေ ကို ဖြေလျော့ပေးရမယ်။ ကျန်းမာရေးလောကနဲ့ ကျောင်းဆရာ/ဆရာမလောက ဆိုတာက အခုချက်ချင်း မွေးထုတ်လို့ရတဲ့အရာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာပြုစုပျိုးထောင်လာရတာ။ မြန်မာပြည်မှာ လူဦးရေ ၅၄ သန်း သာရှိတာ သူနာပြု (၁) သန်းမရှိဘူး။ သိန်းဂဏန်းပဲ ရှိတယ်။ အဲဒီတော့ ကျွန်တော်ဖြစ်စေချင်တာက အားလုံးကို General အန်နက်စတီ ပေးလိုက်။ စစ်အာဏာသိမ်းပြီးဖြစ်လာတဲ့ ရှုပ်ထွေးမှုတွေအားလုံးမှာ ဥပမာ- လူသတ်မှု၊ သစ္စာဖောက်ဖျက် ပုန်ကန်မှုလိုဟာမျိုး၊ ဓါးပြတိုက်တယ်၊ သူပုန်ထတယ် ဒါတွေထားလိုက်ဗျာ။ ကျန်တာ တွေ ကတော့ တနွယ်ဝင်တံစင်ပါ၊ အခုဆိုရင် ဟိုတစ်နေ့က သမဝါယမတက္ကသိုလ်က ဆရာ/ဆရာမတွေ ၇၂ ယောက် လောက် မော်ကွန်းထိန်းအပါအဝင် Remove Order ထွက်တယ်လို့ ကျွန်တော်ကြားတယ်။ ဒါက တာဝန်ရှိတဲ့ လူက ခါ်ပြီးတော့ မောင်နှမစိတ်နဲ့ မိသားစုစိတ်နဲ့ အောက်ခြေမှာ တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းလို့ရတဲ့ကိစ္စတွေပဲ။ ဒါတွေကို ဖြေရှင်းပေးဖို့လည်း လိုတယ်။ ဒါမှလည်း ဒီဝန်ထမ်းတွေက လိပ်ပြာသန့်သန့်နဲ့ မူလပြည်သူလူထုကို ထမ်းဆောင်ဖို့လိုတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ကြေညာစာတန်းမှာပါတဲ့ ရသင့်ရထိုက်တဲ့ အမှန်တရား တွေကို ပေးရမှာဖြစ်ပါတယ်။

မေး ။ ။ ဆရာဝန်တွေ CDM လုပ်တာက သာမာန်အခြေအနေမှာ ပြသာနာမရှိပေမယ့် အခု ကိုဗစ်လိုမျိုးမှာတော့ ပြဿနာရှိနိုင်တယ်လေ။ အဲဒီအပေါ်မှာရော ဆရာ့အနေနဲ့ ဘာများပြောချင်လဲ။

ဖြေ ။ ။ ကိုဗစ်က အမျိုးသားရေးရန်သူပဲ၊ အမျိုးသားရေး ရန်သူကိုတိုက်ဖို့ကတော့ နိုင်ငံသားကောင်းတိုင်းမှာ တာဝန်ရှိတယ်။ ကိုဗစ်က NLD မို့လို့မကူးဘူး၊ တပ်မတော်က ဗိုလ်ချုပ်မို့လို့ မကူးဘူး ဆိုပြီး ရှိတာမှမဟုတ်တာ။ လူသားမှန်ရင် အကုန်လုံး ကိုဗစ်ဒဏ်ကို ခံရမှာပဲ။ ကိုဗစ်က ပေးတဲ့နောက်ဆက်တွဲ Social Problem တွေလည်း ခံရမှာပဲ။ ဒီလိုနေရာမျိုးမှာတော့ ကျွန်တော်တို့က ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ သီးခြား ဘေးထိုင်ပြီးတော့ လက်ပိုက်ကြည့်နေလို့ မကောင်းဘူး။ အိုင်းစတိုင်း ပြောသလို ကမ္ဘာကြီးက မကောင်းတာလုပ် တဲ့ သူတွေကြောင့် အနှောက်အယှက်ဖြစ်မယ်။ ဒါပေမယ့် ပျက်စီးသွားမလားဆိုတော့ မပျက်စီးဘူး။ အဲဒီ မကောင်းတာလုပ်တဲ့သူတွေ မကောင်းတာလုပ်တာကို လက်ပိုက်ထိုင်ကြည့်နေရင်တော့ ပျက်မှာပဲ။ ကိုဗစ်ကို လည်း ကျွန်တော်တို့လက်ပိုက်ထိုင်ကြည့်နေလို့ မရဘူး။ အထူးသဖြင့် အာဆီယံမှ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် တို့ကိုကြည့် ဘယ်လောက်စည်းလုံးညီညွတ်စွာနဲ့ ကိုဗစ်ကိုတိုက်သွားလဲ။ အဲဒီလိုပဲ ကျွန်တော်တို့ လည်း ဒီမှာ State Volunteer Core ဆိုပြီးတော့ အရင်အစိုးရတုန်းက ဖွဲ့ဖို့လုပ်တယ်။ အဲဒါ ဝိုင်းအော်ကြတယ်။ ညီညီညာညာနဲ့ စနစ်တကျလုပ်ပြီးလေ့ကျင့်မယ်။ နိုင်ငံတော်က ပျိုးထောင်ပေးဖို့အစီအစဉ်တွေရှိတယ်။ အဲဒါကို နားမထောင်ခဲ့ကြတာ။

မေး ။ ။ ကိုဗစ်နဲ့ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီးဆို ပြန်ဖွင့်ပြီကြားတယ်။ မြောက်ဥက္ကလာဆေးရုံကြီးလည်း ပြန်ဖွင့်တယ်ကြားပါတယ်။ တချို့ဆေးရုံတွေပြန်ဖွင့်ကြတာတွေ့ရတယ် ဒါပေမယ့် ဆရာဝန်အင်အား အပြည့် အဝနဲ့ မောင်းနှင်တာတော့ မတွေ့ရသေးဘူး။ ဒီကိစ္စကို ဘယ်လိုအဖြေရှာမလဲဆိုတာ ဆရာ့အနေနဲ့ အကြံပေးလို ပါတယ်။

ဖြေ ။ ။ ဆေးရုံတစ်ရုံမှာတော့ အတွင်းလူနာပေါ့၊ ဆေးစစ်ပြီးကုရမှာက Medical Department နဲ့ Surgical Department နှစ်ဖွဲ့ရှိတယ်။ အထူးသဖြင့် ကိုဗစ်ကာလနဲ့အလွန်မှာ အခုဖြစ်သွားတဲ့ ပြည်သူလူထုနဲ့ထိပ်တိုက် တွေ့တဲ့ကိစ္စတော်တော်များများက လက်နက်ဘေးပေါ့၊ ရန်ကုန်မြို့ကြီးကလည်း နဂိုတည်းကရှိတယ်။ မတော်တဆမှုက တစ်နေ့ကို ရာကျော်ထွက်တယ်။ ဒါမျိုးတွေအတွက် ဆေးရုံတွေရဲ့အဓိကအင်ဂျင်က ခွဲစိတ်ခ န်း။ အဲဒီခွဲစိတ်ခန်းမှာ သမားတော်ကြီးအဆင့်တွေက CDM မလုပ်ဘဲရှိပေမယ့် ဖွဲ့စည်းပုံအရ ဒီသမားတော်ကြီး တွေကိုကူညီမယ့် ICU Care Nursing တွေက လိုကို လိုတယ်၊ သူတို့တွေကို အပြစ်လွတ်တယ်ဆိုရင် ပြန်လာဖို့ အတွက် စည်းရုံးရမှာ။ အခုလက်ရှိ စစ်အစိုးရတက်လာပြီး ၅ လ အတွင်းမှာ တပ်မတော်ရဲ့တစ်သက်လုံး ဦးထိပ်ပန်ဆင်ပြီးလုပ်လာတဲ့ ပြည်သူကြားမှာ နာမည်ရလာတဲ့ တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်း တိုက် ဆိုတဲ့ စကားလုံးက အစအန ရှာမရအောင်ပျောက်သွားတယ်၊ တပ်မတော်မှာ ပြည်သူ့ဆက်ဆံရေးတပ်တွေလည်းရှိ တယ်၊ မီဒီယာအနေနဲ့ မြဝတီလည်း ရှိတယ်။ အဲဒီတော့ သတင်းပြန်ကြားရေးကို တခုပ်တခ လုပ်သလို၊ စည်းရုံး ရေးကိုလည်း လုပ်သင့်တယ်။ ဒါကြောင့်မို့လို့ ကိုဗစ်ကို တိုက်တဲ့အခါမှာ တိုက်ရင်း စည်းရုံး၊ စည်းရုံး ရင်းတိုက် လုပ်သင့်သလို၊ စည်းရုံးရေးလုပ်တဲ့ အဖွဲ့တွေကလည်း အမှန်ဖြစ်အောင်လုပ်ဖို့ သင့်တယ်။ ကိုဗစ်ဆိုတဲ့ အမျိုးသားရေးရန်သူကိုကာကွယ်ဖို့အတွက် တကယ်တတ်စွမ်းတဲ့နေရာက ကျွန်တော်တို့ ပရဟိတအဖွဲ့တွေ အများကြီးလုပ်နေပါတယ်။ ဒါပေမယ့် သူတို့မှာလည်း ကျီးလန့်စားစားနေရသလိုဖြစ်နေပါတယ်။ ဥပမာ- Ambulance လောကမှာ ကားတစ်စီး အပြည့်အစုံဝယ်မယ်ဆိုရင် သိန်း (၇ဝဝ) လောက်တန်တယ်။ အခု ကျွန်တော်တို့မှာ မီးကြိုးမောင်းပြတ်နဲ့သွားနေရတာ၊ မော်တော်ကားလေးက Without ၊ ပြီးရင် အောက်ဆီဂျင် ဗူးလေး ဝယ်လိုက်၊ ထမ်းစင်လေး ဝယ်လိုက်နဲ့စုထားရတဲ့ ပရဟိတအသင်းတွေကို ပြည်ထဲရေးဝန်ကြီးဌာနက အဲဒီအသင်းမှာရှိတဲ့သူတွေရဲ့နောက်ကြောင်းကို သတင်းတပ်ဖွဲ့က စနစ်တကျလိုက်ပြီးတော့မှ ဖွဲ့စည်းခွင့်ပေး ထားတာ။ မှတ်ပုံတင်အသင်းတွေရှိရဲ့သားနဲ့ ဒါတွေကိုပစ်ပယ်ပြီတော့ ပြန်စိစစ်မယ်တို့ ဘာတို့ညာတို့ အပိုတွေ လျှောက်ပြောနေတာ။ မှတ်ပုံတင်ကိုင်ထားတဲ့ပြည်ထဲရေးဝန်ကြီးဌာနမှာ တရားဝင်ခန့်ထားတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကြီး တရားဝင်ရှိတာပဲ အစည်းအဝေးတွေခေါ်ပြီး သေချာစနစ်တကျပြန်လုပ်ရင် ကိုဗစ် အတွက်ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းက ဘာမှခက်တာမဟုတ်ဘူး။ နောက်ပြီး အဲဒီမှာလိုအပ်တဲ့စားနပ်ရိက္ခာ အတွက် အရင်အတိုင်းပံ့ပိုးပေးနိုင်တဲ့ဌာနတွေရှိနေတာပဲ စနစ်တကျသာလုပ်မယ်ဆိုရင် အများကြီးလုပ်ဖို့ကောင်း နေပြီ။ အချိန်နောက်ကျပြီးမှ ဝုန်းကနဲ့ဒိုင်းကနဲ့ထပြီးလုပ်လို့ မရတော့ဘူး။ ကြိုတင်ပြင်ဆင်ဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်သည်ပင်လျှင် အသက် ၆ဝ ကျော်ပြီ။ ဒါပေမယ့် တတ်နိုင်တဲ့ဘက်က Coordinator တစ်ယောက်အနေနဲ့ ညှိနှိုင်းပေါင်းစပ်တဲ့အလုပ်ကို အားလုံးအတွက်ကျွန်တော် လုပ်ပေးနေတယ်။

မေး ။ ။ အခု ပရဟိတ ယာဉ်တွေနဲ့ပတ်သက်ရင်လည်း ပြဿနာတွေရှိနေတာ တွေ့ရတယ်။ ပရဟိတ ယာဉ်တွေ ကလည်း လူတန်းစားမရွေး ကူညီဖို့ကြိုးစားပေမယ့် နှောက်ယှက်ခံရမှုပြဿနာတွေ အများကြီးရင်ဆိုင်နေရ တယ်။ အဲတော့ ပရဟိတ ယာဉ်တွေရဲ့ အခန်းကဏ္ဍအပေါ် အမြင်လေးလည်း သိချင်ပါတယ်။

ဖြေ ။ ။ ပရဟိတ ကားတွေနဲ့ပတ်သက်ရင် ပြည်ထဲရေးဝန်ကြီးဌာနက EMS လို့ ခေါ်တဲ့ Emergency Medical Service ကို ပြည်ထဲရေးမှတ်ပုံတင် အရပ်ဖက်အသင်းအဖွဲ့နဲ့ရောမွှေထားလို့ ရှုပ်နေတာ။ အမှန်က နိုင်ငံတကာမှာ Emergency Respond ပေးတဲ့ မက်ဒစ်က လိုင်စင်နဲ့သွားတာ။ ကားကလည်း လိုင်စင်နဲ့သွားတာ။ ဒါကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ လူကယ်ပြန်ဝန်ကြီးဌာနက စနစ်တကျကိုင်တွယ်ပြီးရပ်တည်ခွင့်ပေးမယ်ဆိုရင် အဆင်ပြေတယ်။ ထိုင်းနိုင်ငံမှာဆို Royal Volunteer Core ရှိတယ်။ ထိုင်းဘုရင်ကြီး တည်ထောင်သွားတာ။ မြန်မာမှာလည်း အရန်အဖွဲ့အနေနဲ့ State Volunteer Core ဖွဲ့ဖို့လုပ်သေးတာပဲ။ အဲဒီလိုလုပ်တာကို အခွင့်အရေးတွေပဲပြောနေတဲ့ NGO တွေက ပေါက်ကရလျောက်ပြောနေတာ။ တကယ်တမ်း ပရဟိတလုပ်တယ် ဆိုတာက အခြေခံဥပဒေအခန်း (၈) မှာပါတဲ့ နိုင်ငံသားများမူလအခွင့်အရေးနဲ့တာဝန်ကဏ္ဍမှာ တာဝန်ပိုင်းကို ဆောင်ရွက်တာ။ အခွင့်အရေးဆိုရင် မူလအခွင့်အရေး (၄၅) ချက်တောင်ပေးထားတာ၊ အဲဒီတာဝန်ပိုင်းကို ဆောက်ရွက်နေတဲ့အဖွဲ့တွေကိုတော့ ယခုတပ်မတော်အစိုးရတာဝန်ယူထားတဲ့အချိန်မှာ မှတ်ပုံတင်အရ စိစစ်ပြီး သားတွေကို အကာအကွယ်ပေးရမယ်၊ လုံခြုံမှုအဆင့်အတန်းတွေပေးရမယ်။ Do and Don’t တွေကို သတ်မှတ်ရမယ်။ ကားတွေမှာ တစ်စီးချင်းကို GPS တပ်မယ်ဆိုတဲ့အစီအစဉ်တောင် အခုထက်ထိ ဖြစ်မလာသေး ဘူး။ GPS တပ်လိုက်မယ်ဆို ထိန်းချုပ်လို့ရသွားပြီ အကုန်လုံးကို နောက် Radio System ပေါ့။ ဒါမျိုးတွေကို ဥပဒေကဲ့သို့ အာဏာတည်ရမယ့်အမိန့်မျိုး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပေးလို့ရတာပဲ။ ဧည့်စာရင်း ဥပဒေတောင် ပြန်အသက်သွင်းသေးတာပဲ။ ဒါမျိုးတွေလုပ်လို့ရတယ်။ ပရဟိတအသင်းတွေက ကုသိုလ်ကောင်း မှုလုပ်တယ်ဆိုပြီး ဒီအဖွဲ့တွေက ကုသိုလ်ကလွဲပြီး ဘာမှမရဘူးဆိုတဲ့စကားနဲ့စပြောတယ်၊ ကြားရတာတော့ ကောင်းတယ်။ ဒါပေမယ့် ပရဟိတလုပ်ရင်းနဲ့ (၁ဝ) ယောက်လောက်မှာ (၈) ယောက်သေသွားလို့ မဖြစ်ဘူးလေ။ ကျွန်တော်တို့ပရဟိတက ဘာမှမသိဘဲ ဝင်လုပ်တာမဟုတ်ဘူး။ ဆေးပညာကိုစနစ်တကျ သင်ရတယ်၊ အသက် ကယ်နည်းကို စနစ်တကျ သင်ရတယ်၊ စွန့်စားပြီး လုပ်ဆောင်ရတယ်။ အဲဒီတော့ ဒီပရဟိတအဖွဲ့တွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက စည်းရုံးဖို့လိုတယ်။ ဥပဒေနဲ့အညီရှိတဲ့ ကြက်ခြေနီအသင်းနဲ့သာ ပူးပေါင်းလိုက် မယ်ဆိုရင် ကြက်ခြေနီရဲ့အကာအကွယ်တခါတည်းရပြီးသားဖြစ်မယ်။ အဲဒီတော့ မသင့်မြတ်ကြတဲ့နှစ်ဖက်ကာလ မှာ အလယ်ခေါင်မှာနေပြီးတော့ ဆင်းရဲဒုက္ခ နည်းပါးသက်သာဖို့၊ လူနာတွေကိုကူညီစောင့်ရှောက်ဖို့လုပ်တဲ့ အဖွဲ့ အစည်းကိုထိပါးတာကတော့ နိုင်ငံကြီးသား မပီသဘူး။ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ခဲ့ရင်လည်း ဘယ်ဖက်က ပဲဖြစ်ဖြစ် နိုင်ငံတကာက လက်ခံတဲ့ Jenever Convection ကိုတော့ လိုက်နာဖို့သင့်တယ်။ ကြက်ခြေနီလုပ်ငန်းကိုလုပ်တဲ့ပရဟိတတွေကို လုံးဝထိခိုက်လို့မရဘူ။ အန္တရာယ်ပြုလို့လည်း မရဘူး။ ဒါဟာ အကြီးမားဆုံးလူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တယ်။

မေး ။ ။ ကိုဗစ်နဲ့ပတ်သက်ရင် ကာကွယ်ဆေးကိစ္စကလည်း ထည့်စဉ်းစားရမယ့်ကိစ္စဖြစ်တယ်။ ကာကွယ်ဆေး ကလည်း ကျွန်တော်တို့နိုင်ငံမှာ လုံလုံလောက်လောက်ထိုးနိုင်ဖို့ ခက်ပါတယ်။ ကိုယ်တိုင်လည်း မထုတ်နိုင်ဘူး။ ဝယ်တော့လည်း ပိုက်ဆံလုံလုံလောက်လောက်မရှိဘူး။ အလှူခံဖို့ကျတော့လည်း အဆင်မပြေဘူး၊ အဲတော့ ကာကွယ်ဆေးကိစ္စ ဘယ်လိုဖြေရှင်းပေးမလဲ သိပါရစေ။

ဖြေ ။ ။ ပထမလှိုင်နဲ့ ဒုတိယလှိုင်းတုန်းက လူတွေ မသိလိုက်တဲ့အချက်ကိုကျွန်တော်ပြောမယ်။ မိသားစုလိုက်ကို နှာခေါင်းအနံ့ပျောက်တယ်။ ဘယ်သူနဲ့မှ မတွေ့ထိဘူး။ သတ်မှတ်ထားတဲ့ရက်အတိုင်း နေလိုက်ကြတယ်။ ပြန်ကောင်းသွားတယ်။ ဘယ်အကာအကွယ်မှ မရဘဲနဲ့ ကျွန်တော်တို့ရဲ့ဗီဇဓာတ်ပေါ့။ မြန်မာတို့ရဲ့ဗီဇဓာတ်နဲ့ပဲ ကံ ကံ၏အကျိုးလည်း ပါတာပေါ့။ ကိုဗစ်ကို လွတ်သွားတဲ့မိသားစုတွေရှိတယ်။ ဒါပေမယ့် အက်စတာဇီနာကာ ဆေးလိုမျိုး တစ်ကြိမ်ထိုးပြီး ဘူစတာ ထပ်ထိုးထားတဲ့ ဆရာ။ ဟိုတစ်နေ့က ဆုံးသွားတဲ့ TTC က ဆရာဆိုရင် နှစ်ကြိမ်ဆေးထိုးပြီးပြီ။ ဒါပေမယ့် နောက်လာတဲ့ Mutation က ဘယ်လိုမျိုးလည်းဆိုတော့ ဗိုင်းရပ်အသွင်ပြောင်း လာတာ။ Delta လိုဟာမျိုးနဲ့တွေ့တဲ့အခါ ပထမဆေးထိုးပြီးသားလူက သေတယ်။ ကျန်တဲ့ဆရာတွေပါ ကူး ကုန်တယ်။ ဒါတွေကလည်း သေသေချာချာကိုဖော်ထုတ်ပြီးတော့ ပြောရမှာ၊ ပြောမယ့်သူ မရှိဘူး။ တာဝန်ရှိတဲ့သူ၊ ပြောနိုင်တဲ့ ပညာရှင်ကလည်း ဒါကိုထောက်ပြပြီး ပြောရမှာ။

မေး ။ ။ လှူဒါန်းတာနဲ့ပတ်သက်ရင်ရော ဘယ်နိုင်ငံက ကျွန်တော်တို့ကို အဓိကလှူဒါန်းလဲ။ ဘယ်နိုင်ငံက ဆေးတွေ က ကျွန်တော်တို့နဲ့ ပိုကိုက်လဲ၊

ဖြေ ။ ။ အဲဒါကတော့ ကျွန်တော်လည်း မပြောနိုင်ဘူး။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ ဆေးထိုးထားတဲ့လူက နှာခေါင်းစည်းမတပ်ဘဲ ၁ဝ ရက် အလုပ်ဆင်းနေတော့ ကူးပြီပေါ့၊ အခြေခံလိုက်နာရမယ့် အချက်လေးတွေကို တော့ မပျက်မကွက်လိုက်နာသင့်တာပေါ့၊ ကျွန်တော်တို့လူမျိုးက ခက်တာက စကားပုံနဲ့ပြောရရင် ချစ်လုံးလုံး၊ မုန်းလျားလျား ပေါ့၊ ချစ်ရင်တော့ လုံးလိုက်တာပဲ အမျိုးပါ တော်ပြစ်တာ။ လျားပြီဆိုရင်တော့ အဆန့်ပဲ။ အဲဒီလို အစွန်းရောက်တဲ့အတွေးအခေါ်နဲ့ထိခိုက်လွယ်တဲ့ စိတ်လည်းရှိတယ်။ ထိခိုက်လွယ်တဲ့စိတ်က ဒီလိုကပ်ဘေးနဲ့ တွေ့တဲ့အခါ သတိလွတ်တာပေါ့၊ ကျွန်တော်ဆို ခုငြိမ်ချမ်းရေးလုပ်နေပြီ။ ကိုယ်တောင် မငြိမ်းချမ်းဘဲ သူများကို ငြိမ်းချမ်းအောင်လုပ်လို့မရဘူး။ အဲဒီတော့ ခံစားတတ်တဲ့စိတ်ကိုတတ်နိုင်သမျှ လျော့ကျလာအောင်၊ ခံနိုင်ရည်ရှိ အောင်နဲ့ သည်းခံ၊ ခွင့်လွှတ်ခြင်းတရားနဲ့နေမယ်ဆိုရင် အဆင်ပြေလိမ့်မယ်၊ နောက်တစ်ခုက ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့အတွက် စိတ်ဖြေသိပ်စရာ တရားစခန်းတွေရှိပါတယ်။ ဒါကိုလည်း နှလုံးသွင်းဖို့လိုပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အစိုးရလက်ထက်မှာ ကိုဗစ်ဆေးတွေကို အိန္ဒိယကနေ ဝယ်တာရှိ တယ်၊ လှူတာလည်းရှိတယ်။ ဒါပေမယ့်ဆေးတွေကို လုံလုံလောက်လောက်ထိုးဖြစ်လိုက်သလား၊ မထိုးဖြစ် လိုက်သလားလည်း မသိရဘူး။ မရှင်းလင်းတာတွေ တွေ့ခဲ့ရတယ်။

ဖြေ ။ ။ အဲဒါလည်း ကျွန်တော်တို့ EMS အဖွဲ့တွေနဲ့ ပြီးခဲ့တဲ့အစိုးရကျန်းမာရေးဝန်ကြီးနဲ့ Zoom Meeting တစ်ကြိမ်လောက်လုပ်ဖူးတယ်။ အဲဒီတုန်းကလည်း ကျွန်တော်ပြောချင်တာက ပထမဦးဆုံးကျန်းမာရေးဝန်ကြီး ဆီကိုတင်တဲ့စာက Medical Facility Mapping ပေါ့။ Health Facility Mapping လို့ ခေါ်တာပေါ့၊ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုဆေးဝါးများကိုမြေပုံချထားတာပေါ့၊ ဒီ Store တွေက ဘယ်လောက်ရှိ တယ် ဘယ်လောက်ကုန်သွားတယ် ဘယ်လောက်တွေ သုံးပြီးသွားပြီဆိုတာကို တရားဝင်ထုတ်ပြန်ကြေညာ ပေးဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။ လက်ရှိဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။ လက်ရှိဝန်ကြီးဌာနက အောက်ခြေ မှာ ဘာလုပ်မယ်ဆိုတာ သိမှာပါ။ သတင်းတွေရှိပါတယ်။ ဥပမာပြောရရင် သန်လျင်သဘာဝရိပ်သာကြီးဆိုရင် အဘိုးအဘွား ၂ ထောင်ကျော်၊ ရန်ကုန်မှာဆိုရင် အကြီးဆုံးကန့်ကြီး၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကတော့ ရန်ကုန်မှာ အကြီးဆုံး မြို့လယ်ခေါင်ကန့်ကြီး ဆိုပြီးတော့ ပြီးခဲ့တဲ့ (၆) လ လောက်တုန်းက WFP က ဆန်တွေလာလှူသွား တယ်။ ရေစက်ချတဲ့လူကတော့ အရင်ဝန်ကြီးချုပ်လာပြီး‌ ရေစက်ချသွားတယ်။ အခုတဖြည်းဖြည်းနဲ့ ဆန်ပြတ်လာ ပြီ။ ကျွန်တော်တို့ လိုက်ချိတ်နေတယ်။ ဘယ်သူနဲ့ ဘယ်လိုစကားပြောရမှန်းတောင် မသိဘူး။ အဲဒီလို တွေ့ထိမှု တွေ အားနည်းတာပေါ့၊ လူသုတေသနအဖွဲ့အစည်းတွေပေါ်မှာ အခြေခံပြီးတော့ လူထုရဲ့အားကိုယူမယ့် အစိုးရ မှန်ရင် ဘယ်အစိုးရတက်တက် ကျွန်တော်တို့ ကြိုဆိုတယ်။ ပြည်သူကို အမှန်သိအောင်၊ ပြည်သူဆီကရတဲ့ သတင်းအချက်အလက်ကို အပေါ်ဆုံးထိ ရောက်အောင် ဆောင်ကြဉ်းပေးနိုင်မယ့်အလုပ်ကတော့ ဆရာတို့လို သတင်းမီဒီယာတွေပဲ ရှိမယ်လို့ ကျွန်တော်ထင်တယ်။

မေး ။ ။ လူကယ်ပြန်နဲ့ ကျန်းမာရေးနှစ်ဖွဲ့က ကိုဗစ်ကာကွယ်ရေးမှာ ဦးဆောင်နေတယ်လို့ ပြောလို့ရတယ်။ သူတို့တွေရဲ့ လက်ရှိလှုပ်ရှားမှုတွေအပေါ် ဆရာ့အနေနဲ့ အားရမှုရှိလား။

ဖြေ ။ ။ ကျွန်တော် သိပ်အားမရဘူးဗျ၊ ဒီဘက်ပိုင်း (၄)လမှာ တပ်ကိုပဲကြောက်နေတာလား၊ မူလလုပ်ရမယ့် လုပ်ငန်းတွေလုပ်ရင်းနဲ့ဘဲ ဆန့်ကျင်ဘက်အဖွဲ့အစည်းက တိုခိုက်ပြီးသတိပေးမှာကို ကြောက်နေတာလားဆိုတာ ကျွန်တော်လည်းမသိဘူး။ တကယ်တမ်းပြောရင်တော့ ဒီလူတွေမှာလုပ်ပိုင်ခွင့်အပြည့်ရှိပါတယ်။ လုပ်လည်း လုပ်ခဲ့ပါတယ်။ လုပ်နိုင်စွမ်းလည်း အပြည့်ရှိပါတယ်။ တွေ့ထိမှု အားနည်းတာတစ်ခုပဲ။ အခုဆို (၄) လကျော် (၅) လထဲ ရောက်ပြီ။ ကျောင်းတွေဖွင့်လို့ ကျောင်းဆရာမတွေ စာသင်နေပြီ။ ဆေးရုံတွေလည်း စပြီးတော့ ပြန်ဖွင့်နေ ပြီ။ ဒီအချိန်မှာ လူကယ်ပြန်မှာရှိတဲ့ ဘေးဒုက္ခကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးက စာရင်းတွေကောက်ပြီး လုပ်ကို လုပ်သင့်နေပြီ။

မေး ။ ။ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ စိုးရိမ်နေတာတွေကို နိုင်ငံရေးအခြေအနေနဲ့ နှိုင်းယှဉ်ပြီးတော့ ဘယ်လိုမြင်မိလဲ။

ဖြေ ။ ။ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ရင် လူဆိုတာ နိုင်ငံရေးသတ္တဝါပဲ။ ကျွန်တော်တို့ကိုယ်တိုင် နိုင်ငံရေးမှာ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပါနေတာပဲလေ။ တပ်က နိုင်ငံရေးဆိုတာကတော့ စစ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့စကားလို အကြမ်းဖက်နိုင်ငံရေးပဲဖြစ်လာမှာပဲ။ သူက ထိန်းသိမ်းရတဲ့အလုပ်ကို လုပ်တာလေ။ အဲဒီနိုင်ငံရေးနှစ်ခုကြားမှာ ကျွန်တော်တို့က ကိုယ်လိုချင်တဲ့ခရီးကိုရောက်ဖို့ဆိုတာက သိမ်မွေ့စွာနဲ့ ပေါင်းစပ်ညှိနှိုင်းတဲ့အလုပ်ကိုလုပ်ရမှာ တွေ့ထိမှုပေးရမယ်။ ကျွန်တော်တို့အသံတွေကို တရားဝင်နားထောင် ပေးရမယ်။ ပြီးရင် ဆုံးဖြတ်ပေးဖို့လိုမယ်။ ပရဟိတ ကားတွေနဲ့ပတ်သက်ရင်တော့ ဥပဒေနဲ့အညီပေါ့။ ဥပဒေက ပြဌာန်းပြီးသားပဲ။ ကူးစက်နှိမ်နှင်းရေးဥပဒေကြီးတစ်ခုလုံးရှိတယ်။ အထူးသဖြင့် တိုက်ခိုက်မှုတွေကြုံရတာက Lock Down Area တွေပဲဖြစ်ဖို့များတယ်။ Lock Down Area မှာ ဒီခံစားရတဲ့ဒုက္ခကိုကုတဲ့နေရာမှာ ဘက်မ လိုက်ဖို့တော့ လိုတာပေါ့၊ ဘက်လိုက်ရင် အရင်ဆုံး ခံရမှာက ကိုယ့်အမျိုးထဲက ကိုယ့်လူနာပဲ ဒုက္ခရောက်မှာ။ အခုကလည်း အရင်တုန်းကလို အောက်ဆီဂျင်ပေးပြီး သယ်သွားတာတောင်မှ ကြာကြာမခံဘူး၊ (၇၂) နာရီဆို သေတာ များတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ကိုဗစ်တတိယလှိုင်းနဲ့ပတ်သက်ပြီး လူထုက ပေါ့ပေါ့နေလာတာတွေ့ရတဲ့ အပေါ် ဘယ်လိုသတိပေးချင်လဲ။

ဖြေ ။ ။ သတိပေးချင်တဲ့စကားကတော့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းက အတွေ့အကြုံတွေကိုယူပြီးတော့ မပေါ့ ဆနဲ့ သာမာန်လူတိုင်းလုပ်နိုင်တဲ့ အသိလေးတွေလိုပါတယ်။ ဥပမာ- လာအို၊ ဗီယက်နမ်၊ က‌မ္ဘောဒီးယား ဆိုရင် ကိုဗစ်ကို အမျိုးသားရေးရန်သူလို့ကို ကြေညာတာ။ ကျွန်တော်တို့ဆီမှာအခုထိ တပ်မတော်အစိုးရသာ တက်လာ တယ်။ အဲဒါမျိုး အသုံနှုန်းမျိုး သုံးမလားလို့ကြည့်တယ် တစ်ခါမှမသုံးဘူး။ မမြင်ရတဲ့ ရန်သူကိုလည်း အခြေခံ ဥပဒေမှာ ထည့်မဆွဲထားဘူး။ အခြေခံဥပဒေမှာ အမြင့်ဆုံးဆွဲထားတာက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်ရင် ကာလုံ ခေါ်ရမယ် ဆိုတာသာရှိတာ ကိုဗစ်နဲ့တွေ့ရင် ကာလုံခေါ်ရမှန်းတောင် မသိဘူး။ အရင်အစိုးရကလည်း အဲဒီတော့ ကျွန်တော်ပြောချင်တာက နိုင်ငံတော်နဲ့ နိုင်ငံတော်ရဲ့စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီးမယ်။ နိုင်ငံသားတွေရဲ့ အသက်စည်းစိမ်အိုးအိမ်ကို ကာကွယ်မယ်ဆိုတဲ့တပ်မတော်ဟာ ဒီကိုဗစ်ကာလမှာတော့ တပ်ပုံစံနဲ့ ဖွဲ့စည်းပြီး တော့ ကာကွယ်ဖို့လိုတယ်။ အားလုံးကို ပါဝင်ခွင့်ပေးရမယ်။ ဥပဒေနဲ့အညီပြတ်ပြတ်သားသား အရေးယူရမယ်။ နှာခေါင်းစည်းက အစ၊ နှာခေါင်းစည်း စတက်ခါစကတော့ စစ်အုပ်ချုပ်ရေးနယ်မြေလောက်ဘဲ နာခေါင်းစည်း တပ်/ မတပ်ကို စစ်ကြတယ်။ အခုလျော့ရိလျော့ရဲ ပြန်ဖြစ်သွားပြီ။ အဲဒီတော့ ကျွန်တော်ပြောချင်တာက တပ်က တပ်နဲ့ တူအောင်လုပ်ပါ။ သင်္ကြန်အမြှောက်တော့ မပစ်ပါနဲ့လို့ ဒါပဲပြောချင်ပါတယ်။

အခုလို အချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
#NPNews

Related news

© 2021. All rights reserved.