အရှေ့တောင်အာရှ၌ ကိုဗစ်ကူးစက်မှု (၇)ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ရောဂါဖြစ်ပွားပုံအဆင့် အလွန်အန္တရာယ်များလာကြောင်း WHO သတိပေး

 565

Htay Oung (NP News) - ဇူလိုင် ၈
ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ကပ်ရောဂါတိုက်ဖျက်ရာတွင် လူ့အဖွဲ့အစည်းအချို၌ အောင်မြင်လျှက်ရှိသော်လည်း COVID-19 ရောဂါဖြစ်ပွားပုံ၏ လက်ရှိအဆင့်မှာ အလွန်အန္တရာယ်များလာနေကြောင်း၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရိုအက်ဒ်ဟာမွန်က သတိပေးလိုက်သည်။

COVID-19 ရောဂါဆိုင်ရာ ကူညီပံံ့ပိုးမှုကောင်စီ ACT အစည်းအဝေး၌ WHO အကြီးအကဲက ပြောဆိုရာတွင် လက်ရှိအခြေအနေ၌ တစ်ခုတည်းသောနည်းလမ်းမှာ တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးပစ္စည်းများ၊ စမ်းသပ်ခြင်းများ၊ ကုသမှုများနှင့် ကာကွယ်ဆေးများကို နိုင်ငံများအားလုံးသို့ ညီမျှစွာ ထောက်ပံ့ပေးရန်ဖြစ်ကြောင်း၊ ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ပစ္စည်းကိရိယာလုံလောက်သောနိုင်ငံများတွင် ကပ်ရောဂါနှင့်ဆက်နွယ်သည့် တားဆီးကန့်သတ်မှုများကို ဖြေလျှော့ပေးနေချိန်၌ ထိုသို့ မရရှိသည့်နိုင်ငံများတွင် ဆေးရုံတင်ကုသပေးရခြင်းနှင့် သေဆုံးမှုများကို ရင်ဆိုင်နေကြရကြောင်း ဆက်လက်ပြောဆိုသည်။ WHO ၏ ညွှန်ကြားရေးမှူးချုပ်သည် ကုလသမဂ္ဂဆိုင်ရာ စီးပွားရေးနှင့်လူမှုရေးကောင်စီ (ECOSOC) အဆင့်မြင့် နိုင်ငံရေးဖိုရမ်သို့ တက်ရောက်စဉ်ကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ အာရှနှင့် အာဖရိကတို့တွင် ကပ်ရောဂါဖြစ်ပွားမှု တရှိန်ထိုး မြင့်တက်လျှက်ရှိကြောင်း၊ အများပြည်သူအသုံးပြုရသည့် ပစ္စည်းကိရိယာများကို ရရှိရန်အတွက် ကုမ္ပဏီအနည်းငယ်အပေါ် မှီခိုနေရပြီး အကန့်အသတ်နှင့် ခက်ခဲလျှက်ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် နိုင်ငံ့အလယ်ပိုင်း ဝူဟန်မြို့၌ ယခင် မတွေ့ရှိခဲ့ဖူးသော အဆုတ်ရောင်ရောဂါကူးစက် ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း တရုတ်အာဏာပိုင်များက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံ အကြောင်းကြားခဲ့သည်။ ထို့နောက်ပိုင်း ကမ္ဘာအနှံ့အပြားတွင် ကူးစက်ပျံ့နှံ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ်သစ်ရောဂါကို Covid-19 ဟု WHO က အမည်ပေးခဲ့သည်။ ကပ်ရောဂါအသွင် ကူးစက်ဖြစ်ပွားပြီဖြစ်ကြောင်းကိုမူ ၂၀၂၀ မတ်လ ၁၁ ရက်နေ့၌ ကြေညာသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ COVID-19 ရောဂါကူးစက်မှုပေါင်း ၂ ဒသမ ၆၈ သန်းကျော်နှင့် သေဆုံးသူ ၅၄၀၀၀ ခန့်ရှိခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်နှင့် နှိုင်းယှဉ်လျှင် ရောဂါဖြစ်ပွားမှု ၃ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်။ သေဆုံးနှုန်းမှာ ၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး လွန်ခဲ့သည့် အောက်တိုဘာနောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှကျွမ်းကျင်သူများထံမှ သိရှိရသည်။ ယမန်နေ့ နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈၅ သန်း ကျော် (၁၈၅,၆၂၇,၆၀၃-ဦး) ရှိပြီး ၄ သန်းကျော် ( ၄,၀၁၂,၀၀၉ ဦး) သေဆုံးထားခဲ့ရကြောင်း Worldometer အရ သိရှိရသည်။

ရက်သတ္တပတ်အတွင်း လူသုံးသိန်းအထက် ကူးစက်ခံရသည့် နိုင်ငံများတွင် ဘရာဇီးလ်ပြီးလျှင် အိန္ဒိယဖြစ်သည်။ ကူးစက်ခံရသည့် ပမာဏမှာ တောင်နှင့်မြောက် အမေရိကတွင် ရာခိုင်နှုန်းကျဆင်းသော်လည်း ဥရောပအပါအဝင် ကမ္ဘာအရပ်ရပ်၌ တိုးမြင့်ခဲ့ရာ အရှေ့တောင်အာရှတွင် ၆၁၂၀၀၀ ဦးခန့်ဖြင့် ၇ ရာခိုင်နှုန်းကျော် မြင့်တက်လျှက် လူပေါင်း ၁၁၀၀၀ ကျော်သေဆုံးကြောင်း သက်ဆိုင်ရာ ဆရာဝန်များထံမှ သိရှိရသည်။

Related news

© 2021. All rights reserved.