စင်ကာပူတွင် ၂ဝ၂ဝပြည့်နှစ်သည် (၈)နှစ်အတွင်း မိမိကိုယ်ကိုသတ်သေဆုံးမှု အများဆုံးနှစ်ဖြစ်
515
ရောင်နီ (NP News) - ဇူလိုင် ၈
စင်ကာပူတွင် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်က COVID-19 ကူးစက်မှု ထိုးနှက်ချက်များ၊ အထီးကျန်ခြင်း၊ စိတ်ပိုင်းဆိုင် ရာ အားငယ်ခြင်း၊ စိတ်ဆင်းရဲခြင်းတို့ကြောင့် မိမိကိုယ်ကိုသတ်သေမှု ၄၅၂ မှု ရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ်နောက်ပိုင်းအမြင့်ဆုံး အရေအတွက် ဖြစ်လာခဲ့ကြောင်း သိရသည်။
ကြာသပတေးနေ့ (ဇူလိုင် ၈ ရက်) က Samaritans of Singapore (SOS) မှ ထုတ်ပြန်သည့် အချက်အလက်များအရ ပြီးခဲ့သည့်နှစ်က မိမိကိုယ်ကို သတ်သေဆုံးမှု အရေအတွက်သည် ၂ဝ၁၂ ခုနှစ်က အမှုအရေအတွက် ၄ဝဝ နှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားကာ ၁၃ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ တိုးပွားလာသည့် သေဆုံးမှုများ သည် အသက်အုပ်စုအားလုံးတွင်တွေ့ရှိခဲ့ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများ၏ သေဆုံးမှုနှုန်းသည် ၁၉၉၁ ခုနှစ်က နှုန်းထက် ပိုမိုများပြားနေကြောင်း သိရသည်။
၂ဝ၂ဝ ခုနှစ်က အသက် ၆ဝနှစ်အထက် သက်ကြီးရွယ်အို ၁၅၄ ဦးထိ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၉ ခုနှစ်ကထက် ၂၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်းသိရသည်။ အခြားအသက်အရွယ် အုပ်စုများဖြစ်သည့် အ သက် ၁ဝ နှစ်မှ ၂၉ နှစ်အရွယ် လူငယ်များနှင့် အသက် ၃ဝ မှ ၅၉ နှစ်ရှိလူကြီးများအကြား ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအရေအတွက်သည် ၂ဝ၁၉ ခုနှစ်က ထက် (၇) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းသိရသည်။
"COVID-19 ဟာနိုင်ငံရဲ့ စီးပွားရေး၊ လူနေမှုပုံစံနဲ့ စိတ်ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေခဲ့တယ်။ ပြည်သူ့ကျန်းမာရေး အကျပ်အတည်းကာလအတွင်း ကျွန်ုပ်တို့ရဲ့ သက်ကြီးရွယ်အိုများ ရင်ဆိုင်နေရပုံနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်မိပါတယ်" ဟု SOS ၏ အမှုဆောင်အရာရှိချုပ် Gasper Tan က ပြောကြားခဲ့သည်။
သက်ကြီးရွယ်အိုများသည် အဆိုပါကာလတွင် စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်း၊ မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဖြစ်လေ့ရှိ ကြောင်းသိရသည်။ အဆိုပါ ဖိစီးမှုဒဏ်ကို မခံနိုင်ကြသူများက ကိုယ့်ကိုယ်ကိုယ်သတ်ကာ သေဆုံးသည့် နည်းလမ်းကိုသာ လွတ်မြောက်ရာအဖြစ် ရွေး ချယ်တတ်ကြသည်။ ထို့ကြောင့် လူမှုရေးအရ အထီးကျန်နေသည့် သက်ကြီးရွယ်အိုများနှင့် ဆက်သွယ်နိုင်ရန် ဖြစ်နိုင်သမျှ နည်းလမ်းများစွာကို ရှာဖွေသင့်ကြောင်း စင်ကာပူ လူမှုသိပ္ပံ တက္ကသိုလ်မှ gerontology သင်ကြားပေးသည့်တွဲဖက်ပါမောက္ခ Helen Ko က ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံသည် တင်းကြပ်သည့် ဗိုင်းရပ်စ်ကန့်သတ်ချက် စည်းမျည်းစည်းကမ်းများချမှတ်ခြင်း၊ တင်းကြပ်သည့် လူမှုအကွာအဝေး အစီအမံများကြောင့် ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ ဆိုးဝါးမှု မရှိသေးပေ။ လက်ရှိတွင် စင်ကာပူနိုင်ငံ၏ ဗိုင်းရပ်စ်ကူးစက်လူနာသည် ၆၂၆၆၈ ဦးသာရှိကြောင်းသိရသည်။
#NPNews